HighLight News

Powered by Drupal

စားသုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်သော  ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ “ရွှေတိုးအောင်”ဆီဆိုင်နှင့် ဈေးကုန်းရပ်ကွက်ရှိ “သစ္စာ”ဆီဆိုင် (၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က  ရွှေတိုးအောင်နှင့် သစ္စာဆီဆိုင်တို့မှ ပိုင်ရှင်များအား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သောစားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၂၆-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊  မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ဌာနဆိုင်ရာ ရုံးများ၊  ရပ်ကွက်၊ ကျေးရွာများ၊  တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးများမှုများဆောင်ရွက်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေ ၂၀၁၉ပါ အချက်အလက်များကိုသိရှိနိုင်စေရန် အသိပညာပေးခြင်း၊  စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ တွင်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်။ ၉ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း(၈၄)ခုပါဝင်ကြောင်း၊ ဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များကို သိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို Concumer Call Center (၁၅၃၅)သို့ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းခဲ့ပါကြောင်းတို့ကိုရှင်းလင်းဆွေးနွေးခဲ့ရာ ဝန်ထမ်း(၁၄)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စက်သုံးဆီနှင့် ဆန်စက်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၅-၄-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ ပဂိုးကုန်းကျေးရွာရှိ စက်သုံးဆီရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့် နည်းဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စက်သုံးဆီရောင်းချရာ၌ (LED ဘုတ်)တွင် ကြေညာထားသည့်ဈေးနှုန်းနှင့်ရောင်းချသည့်ဈေးနှုန်းများ ကွာခြားမှုမရှိစေရေး အလေးထား၍ကြီးကြပ်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ရှမ်း)

မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ ဈေးကားများဖြင့် စားအုန်းဆီများရောင်းချပေးနေမှုအား ကြပ်မတ်ဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်နှင့် ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “သင်္ဂဟ” ဆီရောင်းဝယ်ရေးအနေဖြင့် ကုမ္ပဏီများမှဖြန့်ဖြူးသည့်စားအုန်းဆီများအား မုံရွာမြို့၊ ပြည်ထောင်စုဈေးသို့  ဈေးကားဖြင့် ရောင်းချပေးနေမှုကို စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

    ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် မုံရွာခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များထံသို့ဖြန့်ဖြူးပေးသည့် စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ် ၂ % ထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များ၊ ဈေးများသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောအိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တိုကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း၊ လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် တန်းတူညီမျှရောင်းချစေရန် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၇-၄-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် နောင်နန်းရပ်ကွက်၊ လက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၂) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်နှင့် စီးပွားရေးလုပ်ငန်ရှင်၏တာဝန်များဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်‌ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းမှရှောင်ကြဉ်ခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၇-၄-၂၀၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးတွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)  ဖွင့်လှစ်ထားရှိမှုနှင့်တိုင်ကြားပုံနည်းလမ်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ စာသုံးသူပြည်သူ (၂၈) ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် (၂၆-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသောစားသုံးဆီအများစုကို တင်သွင်းရောင်းချလျက်ရှိရာ ဈေးနှုန်းများမှာ Goody စားသုံးဆီ၁ပိဿာလျှင် (၉၈၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ငွေလဝန်းစားသုံးဆီ၁ပိဿာလျှင် (၈၇၀၀) ကျပ်မှ (၉၂၀၀) ကျပ်ထိ၊ အေးသူဇာရောနှောဆီ (၉၀) ကျပ်သားတစ်ဘူးလျှင် (၈၇၀၀) ကျပ်၊ ၁ပိဿာလျှင် (၉၂၀၀) ကျပ်၊ မြေပဲဆီ၁ပိဿာလျှင် (၁၃၅၀၀ )ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၄၀၀၀) ကျပ်၊ Boss အမှတ်တံဆိပ်၊ တောင်ကြီးအမှတ်တံဆိပ်၊ Super အမှတ်တံဆိပ်တို့အား ချိန်ခွက်ဖြင့် ၁ပိဿာလျှင် (၇၁၀၀) ကျပ်မှ (၇၅၀၀)ကျပ်ထိရောင်းချလျက်ရှိပြီး   စားသုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်စားသုံးဆီများတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသောကုန်စည်၏အမျိုးအမည်အား မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကုန်စည်များ၏အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသောစားသုံးဆီများကိုသာ တင်သွင်းရောင်းချကြကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

           

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအားတွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များအပါအဝင် စက်မှုလက်မှုလုပ်ငန်းရှင် (၁၃) ဦးအား တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။ 

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနကဆောင်ရွက်ပေးနေရသည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စက်မှုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန် အရည်အသွေးမြင့်မားစွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း ရှင်းလင်းပြောကြားကာ ဆန်စပါးဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ သင့်လျော်သောအကြံဉာဏ်များလည်း ဆွေးနွေးနိုင်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သောအချက်အလက်များကို လိုအပ်သလို  ပူးပေါင်းကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအားလုံးဆောင်ရွက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပိုမိုခက်ခဲပါကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးသည် ချိတ်ဆက်ပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်မှုနည်းပါးပါကြောင်း၊ ပြည်နယ်၏စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များနှင့် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(ကယား)

“လယ်ယာထွက်ကုန်သီးနှံဆိုင်ရာ တွက်ချက်မှုအခြေခံအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေး

    (၂၇-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “လယ်ယာထွက်ကုန်သီးနှံဆိုင်ရာတွက်ချက်မှုအခြေခံအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည် နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးမြင့်စိုးက လယ်ယာထွက်ကုန်သီးနှံဆိုင်ရာတွက်ချက်မှုအခြေခံအကြောင်း ဆွေးနွေးရာတွင် တင်းမှ ပိဿာတွက်နည်း၊တင်းမှ ပြည်တွက်နည်း၊ ပေါင်မှ ပိဿာတွက်နည်း၊ ပေါင်မှ တန်တွက်နည်း၊ ပိဿာမှ တန်တွက်နည်း၊ စားသုံးပိုလျှံတွက်နည်း၊ မျိုးတစ်ဧက၏ကုန်ကျစရိတ်တွက်နည်း၊  သီးနှံအထွက်နှုန်း၏အလေအလွင့်များတွက်နည်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ခြင်း၊ တက်ရောက်လာသည့်ဝန်ထမ်းများနှင့်   အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြခြင်းတို့ဆောင်ရွက်ကာ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားပြီး ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေပါကြောင်း သိရှိရပါသည်။

DOCA(ကယား)

ထားဝယ်မြို့၊ သပြေချောင်းစျေးရှိ စားသောက်ကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     (၂၇-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ သပြေချောင်းစျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

  အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန်တို့အတွက် စစ်ဆေးကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News