HighLight News

Powered by Drupal

စားသုံးဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအစည်းအဝေးကျင်းပ

         ပြည်သူများနေ့စဉ်သုံးစွဲလျက်ရှိသော စားသုံးဆီများ ဈေးကွက်ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကစားမှုမရှိစေရေးရည်ရွယ်၍ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီအစည်းအဝေးအား ၁၇.၉.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် Virtual meeting ဖြင့် ကျင်းပခဲ့ရာ စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီ ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားပါသည်။ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူပြည်သူများအား ကျမ်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သင့်တင်မျှတသော ဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲ နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ရောင်းချသူများအနေဖြင့်လည်း သင့်လျော်သော အမြတ်အစွန်းရရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ရာ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကစားမှုမရှိစေရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက သင့်တင့်သည့်ဈေးနှုန်းဖြင့် စားသုံးဆီများတင်သွင်းဖြန့်ဖြူးနိုင်ရေးအတွက် သင့်လျှော်မည့် အစီအမံများနှင့်ပတ်သက်၍ အသီးသီးအကြံပြု၊တင်ပြ၊ဆွေးနွေးခဲ့ကြပါသည်။

         အစည်းအဝေးသို့ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး တင်ပို့မည့် ကုမ္ပဏီများ၏ ဆန်စက်နှင့်သိုလှောင်ရုံများ စိစစ်ရွေးချယ်နိုင်ရန်အတွက် Technical Working Group အစည်းအဝေးကျင်းပ

         တရုတ်နိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး တင်ပို့မည့် ကုမ္ပဏီများ၏ ဆန်စက်နှင့်သိုလှောင်ရုံများ ရွေးချယ်နိုင်ရန်အတွက် Technical Working Group အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီတွင် Virtual meeting ဖြင့်ကျင်းပပြုလုပ်ရာ Technical Working Group အဖွဲ့ ခေါင်းဆောင်ဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး က အဖွင့်အမှာစကား ပြောကြားရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ The General Administration of Quality Supervision, Inspection and Quarantine (AQSIQ) (ယခု the General Administration of Customs of the People's Republic of China- GACC)တို့အကြား မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆန်ကွဲပါတင်ပို့နိုင်ရေးအတွက် ပြန်လည်ပြင်ဆင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ သို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် အဆိုပြုမည့် ကုမ္ပဏီများ၏ ပြုပြင်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို စာချုပ်ပါအချက်များနှင့်အညီစစ်ဆေးရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့အကြား သဘောတူညီချက် ကို ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယခင်နှစ်က စစ်ဆေးတွေ့ရှိချက်စာရင်းများကို သီးနှံကာကွယ်ရေး ဌာနခွဲ၏ TBT Format အတွင်း Registered Number များဖြင့် ထည့်သွင်းပေးထားပါကြောင်း၊ ကုမ္ပဏီများ၏ ဆန်စက်များ အနေဖြင့် စစ်ဆေးမှုခံယူနေစဉ်အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်းသာမက အမြဲလိုက်နာကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Exporter များအနေဖြင့် နိုင်ငံတကာသို့ မြန်မာဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ဆန်စက် အဆင့်အတန်းနှင့် ဆန်၏ အရည်အသွေး ပိုင်းပြည့်မီရန် လိုအပ်သည့်အပြင် Hygiene ပိုင်းကိုလည်း မဖြစ်မနေလိုက်နာရန် လိုအပ်သည့်အတွက် အထူးအလေးပေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ယခုနှစ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူခဲ့ရာ MRF(စီမံခန့်ခွဲရေး ကော်မတီ)မှ သတ်မှတ်ချက် နှင့်အညီ ကုမ္ပဏီ ၇၇ ခု၊ ဆန်စက် ၁၀၄ စက်တို့အား ကနဦး စိစစ်ရွေးချယ်ပြီး ၎င်းတို့အား SPS Protocol နှင့် အညီ စစ်ဆေး ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ဆန်စက်များ၏ အဆင့်အတန်းသတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ MITS မှ ကုန်ကြမ်းနှင့်ကုန်ချောသိုလှောင်ရုံများနှင့် လုပ်သားများကျန်းမာရေးနှင့် တကိုယ်ရည်သန့်ရှင်းရေး (Hygiene) ပိုင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က အဆိုပြုထားသော ကုမ္ပဏီများ ၏ ဆန်စက်နှင့်သိုလှောင်ရုံများအား စစ်ဆေးပြီးစီးမှုနှင့် စစ်ဆေးတွေ့ရှိရမှုအခြေအနေများ၊ အစည်းအဝေးတွင် ဆုံးဖြတ်ပေးရန် အချက်များဖြစ်သည့် SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကုမ္ပဏီများ၊ ဆန်စက်များနှင့် သိုလှောင်ရုံများ အား မှတ်တမ်းတင်ထားရှိရေးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ အမှာစာဖြင့်ပြုစုတင်ပြနိုင်ရေး၊ ပထမအကြိမ်စစ်ဆေး ရာတွင် noncompliance ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ပြန်လည်စစ်ဆေးမှုခံယူခြင်းမရှိသည့် ကုမ္ပဏီနှင့်ဆန်စက်တို့အား မှတ်တမ်းတင်ထားရှိနိုင်ရေး၊ စစ်ဆေးချက်မှတ်တမ်း(မူရင်း)များအား စိုက်ပျိုးရေးဦးစီးဌာနသို့ပေးပို့နိုင်ရေး၊ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရန် အမှာစာဖြင့် ပြုစုတင်ပြနိုင်ရေး ကိစ္စများကို ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ Technical Working Group အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နံနက် ၁၁:၃၀ နာရီတွင် အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက် လုပ်ငန်းရှင်များတွေ့ဆုံပွဲ အစည်းအဝေးကျင်းပ

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးလည်ပတ်စီးဆင်းမှု အဆင်ပြေစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို (၈.၉.၂၀၂၁) ရက်နေ့ နေ့လည် ၂ : ၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ၊ မြန်မာ့စီးပွားရေးဘဏ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းများမှ တာဝန်ရှိသူများ (၁၁)ဦး ၊ဆန်စက်လုပ်ငန်းရှင် (၁၁)ဦး ၊ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စပါးထွက်ရှိမှုအခြေအနေ ၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဆန်စက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန် ငွေကြေး စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေး အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ၎င်းတို့ ဌာနမှ လုပ်ဆောင်ပေးရသည့် စီးပွားရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် ၊ တိုင်းဒေသကြီးဦးစီးမှူးက မြန်မာ့စီးပွားရေးဘဏ်အား တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဘဏ်ခွဲပေါင်း (၃၀၀) ကျော်ဖြင့် ရပ်တည်လျက်ရှိကြောင်း ၊ ဘဏ်များ၌ အပ်နှံထားသည့် ငွေများအား ထုတ်ယူရန်လိုအပ်သည့် ဆန်စက်ပိုင်ရှင်များ၏ ထုတ်ယူလိုသည့် လနှင့် ငွေကြေးပမာဏများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြပါက အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း အကြံပြုပြောကြားခြင်း၊ ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ ၊ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှ ငွေထုတ် ၊ ငွေယူ၊ ချေးငွေ လုပ်ငန်းများဆောင်ရွက်ရာတွင် စက်မှုကြီးကြပ်၏ ထောက်ခံစာလိုအပ်ပါက ဌာနမှ ချက်ချင်းစိစစ်၍ ထောက်ခံပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးက နောက်လ စပါးလှိုင်လှိုင်ပေါမည့်အချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စပါးဝယ်ယူနိုင်ရေးအတွက် ဘဏ်များ၌ အပ်နှံထားသည့် မိမိတို့၏ငွေများအား ပြန်လည်ထုတ်ယူရာတွင် လွယ်ကူလျှင်မြန်စေရန်ရည်ရွယ်၍ ယခု အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် စိစစ်သုံးသပ်၍ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ပုဂ္ဂလိက ဘဏ်လုပ်ငန်းများမှ တာဝန်ရှိ သူများက ဘဏ်လုပ်ငန်းလည်ပတ်နေရသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဆန်စက်လုပ်ငန်းရှင်များမှ စပါးပေါ်ချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ ယခုကာလတွင် ငွေထုတ်ယူခွင့်မရသည့် ပြဿနာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ၊ စပါးသိုလှောင်မှုနှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ အစိုးရဌာနများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက ဒေသအကျိုးအတွက် လုပ်နိုင်သ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေများ ၊ လတ်တလောကျ‌ရောက်လာသော ကျန်းမာရေးအခြေအနေများကြောင့် ယိမ်းယိုင်လာသည့် စီးပွားရေး အခြေအနေများကြောင့် လူမှုစီးပွားရေးတွင် ထိခိုက်မှုများစွာ ကြုံတွေ့နေရကြောင်း၊ စိုက်ပျိုးနည်းစနစ်များ ပိုမိုတိုးတက်စေရန် ၊ငွေကြေးလည်ပတ်စီးဆင်းမှုအဆင်‌ပြေမှသာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာမည်ဖြစ်ပါကြောင်း ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် (Recovery) စနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး ကိုဗစ် ၁၉ ကာလတွင် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘဏ်စနစ်များ၊ သွင်းအားစုအခက်အခဲများ၊ စီးပွားရေးနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးအခက်အခဲများကို နည်းလမ်းတကျ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC) ကတ်အား သက်တမ်းတိုး ခွင့်မပြုမည့်ကိစ္စ အသိပေးထုတ်ပြန်ခြင်း

ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံး(မြစ်ကြီးနား၊ မန္တလေး၊ကျိုင်းတုံ) တို့တွင် ခွင့်ပြုပေးခဲ့သည့် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(ITC) ကတ် အသစ်ထုတ်ပေးခြင်းအား (၁.၆.၂၀၂၁) ရက်နေ့မှစ၍ ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ခွင့်ပြုထုတ်ပေးထားပြီးဖြစ်သည့် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ITC) ကတ်များ၏ သက်တမ်းတိုးလျှောက်ထားမှုများအား (၁.၉.၂၀၂၁) ရက်နေ့မှစ၍ ခွင့်မပြုတော့ကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
သက်တမ်းရှိ ITC ကတ်များဖြင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းကို လက်ရှိ သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ စျေးနှုန်းမြှင့်တင်မှု မရှိစေရေး၊ စျေးနှုန်းစျေးကွက်အခြေအနေများ တည်ငြိမ်စေရေးအတွက် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးနှင့် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးရောင်းချသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို (၁.၉.၂၀၂၁) ရက်နေ့ နေ့လည်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာအစိုးရ ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင် (၁၅)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအနေဖြင့် သွင်းအားစုမြေသြဇာစျေးနှုန်းများ ထူးထူးခြားခြားမြင့်တက်နေခြင်းနှင့် ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် မြင့်တက်ခဲ့သည်ကို လျစ်လျူရှု၍ မရပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးတွင် အဓိက သွင်းအားစုဖြစ်သော မြေသြဇာလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့ ဒေသတွင်း တောင်သူအခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် ထူးခြားစျေးနှုန်းများကို ပြန်လည်သုံးသပ်ဖြေရှင်း ပေးပါရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေသြဇာ စျေးနှုန်းများ မြှင့်တက်နေခြင်းနှင့် ပတ်သက်၍ အဖြေရှာရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် တင်ပြလာသည်များကို ကဏ္ဍအလိုက် ဖြေရှင်းသွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးက မိမိတို့ဌာနအနေဖြင့် စီးပွားရေးမသမာမှု၊ ဝန်ထမ်းမသမာမှု၊ နိုင်ငံတော်မြေပေါ် မြေအောက် တရားမဝင် အဖွဲ့အစည်းကို ဖော်ထုတ်ရသော ဌာနဖြစ်ပါကြောင်းနှင့် စီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ပဲခူးတိုင်း‌ဒေသကြီး ၊ ပဲနှမ်းကုန်သည်အသင်း ဥက္ကဌက တောင်သူများ၏ အခက်အခဲများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားသို့ တက်‌ရောက်လာသူ လုပ်ငန်းရှင်များမှ ကုန်ကြွေးစနစ်ဖြင့် သွင်းအားစုများကို ယခင်နှစ် အတိုင်း အကြွေးစနစ်ဖြင့် ကုန်ကြွေးမ‌ပေးနိုင်ခြင်း၏ အဓိက အကြောင်းအရင်းမှာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေးရောင်းချသော ကုမ္ပဏီများမှ ယခုနှစ်တွင် ငွေကြိုပေးသွင်းစနစ်ဖြင့်သာ ပစ္စည်းရောင်းချခြင်းအတွက်ကြောင့် လုပ်ငန်းရှင်များမှ တောင်သူများသို့ အကြွေးစနစ်ဖြင့် ရောင်းချ၍ မရခြင်းဖြစ်ကြောင်းနှင့် သွင်းအားစုကုန်ပစ္စည်းများ သယ်ယူရာတွင် လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲများ ရှိပါကြောင်း ၊ မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံ(၅) ရုံလုံး လည်ပတ်ရန် လိုအပ်ပါကြောင်းကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက တောင်သူများ၏ လူနေမှုဘဝတိုးတက်မှသာ ဒေသတွင်းစီးပွားရေးတိုးတက်မည်ဖြစ်ပါကြောင်း သွင်းကုန်အစားထိုးသဘာဝ ဓာတ်မြေသြဇာများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် အသိပညာပေးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံစားသောက်ကုန်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ အကြောင်းကို အကျဘ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

ဖရဲသီး၊ သခွားမွှေးသီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Virtual Meeting ဖြင့်ကျင်းပ

၃၀.၆.၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ပပို့ကုန်များဖြစ်သည့် ဖရဲသီး၊ သခွားမွှေး သီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက်များ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Virtual Meeting ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Unique Lawk Sawk Mango Public Co., Ltd. တို့မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး၌ Covid-19 ကပ်ရောဂါကူးစက်မှုများကြောင့် ကုန်စည်စီးဆင်းမှု များတွင် အခက်အခဲများကြုံတွေ့နေရပါကြောင်း၊ အထူးသဖြင့်နယ်စပ်မှ ပို့ကုန်တင်ပို့မှုတွင် အခက်အခဲများ ဖြစ်ပေါ်နေပြီး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအား ဖွဲ့စည်းထားရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အတွက် ကုန်သွယ်မှုဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မိမိတို့ဦးစီးဌာနသို့ ဆက်သွယ်တင်ပြနိုင် ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ လယ်ယာထုတ်ကုန် စံချိန်စံညွှန်းများအား ဦးဆောင်ရေး ဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစံချိန်စံညွှန်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာစံချိန်စံညွှန်းများကို ရည်ညွှန်းအသုံးပြု၍ နယ်စပ်မှပြည်ပသို့ တင်ပို့ ရာတွင် ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့တွက် ဖရဲ၊ သခွားမွှေးသီး၊ သရက်သီးနှင့် ကြက်သွန်နီ တို့ကို အရည်အသွေးသတ်မှတ်ချက်ထုတ်ပြန်ရန် မူကြမ်းများ ပြုစုထားပါကြောင်း၊ သို့ရာတွင် Voluntary စံချိန်စံညွှန်းတစ်ခုစလုံးကို Mandatory ထုတ်ပြန်ခြင်းမဟုတ်ပါကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ ဘေးအန္တရာယ်ကင်းရှင်းမှု (Safety) နှင့် အရည်အသွေး (Quality) မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များကိုသာ ကိုးကားအသုံးပြုထားပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုပြုရာတွင် အရည်အသွေးပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေး အတွက်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာ သော သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဖရဲသီး၊ သခွားမွှေး သီး၊ သရက်သီးနှင့် ကြက်သွန်နီတို့၏ အရည်အသွေးသတ်မှတ်ချက် (မူကြမ်း) အပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ITQM

မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် တောတောင်ရေ မြေသဘာဝကောင်းမွန်၍ ရာသီသီးနှံအလိုက် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် လယ်ယာနှင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်းယောင်းမြို့ရှိ ရော်ဘာစိုက်ဧက (၁၇၈၆၇)ဧကခန့်ရှိပြီး ရိတ်ဧက(၅၂၀၄)ဧက အစေးခြစ်၍ (၂၇၃၀၅၅၆)ပေါင် ထွက်ရှိကြောင်း သိရှိရပါသည်။ နှစ်စဉ် ဧပြီလ(တတိယပတ်)မှ နိုဝင်ဘာလကုန်အထိ ရော်ဘာအစေးခြစ်ခြင်းကိုလုပ်ကိုင်ပြီး ကျန်(၄)လအတွင်း နှစ်ရှည်ပင်များဖြစ်သည့်အလျှောက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေဩဇာ (နွားချေး၊ဝက်ချေး)စသည်များ ထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင်(၇၀၀)ကျပ်မှ (၈၅၀)ကျပ်အထိ ရရှိကြောင်းနှင့် မိုင်းယောင်းမြို့၊ ဝမ်မိုင်လုံရွာတွင် အသေးစားရော်ဘာပြားထုတ်လုပ်သည့်စက်ရုံရှိပြီး အလုပ်သများ(၁၀)ဦးခန့်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရုတ်နိုင်ငံသို့အများဆုံးတင်ပို့လျှက်ရှိကြောင်း သိရှိရသောကြောင့် ရော်ဘာစေးခြစ်လုပ်ငန်းဖြင့် တောင်သူများ တဖက်တလမ်းမှ ဝင်ငွေတိုးပွားလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)

ASEAN SMEs အတွက် ASEAN ACCESS Portal အား ဖွင့်လှစ်ခြင်း

            အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (ASEAN SMEs) လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အာဆီယံဒေသတွင်းရှိ ကုန်သွယ်ရေးနှင့် ဈေးကွက်ရရှိမှုဆိုင်ရာ သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည့် ASEAN Access Portal (www.aseanaccess.com)ကို ၁၆-၆-၂၀၂၁ ရက်နေ့ တွင် Online Launching ပြုလုပ်ခဲ့ပါသည်။

       အဆိုပါ ASEAN Access Portal ကို ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) နှင့် ထိုင်းနိုင်ငံ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးရုံးတို့မှ ပူးပေါင်းရေး ဆွဲခဲ့ပါသည်။ ASEAN Access Portal တွင် အာဆီယံ‌ဒေသတွင်းရှိ စိတ်ဝင်စားဖွယ်ကောင်းသော စီးပွားရေးလုပ်ငန်းများကို ကုန်သွယ်ရေးနှင့် ဈေးကွက်ရရှိမှုဆိုင်ရာ သတင်းအချက်အလက်များနှင့်အတူဖော်ပြခြင်းနှင့် ဈေးကွက်အသစ်များရရှိရေးအတွက် လိုအပ်သော ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများကို ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံအနေဖြင့် SME ကဏ္ဍအတွက် Focal ဌာနအဖြစ်ဆောင်ရွက်သော စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးဦးစီးဌာနမှ National SMEs Webportal အား ရေးဆွဲပြုစုလျက်ရှိပါကြောင်း၊ ASEAN Access Portal သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ National SMEs Webportal မှသည် ASEAN SMEs Portal ဆီသို့ ချိတ်ဆက် ဆောင်ရွက်သွားရန်ဖြစ်ပြီး ကုန်သွယ်မှုကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံး အထူးသဖြင့် SME လုပ်ငန်းရှင်များ၊ SME Service Provider များက SME လုပ်ငန်းများလည်ပတ်ရာတွင် လိုအပ်သည့် Service/ Products များ ကို လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ Website တွင် Register ကို Free of Charge ပြုလုပ်နိုင်ပြီး လုပ်ငန်းဆိုင်ရာ အချက်အလက်များကို Upload ပြုလုပ်၍ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ ASEAN SME Webportal အနေဖြင့် အာဆီယံ SME များအတွက် “One-Stop Service” ဖြစ်လာရန် ရည်ရွယ်ပါကြောင်း၊ Portal အား ဝင်ရောက်လေ့လာခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် ချမှတ်ထားသော SME လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊   အွန်လိုင်းသင်တန်းများ (Online Trainings)နှင့်  SME Service Provider များကို တစ်နေရာတည်းတွင် လေ့လာခွင့်ရရှိသည့်အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ရာ ဝင်ရောက်လေ့လာသင့်ကြောင်း သိရှိရပါသည်။

သတင်း/အရည်အသွေး

ASEAN Access Portal Link - http://www.aseanaccess.com

 

 

ပဲခူးတိုင်းဒေသကြီး ဆန်စပါး ကဏ္ဍဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

              စားသုံးသူရေးရာဦးစီးဌာန   ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် စိုက်ပျိုးသည်မှ ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချသည် အထိ Supply Chain တစ်ခုလုံး တွင် ပါဝင်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းရန် လိုအပ်နေသည့် ဆန်စပါးကဏ္ဍမှ လိုအပ်ချက်များကို ပူးပေါင်း အဖြေရှာ ဖြေရှင်းနိုင်ရေး ရည်ရွယ်၍ (၁၆.၆.၂၀၂၁) ရက်နေ့   နံနက် ၁၀ : ၀၀ နာရီတွင် ပဲခူးခရိုင်အတွင်းရှိ     ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များနှင့် ဆန်စပါးစိုက်ပျိုး  ထုတ်လုပ်သူ တောင်သူ   (၃၁)ဦးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည့် အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ၊ စီမံအုပ်ချုပ်ရေးကောင်စီဝင် (၁) ဗိုလ်မှူးကြီးလှမျိုးရွှေ က စပါး အထွက်နှုန်းကောင်းရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးခြင်း၊ မြေယာများ စနစ်တကျပြုပြင်စိုက်ပျိုးခြင်း၊ သွင်းအားစုများစနစ်တကျ ထည့်သွင်း စိုက်ပျိုးခြင်း၊  ကောင်းမွန်သော စိုက်ပျိုးရေး ဆိုင်ရာ အခြေခံအလေ့အကျင့်ကောင်း(Good Agricultural Practices G.A.P )စနစ်ဖြင့့်် စိုက်ပျိုးရေး၊ ဈေးကွက်စီးပွားရေးစနစ်အရ လုပ်ငန်းရှင်များ အနေဖြင့် ဆန်စပါးကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသည်နှင့်အညီ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန် ဆန်များကို အရည်အသွေးမီ ဆန်များ ကြိတ်ခွဲထုတ်လုပ် ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

             ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက  စျေးကွက်တန်းဝင် မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်သိုလှောင်ဖြန့်ဖြူးပေးခြင်း၊ စိုက်ကွင်းကြီး များရှိှ တောင်သူ များအား ခေတ်မှီစိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ ဆွေးနွေး ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရတာဝန်ရှိသူများ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ ထွက်ရှိသည့် သီးနှံများကို ပြည်တွင်း/ပြည်ပစျေးကွက်တွင် စျေးကောင်းရရှိအောင် စွမ်းဆောင်ခြင်း နှင့် လူငယ်မျိုးဆက်သစ် တောင်သူများအား ပျိုးထောင်ပေးလျက်ရှိကြောင်း  ရှင်းလင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန ၊ ဒုတိယညွှန််ကြားရေးမှူးက  ပုဂ္ဂလိက စက်မှုလုပ်ငန်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ လုပ်ငန်းအရွယ်အစားသတ်မှတ်၍ မှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး SME လုပ်ငန်း၏အဓိကကျသော ငွေကြေးလိုအပ်မှုအတွက် အထာက် အကူပြုနိုင်ရန် ချေးငွေရရှိ‌ရေး ပံ့ပိုးမှုများ ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စားရင်းအင်းဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူးက  လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် ပတ်သက်သည့် ဥပဒေများ ၊ စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးမှ မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ၊သုံးစွဲမှု ၊ပိုလျှံမှု စာရင်းနှင့် စျေးနှုန်းစျေးကွက်အ‌ခြေအနေများ၊ စပါး (၁)ဧက ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် တောင်သူ အကျိုးအမြတ်ရရှိနုင်မှု အခြေအနေများ ၊မိမိနိုင်ငံမှ ဆန်စပါး တင်ပို့နိုင်မှုအပေါ် နိုင်ငံအလိုက် စျေးကွက်ရရှိမှုနှင့် ကမ္ဘာ့ဆန်တင်သွင်းမှုအပေါ် မြန်မာနိုင်ငံမှ တင်ပို့နိုင်မှုနှင့် စျေးကွက်ရရှိမှု အခြေအနေများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထို့နောက် တက်ရောက်လာသည့် ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များနှင့် ဆန်စပါးစိုက်ပျိုး  ထုတ်လုပ်သူ တောင်သူများ၏ လယ်ယာ စိုက်ပျိုးရေး၊ ကြိတ်ခွဲရေး ၊ ကုန်သွယ်ရေး နှင့် ပတ်သက်သည့် မေးမြန်းမှုများကို သက်ဆိုင်ရာ ဌာန အသီးသီးမှ ပြန်လည်ရှင်းလင်း ဖြေကြားမှုများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို (၁၄:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

စားသုံးသူများ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးနှင့် ကုန်ထုတ်စွမ်းအား အရည် အသွေးမြင့်မားရေး ရည်ရွယ်၍ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ ဇွန် (၂၁)

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်သည့် ဘာသာရပ်များအပြင် အခြားဝန်ကြီးဌာန (၆)ခု၏ လုပ်ငန်း သဘောတရားများပါ ဆွေးနွေးသွားမည်ဟု သိရှိရကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေအရ ခန့်အပ်ထားတဲ့ စစ်ဆေးရေးအရာရှိများသည် ဈေးကွက်စောင့်ကြည့် စစ်ဆေးသောအခါ လုံခြုံစိတ်ချရမှုမရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ မည်ကဲ့သို့ စီမံခန့်ခွဲရမည်ဆိုသည့် အကြောင်းအရာများ အဓိက ဆွေးနွေးသွားမည်ဟု သိရှိရကြောင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို သတိပေးခြင်း၊ သိမ်းဆည်းခြင်းနှင့်တားမြစ်ခြင်း လုပ်ငန်းစဉ်များအတွက် စနစ်တကျနှင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးသွားမည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စစ်ဆေးရေးမှူးများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အတွေ့အကြုံများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ဆွေးနွေးချက်များ ပေါင်းစပ်ပြီး နောက်ဆုံးတွင် စံလုပ်ထုံး လုပ်နည်းတစ်ခု ရလာသည်အထိ ဆွေးနွေးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ နည်းပြအရာရှိများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များက စစ်ဆေးရေးမှူး (၄၉)ဦးတို့ တက်ရောက်ကြပြီး (၅)ရက်တာ ကာလအတွင်း ဆွေးနွေးကြမည်ဟု သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - HighLight News