ရွှေတောင်မြို့နယ်တွင် ရွှေပဲသီးများစိုက်ပျိုး၍ဝင်ငွေများရရှိ

Powered by Drupal

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ရွှေပဲသီးများ စိုက်ပျိုးထားရှိရာ (၁၅.၃.၂၀၂၃)နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေပဲသီး စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ရွှေပဲသီးကို လူအများစုက ကုန်းဘောင်ကြီးကြော်နှင့် အစိမ်းကြော်များကြော်ရာတွင် ထည့်၍အသုံးပြုကြပါသည်။ ရွှေပဲသီးဟာ အာဟာရဓါတ်များပြည့်ဝသလို ဗီတာမင်အေ၊ စီ၊ အမျှင်ဓါတ်နှင့် သံဓါတ်များအပြင် အခြားအာဟာရ ဓါတ်များစွာ ပါဝင်သောသီးနှံတစ်မျိုး ဖြစ်ပါသည်။

    ရွှေပဲသီးများစိုက်ပျိုးထားသော ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဒေါ်စမ်းစမ်းအေးနှင့် တွေ့ဆုံ၍ မေးမြန်းရာ ၎င်းက ရွှေပဲသီးသည် မိုးကြောက်သော သီးနှံဖြစ်သည့်အတွက် မိုးလွတ်သောရာသီဖြစ်သော တန်ဆောင်မုန်းလမှ စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးသည့်ဧကမှာ (၀.၂၅)ဧကဖြစ်ပြီး အပင်အရေအတွက်မှာ (၁၀၀၀) ခန့်ရှိကြောင်း၊ ရွှေပဲသီးကို နတ်တော်လနှင့် ပြာသိုလတွင် စတင်ထွက်ပေါ်လာပြီး ပဲသီးများကို ခူးဆွတ်ရာတွင် တစ်ရက်ခြားတစ်ခါခူးဆွတ်ရ၍ တစ်ခါခူးဆွတ်လျှင် (၅)ပိဿာခန့် ရရှိကြောင်း သိရှိရပါသည်။ ရွှေပဲသီး (၀.၂၅)ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၃)သောင်း (၄)သောင်းကျပ်ခန့် ကုန်ကျကြောင်း၊ ထွက်ရှိလာသော ရွှေပဲသီးများကို ရွှေတောင်မြို့ရှိ ကုန်စိမ်းဒိုင်များနှင့် ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချသလို ရန်ကုန်မြို့ရှိ ကုန်စိမ်း ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

  ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွှေပဲသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို အချို့မှာစီးပွားဖြစ်လည်းစိုက်ပျိုးကြသဖြင့် အရင်းအနှီးများနည်းပြီး ၊ ဈေးကွက်ကောင်းသဖြင့် ဝင်ငွေများလည်းတိုးပြီး တိုးချဲ့စိုက်ပျိုးပါက အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)