ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် အသိပညာပေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူခရိုင်ဦးစီးမှူး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် (၁၅.၃.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး(၂၀၁၉)ဥပဒေပါ အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဆွေးခဲ့ရာ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များ စသည့်အခွင့်အရေးများရှိပါကြောင်း၊ CICC ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ပါကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Applicatiom နှင့် Consumer Call Center 1535 တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် (၁၉၈၃)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှစ၍ ကမ္ဘာတဝှမ်းကျင်းပခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့မှ သတ်မှတ်ပေးသည့် ဆောင်ပုဒ်ဖြင့် နိုင်ငံအသီးသီးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကျင်းပခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသည်လည်း ၂၀၁၆ ခုနှစ်မှ   ၂၀၂၃ခုနှစ်အထိ နှစ်အလိုက်သတ်မှတ်ထားသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်များဖြင့် ကျင်းပခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ကြောင်း၊ ၂၀၂၃ခုနှစ်အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ"စားသုံးသူကဏ္ဍ မြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့" Empowering Consumers Through Clean Energy Transitions ဖြစ်ကြောင်း၊ ဆောင်ပုဒ်အတိုင်း အလေ့အထများကို လိုက်ပါဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သန့်ရှင်းစွမ်းအင်ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်ပြီး လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ ဇီဝစွမ်းအင်နှင့် ရေအားလျှပ်စစ်ဟူ၍ အမျိုးအစား(၄)မျိုး ရှိပါကြောင်း၊ ၎င်းတို့ကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းခြင်းကိုလျော့ချနိုင်ခြင်း၊ စွမ်းအင်ကို ချွေတာနိုင်စေခြင်း၊ စွမ်းအင်လုံလောက်မှုကိုဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း၊ လူသားများ အသက်ရှင်ဖို့ စွမ်းအင်လိုအပ်ကြောင်း၊ စွမ်းအင်ကို အသုံးပြုရာတွင် ဆန်းစစ်ရမှာဖြစ်ပြီး ဉာဏ်ပညာရှိစွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ဆိုလာ၊ လေအားလျှပ်စစ်တို့ကို ပြောင်းလဲသုံးစွဲရန် လိုအပ်ကြောင်း၊ လျှပ်စစ်သုံးစွဲမှုကိုလည်း ချွေတာဖို့လိုအပ်ကြောင်း၊ လျှပ်စစ်မီးသီး/ ဖန်ချောင်းများအစား LED မီးများ ပြောင်းလဲသုံးစွဲရန်နှင့် သန့်ရှင်းသော စွမ်းအင်ကူးပြောင်းသုံးစွဲရေးတွင် စားသုံးသူများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် စားသုံးသူကဏ္ဍမြှင့်တက်လာမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူများရရှိမည့် အခွင့်အရေးနှင့်တာဝန်များအား အသေးစိတ်ဆွေးနွေးခဲ့ရာ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စစ်ဆေးရေးအရာရှိများ ခန့်အပ်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ သိရှိခွင့်၊ ပြေစာ အထောက်အထားများလည်း ရယူထားစေလိုကြောင်း စသည်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူးက တက်ရောက်လာသည့်ဝန်ထမ်းများ၏ မေးမြန်းလာမှုကို ပြန်လည်ဖြေကြားခဲ့၍ စားသုံးသူကာကွယ်ဥပဒေ(၂၀၁၉)ပါအချက်များအား ပြန်လည်မေးမြန်းရာ ဖြေဆိုနိုင်သည့်ဝန်ထမ်းများအား အမှတ်တရလက်ဆောင်နှင့် စားသုံးသူကာကွယ်ရေး(၂၀၁၉)ဥပဒေစာအုပ်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

တင်တင်မော်(ပခုက္ကူ)