
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာ၊ ကျွန်းရွာသစ်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။
၎င်းကီလိုမာလကာမျိုးအနေဖြင့် ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်များကို ပျိုးပင်ကြီး တစ်ပင်လျှင် (၂၀၀၀)ကျပ်၊ အသေးတစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ပေးဝယ်ရပြီး အစိုဓာတ် ကောင်းမွန်စွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား တန်းခြား ၈ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ ကီလိုမာလကာပင်စိုက်ပျိုးပြီး အသီးကင်းချိန်တွင် အားဆေး၊ ပိုးသတ်ဆေး (၂) ကြိမ်ဖျန်းပေးရပါကြောင်း၊ အသီးများ ပေးသီးအရွယ်အစားခန့် ရှိပါက စက္ကူ အကြည်အိတ်ဆွတ်ပေးရပါကြောင်း၊ အပင်ငယ်ချိန်တွင် တစ်လလျှင် ရေ(၂)ကြိမ်၊ ဆောင်းရာသီတွင် (၁) ကြိမ်၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက တစ်နှစ်သား အရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ကီလိုမာလကာ သီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင် ပျမ်းမျှအလုံးရေ ၁၀၀-၁၂၀ ခန့်ထွက်ရှိရာ တစ်ဧကအတွက် ပျမ်းမျှအလုံးရေ ၃၅၀၀၀ မှ ၄၀၀၀၀ လုံး ထွက်ရှိပါကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇွန်လ ဒုတိယပတ်တွင် ကီလိုမာလကာသီး လက်ကားဗြွန်ဈေး တစ်လုံးလျှင် ငွေကျပ် ၃၅၀-၃၈၀ နှုန်းဖြင့် ရောင်းချရပါကြောင်း၊ လက်လီဈေး တစ်လုံးလျှင် (၅၀၀- ၁၀၀၀)ကျပ်ထိ ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကီလိုမာလကာ တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ် ၇၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် စိုက်ခင်းသို့ ပွဲစားများမှ ဖောက်သည်လာယူခြင်း၊ မုံရွာသစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
