မြင်းခြံခရိုင်၏ မိုးထောပတ်ပဲစိုက်ပျိုးထွက်ရှိမှု

Powered by Drupal

    မြင်းခြံခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးထောပတ်ပဲစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း(၁၇၂၁၀) ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၅.၄၇)တင်းနှုန်း ရှိကြောင်း၊ မြို့နယ် အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၄၆)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၇၀၆၄) ဧက ရှိ၍ စိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် (၈)တင်းနှုန်းခန့်၊ နွားထိုးကြီးမြို့နယ်အနေဖြင့် တစ်ဧကလျှင်(၅.၄၅) တင်းနှုန်း ခန့်ထွက်ရှိသဖြင့် မြင်းခြံမြို့နယ်မှာ နွားထိုးကြီးမြို့နယ်ထက်ပိုမိုထွက်ရှိကြောင်း၊ မိုးထောပတ်ပဲစိုက်ပျိုးမှုမှာ ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိပါကြောင်း၊  ထောပတ်ပဲကို တစ်ချို့ဒေသများတွင် တိုင်ထောင်၍ စိုက်ပျိုးကြပြီး၊ အောက်တိုဘာတွင် စိုက်ပျိုးကြသည့် တောင်သူများမှာ တိုင်ထောင်၍ စိုက်ပျိုးရန်မလိုကြောင်း၊ ထောပတ်ပဲမှာ ထောပတ်ကြီး၊ ထောပတ်လတ်၊ ထောပတ်အသေးဟူ၍ အမျိုးအစား အနေဖြင့် (၃)မျိုးခွဲခြားထားကြောင်း သိရှိရပါသည်။

     ထောပတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဓိကစိုက်ပျိုးပြီး၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ ဆင်ဖြူကျွန်းနှင့် စလင်းဒေသများ၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်နှင့် နွားထိုးကြီး ဒေသများ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသ များတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင် သတိပြုရမည့် အချက်များအနေဖြင့်  သီးနှံများကို ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းတတ်မှုအပေါ် မူတည်ကြောင်း၊ ရိတ်သိမ်းချိန်လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့် ပတ်ဝန်းကျင် ရေဝင်ရောက်မှုမရှိစေရန်၊ သန့်ရှင်းမှု၊ သိုလှောင်ရုံဧရိယာ၊ သယ်ယူပို့ဆောင်ရေး ယာဉ်နှင့် ထုပ်ပိုးပစ္စည်းစသည်တို့ကို ဓာတုဆေးများဖြင့် ပက်ဖျန်းပေးရန် လိုအပ်ပါကြောင်း၊ ကြွက်အန္တရာယ်နှင့် သန့်ရှင်းရေးကိုထိခိုက်စေမည့် အခြားဇစ်မြစ်များကိုလည်း အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အသွေးမီစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အစိုဓာတ်ကိုလည်း (၁၃)ရာခိုင်နှုန်းမှ (၁၄)ရာခိုင်နှုန်းအထိ ဂရုပြုသိုလှောင်ရပြီး မှန်ကန်စွာစစ်ဆေး နေရန်လိုအပ်ပါကြောင်းနှင့် ပဲသီးနှံသည် အဓိကအားဖြင့် ရေငွေ့ပျံခြင်း၊ စိုထိုင်းဆများခြင်းတို့ကြောင့် ပျက်စီးလွယ်တတ်၍ ပတ်ဝန်းကျင်စိုထိုင်းဆ(၄၀)ရာခိုင်နှုန်းထက်မပိုအောင် ဂရုစိုက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် ပိုးကျရောက်မှုကင်းဝေးစေရန် ကျရောက်တတ်သောပိုးများနှင့် အသုံးပြုရမည့်ဆေးများကို စနစ်တကျအချိန်ကာလအလိုက် ကာကွယ်နှိမ်နင်းရန်နှင့် သိုလှောင်ရုံ ပိုးမွှားကာကွယ်မှုစနစ်မှာလည်း အထူးဂရုစိုက်ဖို့လိုအပ်ပါကြောင်း သိရှိရပါသည်။

    သိုလှောင်ရုံကြိုတင်ပြင်ဆင်ခြင်း၊ သီးနှံစစ်ဆေးခြင်း၊ ပိုးကျပါကပိုးသတ်မှိုင်းတိုက်ခြင်း၊ ပိုးပြန်လည်ကျရောက်ပါက တစ်ပတ်တစ်ကြိမ်စစ်ဆေးခြင်း၊ ပိုးသတ်ခြင်း၊ အပူချိန်တက်လျှင် အပုံလှန်ခြင်း၊ နေရာပြောင်းခြင်း၊ သုံးလတစ်ကြိမ်ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ တစ်ပတ်တစ်ကြိမ် ဆေးခိုးလွှတ်ခြင်း၊ ကြွက်နှိမ်နင်းရေး တစ်လတစ်ကြိမ်လုပ်ရန်နှင့် First in / First Out စနစ် ကျင့်သုံးရန် သီးနှံထုတ်ယူသည့်နေရာနှင့်အခင်းကို ပိုးသတ်ဆေးဖျန်းရန်လိုအပ်ကြောင်း သိရှိရပါသည်။

      ထောပတ်ပဲဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ် မှ (၁၆၂၅၀၀)ကျပ် အထိဈေးနှုန်းများရှိခဲ့ကြောင်း၊ ယခုအခါတွင် ဆောင်းထောပတ်ပဲ များ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ထောပတ်ပဲကို တောင်သူများအနေဖြင့် မိသားစု စားသုံးရန်အတွက် တစ်တင်း၊ နှစ်တင်းခန့် ချန်လှပ်ထားတတ်ကြောင်းနှင့် ထောပတ်ပဲကိုပြုတ်၍ လည်းကောင်း၊ ပဲကြမ်းကြော်ပြုလုပ်၍လည်းကောင်း၊ ပဲရေပွပြုလုပ်၍လည်းကောင်းစားသုံးကြကြောင်းနှင့် ပဲမှုန့်ပြုလုပ်၍လည်းအသုံးပြုပြီး ဟင်းလျာအဖြစ် အသုံးပြုမှုနည်းပါးကြောင်း သိရှိရပါသည်။ လက်ရှိကာလပေါက်ဈေးအနေဖြင့် ထောပတ်ပဲတစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ တစ်တင်း ဈေးနှုန်းမှာ (၈၄၃၇၅)ကျပ်ဝန်းကျင်နှင့် သုံးတင်းဝင်တစ်အိတ်လျှင်(၂၅၃၁၂၅)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)