
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလ မတိုင်မီ သီတင်းကျွတ် မီးပုံးများနှင့် ကလေးကစားစရာအရုပ်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။ လာရောက်ရောင်းချသော ဈေးသည်များသည် အခြားဝေးလံသောဒေသများမှမဟုတ်ဘဲ ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၁၀) နှင့် အမှတ် (၁၃)ရပ်ကွက်တို့မှ ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများမှ ကိုယ်တိုင်ပြုလုပ်ပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများသည် ဝါခေါင်လကတည်းကပင် မီးပုံးနှင့် အရုပ်ပုံစံအမျိုးမျိုးကို ကြိုတင်ပြင်ဆင်ပြုလုပ်ကြရန် မှန်ရောင်စက္ကူ၊ ဆီစိမ်အကြမ်းစက္ကူ၊ ဝါး၊ ဆေးနှင့် ချည်ကြိုးများဝယ်ယူပြီး ရောင်းတန်းဝင်သည်အထိ စိတ်ရှည်လက်ရှည် လနှင့်ချီ၍ ပုံဖော်ပြုလုပ်ကြပြီး တော်သလင်းလပြည့်ကျော်မှစတင်၍ သီတင်းကျွတ်လပြည့်ကျော် အထိ ခင်းကျင်းရောင်းချကြကြောင်း သိရသည်။
သီတင်းကျွတ်မီးပုံးများနှင့် ကလေးကစားစရာ အရုပ်များကို ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံ အရှေ့ဘက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်း တစ်လျှောက်နှင့် သီဟိုဠ်ရှင်ဘုရားကြီးရှေ့ တို့၌ အဓိကရောင်းချလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် ရိုးရာလက်လုပ် မီးပုံးသာမန်အရွယ်စား ဆိုလျှင် ကျပ်(၂၅၀၀ - ၃၀၀၀)၊ ကလေး ကစားစရာအရုပ်နှင့် မီးထွန်းလှည်းများမှာ ပုံစံအလိုက်ငွေကျပ် (၃၅၀၀-၇၀၀၀-၉၀၀၀)ထိ ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိသည်။ ရောင်းချသူများအနေဖြင့် ယခုနှစ်တွင် ဝါးနှင့်စက္ကူဈေးများ မြင့်တက်လာသောကြောင့် အကျိုးအမြတ် နည်းပါးသော်လည်း မိသားစု ဝင်များကိုယ်တိုင်လုပ်ကိုင်ပြီး ပြင်ပလုပ်အားခသက်သာ၍ အသားတင်အကျိုးအမြတ်မှာ တစ်ရက်လျှင် ငွေကျပ် (၄၀၀၀၀ -၅၀၀၀၀)ခန့်ကျန်ရှိကြောင်း၊ ဒေသခံများ၏ ရိုးရာမပျက် အားပေးမှုကြောင့် ပခုက္ကူဒေသထွက် သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များပိုမိုရောင်းချရကြောင်း သိရှိရပါသည်။
DOCA(မကွေး)
