ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရွှေနန်းတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးထုတ်လုပ်သောတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆန်စပါးနယ်ပယ်တွင် စိုက်ပျိုးထုတ်လုပ်သောတောင်သူများသာမက စပါးဝယ်ယူသူပွဲစားများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပြည်ပတင်ပို့သည့်လုပ်ငန်းရှင်များအထိ အလွှာမျိုးစုံပါဝင်နေသဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါးကဏ္ဍတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့်အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လက်တွေ့တွင် အမှန်တကယ်အသုံးပြုနိုင်သည့် ဥပဒေ ကောင်းတစ်ရပ်ဖြစ်ရန်အတွက် အားလုံးက ကျယ်ကျယ်ပြန့်ပြန့်ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲပြုရခြင်းနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသည် နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)