အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်အားအပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖွင့်အမှာစကား ပြောကြား

Powered by Drupal

       “အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်” အပြီးသတ်ဆွေးနွေးရေး အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ HILTON HOTEL ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နှင့် ပြည်ထောင်စု နယ်မြေ/ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ GIZ မှ Regional Economic Integration ၏ Head of Components ဖြစ်သူ  Dr. Astrid Faust နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့်တပြေးညီ လိုက်ပါဆောင်ရွက်နိုင်ရေး၊ တစ်နိုင်ငံလုံး ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ဦးစားပေး ဆောင်ရွက်ရမည့် နယ်ပယ်ကဏ္ဍများ ချမှတ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသား စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်ကို EU-GIZ (Trade Development Programme) အကူအညီဖြင့် ရေးဆွဲခဲ့ရာ မူကြမ်းအဆင့်ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည်  အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်(မူကြမ်း)အား အပြီးသတ်ရေးဆွဲရန်အတွက် GIZ မှ ကျွမ်းကျင်ပညာနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ် ကို EU- GIZ အကူအညီဖြင့် စတင်ရေးဆွဲခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ် ကျင်းပခဲ့ရာ ဦးစားပေးကဏ္ဍကြီး (၅) ရပ်ကို ဖော်ထုတ်နိုင်ခဲ့ ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအပြင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်းအရေးယူဆောင်ရွက်ခြင်း၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များကို အသိပညာပေးခြင်းများဆောင်ရွက်လျှက်ရှိသကဲ့သို့ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် ပူးပေါင်း၍ အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည် အမျိုးသားစားသုံးသူအကာအကွယ် ပေးရေးအစီအစဉ်အား အပြီးသတ်ရေးဆွဲနိုင်ရေး ကျင်းပခြင်းဖြစ်သောကြောင့် စားသုံးသူရေးရာဦးစီးဌာနက ပြုစုထားသော မူကြမ်းအား တက်ရောက်လာသူများက မိမိတို့၏ အတွေ့အကြုံဗဟုသုတများအပေါ် အခြေခံပြီး ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်အား အပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကို ၂၅.၂.၂၀၂၀ မှ ၂၆.၂.၂၀၂၀ ရက်နေ့ထိ GIZ အဖွဲ့အစည်း၏ ASEAN Protect Project ၏ အကူအညီဖြင့်ကျင်းပခဲ့ပြီး အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်(မူကြမ်း)ပါ မူဝါဒများနှင့် လုပ်ငန်းစဉ်များအပေါ် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။    

စားသုံးသူရေးရာဌာနခွဲ