မကွေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

Powered by Drupal

    ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် အမေရိကန်သမ္မတ John F.Kennedy က စားသုံးသူများ၏ အခွင့်အရေးကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည့် မတ်လ ၁၅ ရက်နေ့ကို အစွဲပြု၍ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ပေးရန် စားသုံးသူအခွင့်အရေး ရရှိရန်အတွက် လှုပ်ရှားဆောင်ရွက်သူ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့မှ Mr. Anwar Fazal က အဆိုပြုခဲ့ရာမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်ပေးသည့် ဆောင်ပုဒ်များဖြင့် နှစ်စဉ် မတ်လ (၁၅)ရက်နေ့တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၂၀၁၆ခုနှစ်တွင်  ပဋိဇီဝဆေး အန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး၊ ၂၀၁၇ ခုနှစ်တွင် စားသုံးသူအခွင့်အရေး ပြည်သူများသိရှိရေး၊ ၂၀၁၈ ခုနှစ်တွင် စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနိုးဆော်ဆောင်ရွက်ပေး၊ ၂၀၁၉ ခုနှစ်တွင်  စိတ်ချယုံကြည် ဒီဂျစ်တယ် ထုတ်ကုန်များဆီ၊ ၂၀၂၀ ပြည့်နှစ်တွင် စားသုံးသူအရေး စဉ်ဆက်မပြတ် ပူပေါင်းဆောင်ရွက်ပေး၊ ၂၀၂၁ ခုနှစ်တွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် ပူးပေါင်းကာကွယ်၊ ၂၀၂၂ ခုနှစ်တွင် ညီညွှတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ အစရှိသည့် ဆောင်ပုဒ်များဖြင့်  မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။

   ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ စာသုံးသူများအဖွဲ့မှ သတ်မှတ်ထုတ်ပြန်ပေးသည့် “ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့”  Empowering Consumers Through Clean Energy ဟူသောဆောင်ပုဒ်ဖြင့်  မကွေးမြို့ မြို့တော်ခန်းမတွင်   စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကျင်းပဆောင်ရွက်ရာတွင် အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပခဲ့ရာ ပထမပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က  အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာသူကမ္ဘာသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသော စား/ ဝတ်/ နေ/ ရေးဟူသည့် အရေးသုံးပါးနှင့် ပတ်သက်ပြီး စားသုံးသူများကို ကာကွယ်ပေးရန်၊ မျှတသည့် စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်၊ စီပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက် သည့် လုပ်ငန်းများကို အားပေးရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေများပြဌာန်းပြီး စားသုံးသူ ပြည်သူများကို  ကာကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေနှင့်အညီ စားသုံးသူအသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုများ အပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းစသည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိင်ငံဖြစ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေများ ပိုမိုအားကောင်းလာစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ACCP (ASEAN Committee on Consumer Protection) နှင့် စားသုံးသူကာကွယ်ရေးကော်မတီ အစည်းဝေးများကို တစ်နှစ်လျှင် (၂)ကြိမ်၊ အင်္ဂလိပ် အက္ခရာအစဉ်အလိုက် အာဆီယံနိုင်ငံများတွင် အလှည့်ကျကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၂၂ ခုနှစ်များတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါကြောင်း၊ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံစားသုံးသူ မဟာဗျူဟာလုပ်ငန်း စီမံချက်လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းကို ၂၀၂၂ခုနှစ်၊ မေလတွင် ကောက်ယူခဲ့ကြောင်း၊ စားသုံးသူစွမ်းဆောင် နိုင်မှုအညွှန်းကိန်းကို နည်းပါး၊ အသင့်အတင့်၊ မြင့်မား၊ ပြည့်ဝဟု ရမှတ်များအပေါ်မူတည်ကာ ခွဲခြားသတ်မှတ်ပြီး စစ်တမ်းမေးခွန်းလွှာများ ကောက်ယူခဲ့ပါကြောင်း၊ အဆိုပါစစ်တမ်းအရ မကွေးတိုင်းဒေသကြီးသည် စားသုံးသူ စွမ်းဆောင်ရည် အညွှန်းကိန်းမှာ ပြည့်ဝဖြစ်သော်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အရှိန်အဟုန်မပျက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ စားသုံးသူများ၏ လူမှုရေးမမျှတမှုများကို တိုက်ဖျက်နိုင်စေရန် စားသုံးသူအခွင့်အရေးနှင့် လိုအပ်ချက်များအကြောင်း ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးသည့်နေ့ကို အထိမ်းအမှတ်ပြုသည့်နေ့ဖြစ်သောကြောင့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းကျင်းပလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးမှာလည်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၆ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ်မှာတော့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လမ်းဆုံလမ်းမများ၌ ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်း၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များတွင် စတစ်ကာများကပ်ခြင်းအပြင် အထိမ်းအမှတ်အခမ်း အနားကျင်းပခြင်းတို့ကိုတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့မှာကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်က "စားသုံးသူကဏ္ဍြမှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့" ဆိုသည့်အတိုင်း သန့်ရှင်းစွမ်းအင်ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်ပြီး လေ၊ နေရောင်ခြည်၊ ဇီဝ၊ ရေအားလျှပ်စစ်စွမ်းအင်ဟူ၍ အမျိုးအစား(၄)မျိုးရှိကြောင်း၊ ဒီစွမ်းအင်များကို အသုံးပြုခြင်းဖြင့် ရေရှည်မှာ ကုန်ကျစရိတ်သက်သာစေသည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချနိုင်သည့်အတွက် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်စေသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို တားဆီးနိုင်ခြင်း၊ စွမ်းအင်လုံလောက်မှု စသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ကြောင်း၊ ယနေ့ကာလမှာ စီးပွားရေးလုပ်ငန်း အများစုသည် ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင်ပြဿနာကို ပိုမိုနက်ရှိုင်းစွာ ရင်ဆိုင်နေကြရပြီး စားသုံးသူများအပေါ် အကျိုးသက်ရောက်မှု ပိုမို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စားသုံးသူများအနေဖြင့် စားသုံးသူများ၏ အသိပညာဗဟုသုတ ကြွယ်ဝမြင့်မားလာသည်နှင့်အမျှ ရာသီဥတုနှင့်ဆက်စပ်နေသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်စေသည့် ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း၊ သန့်ရှင်းစွမ်းအင်ကို ပြောင်းလဲသုံးစွဲခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှပ်နှံမှုများကို တွန်းအားပေးနိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံ့စီးပွားရေး တိုးတက်မှုကို အကျိုးပြုစေမှာဖြစ်ကြောင်း၊ စားသုံးသူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် သန့်ရှင်းသောစွမ်းအင် နည်းပညာများကို သုံးစွဲရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှင့်ပတ်သက်၍ ဗွီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာမှ တိုင်းဒေသ ကြီးဦးစီးမှူးများမှ စုပေါင်းမှတ်တမ်း ဓါတ်ပုံများ အမှတ်တရ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ ခင်းကျင်းပြသထားသည့် ဗီနိုင်းပိုစတာများ၊ ကုန်အညွန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်း မရှိသည့် ကုန်စည်များ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုခဲ့ကြပါသည်။

   ဒုတိယပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က စားသုံးသူအခွင့်ရေးနှင့် တာဝန်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ဉာဏ်စမ်းမေးခွန်းလွှာများ ဝေငှကာ မေးခွန်းများကို ဖြေဆိုစေပြီး ရမှတ်အနည်းအများအပေါ် အခြေခံ၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆုများနှင့် နှစ်သိမ့်ဆု (၁၅)ဆုတို့ကို ဆုရရှိသူများအား ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀)တိတိတွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၃၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

   ထို့အပြင်   လူစည်ကားသော နေရာများ၊ လမ်းဆုံလမ်းမများတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မော်တော်ဆိုင်ကယ်နှင့် ကားများတွင် စတစ်ကာများ ကပ်ခြင်းစသည့် လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)