HighLight News

Powered by Drupal

မကွေးတိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ရွက်မှုများ

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အကျိုး စီးပွားများကို ကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိသည့်အပြင် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်တို့၌ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ ဖွင့်လှစ်၍ တိုင်ကြားမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးခြင်း၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းစုံစမ်းနိုင်ရန်အတွက် Consumer Call Centerများဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင် ၂၀၁၅ခုနှစ်မှစ၍ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများကိုလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ ပုသိမ်မြို့ကြီးများတွင် ကျင်းပလျှက်ရှိရာ ယခု၂၀၂၂ ခုနှစ်တွင် Covid-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံတဝှမ်းလူစုလူဝေးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း တိုင်းဒေသကြီးပြည်နယ်အလိုက် အခြေအနေပေးမှုပေါ်မူတည်၍ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ခဲ့ကြပါသည်။

        ၂၀၂၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ကို ကမ္ဘာ့တဝှမ်းရှိ စားသုံးသူများက“ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ(Fair Digital Finance)ဟု သတ်မှတ်ထုတ်ပြန်ထားမှုအပေါ် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း (၁၅.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀) နာရီမှစ၍ မကွေးတိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးနေသည့် Agent ဆိုင်များသို့ စားသုံးသူများအား မျှတမှုရှိသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်စေရန်နှင့် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချမှုရှိစေရန်တို့အတွက် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်အသိပညာပေးမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ အသိပေးဆောင်ရွက်ရာတွင် စားသုံးသူများ၏ ဘဏ်အကောင့်အချက်အလက်များ၊  Debit/ Credit Card၊ ဘဏ်ကဒ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများ၏ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့်PIN တို့ကို မည်သူတစ်ဦး တစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ စားသုံးသူရေးရာဦးစီးဌာနသို့ ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုအများစုတွင် ငွေလွှဲသူမှ ငွေလက်ခံသူသို့ ငွေကြေးလွှဲပြောင်းပေးပြီးနောက် ငွေလက်ခံမည့်သူက ထုတ်ယူခြင်းမပြုမီ လိမ်လည်သူများက ထုတ်ယူခဲ့သည့်အတွက် နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာမှုများအား ဖြေရှင်းပေးခဲ့ရသည့်ဖြစ်စဉ်များရှိသည့်အတွက် စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ်(၆)လုံးကို ခန့်မှန်းရလွယ်ကူသည့် နံပါတ်များ အသုံးမပြုစေရေး အသိပေးတိုက်တွန်းပြောဆိုပေးပါရန်၊ ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်ဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့် PIN တို့ကို လိမ်လည်သူများက အသုံးချနိုင်သည့်အတွက် လူမှုကွန်ယက်များပေါ်တွင် အသိပေးတင်ပြခြင်းမပြုရန်၊ ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုသော ဘဏ်လုပ်ငန်း၊ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်အမှန်ခြစ် Blue Mark ရရှိထားသည့် Facebook Page တို့တွင်သာ မိမိသိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းရန်နှင့်၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့် ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကိုအသိပေးပြောကြား ခြင်းမပြုရန်စသည့် အချက်အလက်များအား လုပ်ငန်းရှင်များသို့ချပြဆွေးနွေးပြီး မိမိတို့အနေဖြင့် စားသုံးသူတစ်ဦးချင်း အသိပေးဆွေးနွေးရန် စိန်ခေါ်မှုများရှိသည့်အတွက် လုပ်ငန်းရှင်များမှ ငွေကြေး ဝန်ဆောင်မှုရယူမည့် စားသုံးသူပြည်သူများသို့ တဆင့်ပြန်လည်မျှဝေပေးနိုင်ရန်လာရောက် အသိပေး ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး  ဒေါ်အေးအေးမိုး ဦးဆောင်သော မကွေးခရိုင်အဖွဲ့နှင့် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင် ဦးဆောင်သောအဖွဲ့တို့ဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ မကွေးမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးနေသည့် Agent ဆိုင်များ၊ Shooping Mall များ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်ကြီးများသို့ အသိပညာပေးဆွေးနွေးခြင်း၊ ပို့စကဒ်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူ ခရိုင်များမှ ဝန်ထမ်းများကလည်း  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးခြင်းများ၊ ပို့စကဒ်များ၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

 

သာယာဝတီမြို့နယ်ရှိ စက်သုံးဆီ အ‌ရောင်းဆိုင်သို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၇.၃.၂၀၂၂)ရက်နေ့တွင် သာယာဝတီမြို့နယ်အတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ရတနာ စက်သုံးဆီဆိုင်နှင့် သုံးဆယ်မြို့ရှိ ရတနာစက်သုံးဆီဆိုင်များအား သွားရောက်၍ ရရှိထားသည့် ခွဲတမ်းဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိစေရေး အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝ မှန်ကန်မှုရှိစေရေးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဆီဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော စက်သုံးဆီနှင့် ပတ်သက်သောသတင်းအချက်အလက်များကို ပြည့်စုံ မှန်ကန်စွာဖြင့် စားသုံးသူပြည်သူများထံသို့  သတင်းဖြန့်ဝေဆောင်ရွက်သွားရန်၊ သတ်မှတ် အရည်အသွေး မပြည့်မီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်များနှင့် ရောနှော ရောင်းချခြင်း မပြုလုပ်ကြရန်၊ မိမိတို့ရောင်းချမည့် ကုန်စည်အား အထူးဈေးနှုန်းဖြင့် သတ်မှတ် အရေအတွက်အတိုင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ၊ ကျင့်ဝတ်စည်းကမ်းများ နှင့်အညီ ရာင်းချရန်နှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး အသိပညာပေး ပြောကြား စိစစ် ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

 စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)        

ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်မှ လာရောက်တွေ့ဆုံဆွေးနွေး

            စစ်တွေမြို့ရှိ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်(၂)ဦးမှ ၎င်းတို့ထုတ်လုပ်မည့် ကုန်ပစ္စည်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်လိုပါ၍ ၁၀-၃-၂၀၂၂ရက်နေ့ နေ့လည် (၂:၀၀)ခန့်အချိန်တွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံမေးမြန်းဆွေးနွေးလာခဲ့ပါသည်။

           လုပ်ငန်းရှင်များအား ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ  လက်ခံတွေ့ဆုံခဲ့ပြီး လုပ်ငန်းရှင်များ သိရှိလိုသည်များကို ဆွေးနွေးဖြေကြားခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များမှ မိမိသည် ယိုမျိုးစုံ နှင့် ငရုပ်ဆီကို ဒေသတွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်စီစဉ်ဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေနှင့်အညီထုတ်လုပ်ဖြန့်ဖြူးရောင်းချလိုသည့်အတွက် လာရောက်တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ပါကြောင်းနှင့် ထုတ်လုပ်မည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ညွှန်ကြားမှုခံယူလိုပါကြောင်း ပြောကြားခဲ့ပါသည်။

           ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများကိုအကာကွယ်ပေးနိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ပြဌါန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီးပါကြောင်း၊ ၎င်းဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်မည့် ကုန်ပစ္စည်းများတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ အခန်း(၁၈) ပုဒ်မ (၄၁) (၄၂) အရ ကုန်စည်များပေါ်တွင် ဖော်ပြရမည့် အချက်အလက်များကို ဖော်ပြရန်လိုအပ်ပြီး ပုဒ်မ (၄၃)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ပါကြောင်း၊ ညွန်ကြားချက်အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ကုန်စည်အုပ်စုအလိုက်၊ ကုန်စည်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားရှိပြီးဖြစ်၍ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် တားမြစ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊  ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်နှင်းအေးခိုင်မှ ကုန်စည်ပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး  ပြည်နယ်ဦးစီးမှူးရုံးသို့ တင်ပြလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

           အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စစ်ကိုင်းခရိုင်မှ ဦးဆောင်ကြီးကြပ်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၂)ကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ မတ်လ(၁၀)ရက်နေ့က သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

           စစ်ကိုင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး  ရှေ့ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးက  အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့်ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းကို တက်ရောက်ပြီး မုန့်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်မည်ဆိုပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်(၈)ချက်ကို အကျယ်တဝင့် Power Point ဆလိုက်များဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ သင်တန်းကာလမှာ မတ်လ(၁၀)ရက်နေ့မှ (၁၆)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပေါင်မုန့်၊ ကိတ်မုန့်နှင့် ကွတ်ကီး အစရှိသောမုန့်မျိုးစုံ(၁၅)မျိုးပြုလုပ်နည်း သင်ကြားပေးသွားမည်ဖြစ်၍ သင်တန်းသူ/သင်တန်းသား ၂၅ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

         ကယားပြည်နယ်တွင်နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု ကြောင့် ပြည်နယ်တွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာပြီး တရားမဝင်ကုန်ပစ္စည်းများအခွန်ပေးဆောင်မှု မရှိသည့်အတွက် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများမှာနည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်နှိုင်မှု အခက်အခဲများဖြစ်ပေါ်နေ ခြင်းကြောင့် ပြည်နယ်အတွင်းသို့တရားမဝင်ကုန်သွယ်မှုများ ဝင်ရောက်မှုကို စစ်ဆေး ကြီးကြပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရမှ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့”ကိုဖွဲ့စည်းပြီး လွိုင်ကော်မြို့၊ နွားလဝိုးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အလှည့် ကျစစ်ဆေးကြီးကြပ်နိုင်ရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကိုအဖွဲ့ခွဲ၍ တာဝန်ချထား လျက်ရှိပြီး ၎င်းအဖွဲ့များမှပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုများတွင် တရားမဝင် ကုန်ပစ္စည်းများဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ကာ တရားမဝင်ကုန်ပစ္စည်း များနှင့်စပ်လျဉ်း၍ ထူးခြားမှုများရှိပါက အချိန်နှင့်တပြေးညီ ပြည်နယ်တရားမဝင် တိုက်ဖျက်ရေးအထူးအဖွဲ့သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။

DOCA(ကယား)

မြိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေး

          မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ(၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့် လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

            ပူးပေါင်းအဖွဲ့တို့သည် သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် လုပ်ငန်းတာဝန်များပြောကြားခြင်း၊ ‌သောက်ရေသန့်စက်ရုံ အတွင်း၊ အပြင်ရှိ သန့်ရှင်းသန့်ရပ်စွာထားရှိရေး၊ လက်အိပ်၊ ခြေစွတ်၊ သန့်ရှင်းသောအင်္ကျီ အကာများဝတ်ဆင်၍ အလုပ်လုပ်ရန်၊ မက်စ်တတ်၍ အလုပ်လုပ်ရန် ၊ သောက်ရေသန့်ဗူးများ အား  စနစ်တကျထားသိုသိမ်းဆည်းရန်၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက် ရေသန့်ပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်းဖော်ပြရန်တို့ကို ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မိုညှင်းမြို့ရှိ ခေါက်ဆွဲစက်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးဌာနရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်း များသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ် ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် ၈.၃.၂၀၂၂ ရက်နေ့တွင် မိုညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒဂုံရှင်ခေါက်ဆွဲစက်လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)မှ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအပေါ် တာဝန်ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များ၊ တားမြစ်ချက်များ၊ တားမြစ်ချက်တစ်ရပ် ရပ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ကောင်းမွန်သောစီးပွားရေးလုပ်ငန်းကျင့်စဉ်၊ စည်းကမ်းချက်များနှင့် အညီတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

လပွတ္တာမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခြင်း

          လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများဆောင်ရွက်ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အလို့ငှါ ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့ရောင်းချသောကုန်စည်များပေါ်တွင် စားသုံးသူကာ ကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ စိစစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ စိစစ်တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါအရ အရေးယူဆောင်ရွက်မှုများ ပြစ်မှု။ ပြစ်ဒဏ်များများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အိမ်မဲမြို့နယ်၊ မုန့်မျိုးစုံဆိုင်များ ကွင်းဆင်းဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်အတူ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်သို့ (၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ နယ်မြေဈေးကွက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌  Nut  House  သီဟိုဠ်စေ့၊ ဘယ်ရီမုန့်ကျွတ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကို စစ်ဆေးခဲ့ရာပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင် ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင် မတ်ပဲဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၃.၂၀၂၂)နေ့နံနက် (၁၀:၃၀)အချိန်တွင် တပင်ရွှေထီးဆန်စပါးနှင့် ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် တပင်ရွှေထီး ဆန်စပါးနှင့်ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံမှတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းရာတွင် လက်ရှိမတ်ပဲတစ်တင်းကို (၄၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်မတ်ပဲတင်း(၁၀၀၀)ခန့် လာရောက်ရောင်းချလျှက်ရှိကြောင်း သိရှိရပြီး လာရောက်ရောင်းချသည့် ညောင်ပင်ဂရက်ကျေးရွာမှ ဦးသိန်းသန်းစိုးနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးရာ မိမိမိုးစပါးရိတ်သိမ်းပြီးချိန်တွင် မတ်ပဲများစိုက်ပျိုးခဲ့ပြီး သွင်းအားစုအနည်းငယ်သာ အသုံးပြု၍ တစ်ဧကလျှင် (၁၀)တင်းနှုန်းခန့်ထွက်ရှိပြီး ယခုဈေးနှင့် ရောင်းရသည့်အတွက် တွက်ခြေကိုက်မှုရှိကြောင်း ပြောကြားခဲ့ပါသည်။

         ထို့အပြင် စစ်ချောင်းကျေးရွာမှတောင်သူဒေါ်သန်းဌေးနှင့်တွေ့ဆုံရာ ညောင်ပင်ဂရက်ကျေးရွာသည် အနိမ့်ကွင်းဖြစ်ပြီး ကုန်းတန်းဖြစ်သော စစ်ချောင်း၊ နတ်စဉ်၊ ကျွဲဒုံး ကျေးရွာများတွင် တစ်ဧက လျှင်မတ်ပဲ(၁၈)တင်းခန့် ထွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

          တပင်ရွှေထီးဆန်စပါးနှင့် ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံအနေဖြင့် နေ့စဉ်ဝယ်ယူရရှိသော မတ်ပဲများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ရွှေပြည်သာစက်မှုဇုန်သို့ အဆက်မပြတ်ပေးပို့လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News