သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆင့်ပွားသင်တန်း (၁/၂၀၂၂) ကျင်းပခြင်း

               မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာဆင့်ပွား သင်တန်း(၁/၂၀၂၂)ကိုကျင်းပခဲ့ပါသည်။

            အဆိုပါဆင့်ပွားသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်ဝင်းက စားသုံးသူအသိပညာပေးခြင်း၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို တြိဂံပုံစံဖြင့်ချိတ်ဆက် ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာပေးမှုအပိုင်းကို လျော့ချ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့်သင်တန်းသည် ရုံးချုပ်တွင် သင်တန်းတက်ရောက်ခဲ့သူများမှ ရုံးချုပ်ညွှန်ကြားချက်များကို ပြန်လည်ဆင့်ပွားပို့ချပေးမှာဖြစ်ပြီး၊ မြို့နယ်တာဝန်ခံများအနေဖြင့်လည်း လုပ်ငန်းလုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မှားယွင်းမှုများ မဖြစ်ရလေအောင် ပြန်လည်ထိန်းမတ်ပေးမည့် သင်တန်းလည်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှလည်း လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုတင်ပြပြီး လိုအပ်ချက် များကို ညှိနှိုင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များဖြင့် အမိန့်ချမှတ်၍မရဘဲ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိလျှင် တရားဥပဒေအရ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ရမည်ဖြစ်၍ သေချာစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ပါသည်။

            ဆက်လက်၍ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်အေးအေးမိုးမှ မြို့နယ်တာဝန်ခံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်အပေါ် သတ်မှတ်ပုံစံများတွင် ဖြည့်စွက်ရာ၌ ဆောင်ရွက်ရမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှလည်း စားသုံးသူကာကွယ်ရေး နည်းဥပဒေနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။ နေ့လည်ပိုင်း၌ ရုံးချုပ်တွင် စစ်ဆေးရေးအရာရှိသင်တန်း တက်ရောက်ခဲ့သည့် ဦးစီးမှူးဒေါ်အေးအေးခိုင်မှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်အလက်များအားလည်းကောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးနိုင်ဦးမှ ပြန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) တားမြစ်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်အားလည်းကောင်း၊ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးမှ တိုင်ကြားမှုများကိုစိစစ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းများကို  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ထို့နောက်သင်တန်းသားများမှ စားသုံးသူကာကွယ်ရေးနည်းဥပဒေနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးပြီး မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ကြုံရသည့် အခြေအနေများကိုလည်း တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံများ၊ စစ်ဆေးရေးအရာရှိများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ပြီး ညနေ(၁၆:၃၀)နာရီအချိန်တွင် သင်တန်းပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

               စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး  အစည်းအဝေးခန်းမ၌ မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။

            အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ ဦးနိုင်လယိတမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ချက်များအား ကော်မတီအဖွဲ့ဝင်များသို့တင်ပြ၍ ကော်မတီ၏ ဆုံးဖြတ်ချက်၊ အတည်ပြုချက်၊ အကြံပြုချက်များပေးနိုင်ရေး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့်ကော်မတီအဖွဲ့ဝင်အသီးသီးမှ အကြံပြုဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့

            ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသည် ၂၈.၃.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဟောပြောပွဲတက်ရောက် သူစုစုပေါင်း (၁၇)ဦးရှိကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေမှ မီးလောင်မှုရှိခဲ့ပါက မီးသတ်ကားများ ထွက်ခွာရပုံအဆင့်များအကြောင်း၊ မီးလောင်မှု ကိုဖြစ်ပေါ်စေနိုင်သည့် အဓိကအချက်(၃) ချက်ရှိပါကြောင်း၊ ၎င်းတို့မှာ အခန်းတွင်းလေဝင်လေထွက် ကောင်းမွန်မှုမရှိခြင်း၊ ပစ္စည်းများ သိုလှောင်ထားရှိမှုများပြားခြင်းနှင့် အခန်းတွင်းအပူရှိန်အလွန်မြင့် တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ရုတ်တရက်မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပါက မီးစတင်လောင်မှုအပေါ် မူတည်ပြီး မကြောက်မလန့်စွာဖြင့် မီးငြိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်းတို့ကို အကျယ်တဝင့်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ရုံးအတွင်းရှိ လျှပ်စစ်မီးကြိုးများ၊ မီးငြိမ်းသတ်ရန်ရေကန်၊ မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို ကြည့်ရှုစစ်ဆေးပေးခဲ့ရာ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်မှ ယခုကဲ့သို့ လာရောက်အသိပညာပေးခြင်းနှင့် စစ်ဆေးပေးခြင်းများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပေးခဲ့ပြီး ဟောပြောပွဲအား နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တရားမဝင် ဝင်ရောက်လာသော အသင့်စားအစားအသောက်များအားသိမ်းဆည်းဖျက်ဆီးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၃၀.၃.၂၀၂၂ နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားခြင်းမရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော အသင့်စား အသားချောင်း၊ အသားလုံး၊ အသားပြား၊ ငါးအသားချောင်းနှင့် ပင်လယ်စာချောင်းများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Similac Product များ ဈေးကွက်အတွင်းရှိမရှိ ထောက်လှမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းဖျက်ဆီးရန် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ဥပဒေ၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စားသုံးသူရေးရာ အဖွဲ့များပါဝင်သော ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့များဖြင့် ပုသိမ်မြို့တွင်း ကြိုတင်သတင်းရယူထားသော လက္ကားဆိုင်များအပါအဝင် ဆိုင်(၇)ဆိုင်အား စစ်ဆေးခဲ့ရာ လက္ကား ဆိုင်(၃)ဆိုင်မှ တရားမဝင်တင်သွင်းလာသော စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း(၄၄) ထုပ်အားစစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါသိမ်းဆည်းပစ္စည်းများအား  ကော်မတီအဖွဲ့များ အားလုံး၏ ရှေ့မှောက်တွင် ဖျက်ဆီးခြင်းနှင့် ဆိုင်ရှင်များအားလည်း ဆက်လက်ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း၊ ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေခြင်းများကို ပုသိမ်မြို့နယ်ကျန်းမာရေးဌာနရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

တောင်ငူမြို့တွင် ရောင်းချနေသော ခြင်ဆေးခွေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် တောင်ငူမြို့ မြို့မဈေးကြီးအပြင်တန်းနှင့် အနီးတဝိုက်ရှိ ခြင်ဆေးခွေရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ခြင်ဆေးခွေများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ /မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစောင့်ကြည်စစ်ဆေးစဉ် မြို့နယ်တာဝန်ခံသည် ခြင်ဆေးခွေများ ဖြန့်ဖြူး ရောင်းချရာတွင် ကုမ္ပဏီ၏ မှတ်ပုံတင်အမှတ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးနှင့်ပိုးသတ်ဆေးဌာနမှ ထုတ်ပေးထားသော ပိုးသတ်ဆေးမှတ်ပုံတင်အမှတ်၊ ထုပ်ပိုးပစ္စည်းမှတ်ပုံတင်များ၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များပါရှိသော ခြင်ဆေးခွေများကိုသာ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးခဲ့ပါသည်။

              ဈေးကွက်အတွင်းတွင် အထက်ပါအချက်အလက်များ မပါရှိသော ကျင်းဟုံ ခြင်ဆွေးခွေ များကို ရောင်းချပါက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှုထောင့်ဘက်မှ ပထမအဆင့် အနေဖြင့် ဖြန့်ဖြူးရောင်းချနေသော ဆိုင်များအား အသိပညာပေးခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ပြီး လိုက်နာမှုမရှိပါက ဒုတိယအဆင့်အနေဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ရေတာရှည်မြို့ရှိ စက်ဆီ ချောဆီအရောင်းဆိုင်များနှင့် မော်တော်ယာဉ်ပြုပြင်ရေး ဆောင်ရွက်သည့် လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံနှင့် ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍  စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ခရိုင်ဦးစီးမှူးက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းတို့သည် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ငြိစွန်းပါကြောင်း၊ တရားဝင်လိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းမရှိခြင်းသည် နိုင်ငံတော်၏ အခွန် ဘဏ္ဍာကို ဆုံးရှုံးစေပါကြောင်း၊ ဥပဒေနှင့်ငြိစွန်းပါက လက်ဝယ်ရောင်းချသူသာ အရင်ဆုံးဖြေရှင်းရမည် ဖြစ်ပါသဖြင့် မိမိခရိုင်အတွင်း လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးအတွက် အတုအပ ထုတ်လုပ်သူများက လာရောက်ကမ်းလှမ်းပါက လက်ခံရောင်းချပေးခြင်းမပြုရန် လိုအပ်ပါကြောင်း အသိပညာပေးခဲ့ပါ သည်။

              ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်းများသို့  ဆက်လက်သွားရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ အသုံးပြုမှုမရှိစေရေး၊ အတုအပထုတ်လုပ်ဖြန့်ဖြူးသူများက လာရောက်ကမ်းလှမ်းပါက လက်ခံဝယ်ယူ၍ အသုံးမပြုရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မန္တလေးခရိုင်အတွင်းရှိ စက်ဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချလျက်ရှိသည့် အရောင်းဆိုင်များနှင့် Facebook/Online အသုံးပြု၍ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် ခွင့်ပြုချက်မပါသော စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိ (၂၈-၃-၂၀၂၂) ရက်နေ့ တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပြီး အတုအပပြုလုပ်ရောင်းချခြင်းမပြုရန် တရားဝင် လိုင်စင်များဖြင့် ဖြန့်ဖြူးရောင်းချသွားရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ရောင်းချသွားရန် လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

           မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း (၉)ဦး တက်ရောက်ခဲ့ကြောင်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

            မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီမှ စားသုံးသူပြည်သူတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ စားသုံးသူအငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် စိတ်ကျေနပ်မှုရရှိစေရန်၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဌမှ ပြောကြားရာတွင် ကော်မတီအား အဖွဲ့ပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့်အတွက် စားသုံးသူနစ်နာ၍ တိုင်ကြားမှုများကို အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့်အဖွဲ့ဝင်များမှ မန္တလေးတိုင်းဒေသကြီးမှာ ရှိသည့် စားသုံးသူပြည်သူများ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုများ နည်းနိုင်သမျှနည်းအောင်နှင့် နစ်နာဆုံးရှုံးမှုများ ပပျောက်သွားအောင် တက်ညီလက်ညီနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေချင်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူးမှလည်း တိုင်ကြားမှုနှင့်ပတ်သက်၍ ဥပဒေအကြံ ရယူခဲ့မှုများ၊ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ တိုင်ကြားမှုများအပေါ် စိစစ်တွေ့ရှိမှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ခြင်း၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း၊ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဌမှ အစည်းအဝေးအား ပုံမှန်ကျင်းပပြုလုပ်ခြင်းအားဖြင့် စားသုံးသူပြည်သူများ၏ အကျိုးစီးပွားအား ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများနှင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အသင်းသား/သူများ၊ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ပါသည်။

       ၎င်းအသင်းသည် ၂၈-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဆီလုပ်ငန်းရှင်(၁၉)ဦးဖြင့် ပေါင်းစုဖွဲ့စည်းထားသောအသင်းဖြစ်ပြီး အသင်းသက်တမ်းမှာ(၆)လ ကြာမြင့်ပြီ ဖြစ်ပါသည်။ ယခုအခါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများ ကို သက်သာသော အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိ ရပါသည်။

           အဆိုပါ အစည်းအဝေးတွင် အသင်းဝင်များက အသင်း၏(၆)လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သတ်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့ပေါ်ရပ်ကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မှု

             ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ ဒု-ဦးစီးမှူး၊ ဦးဆောင်သောဝန်ထမ်းများနှင့် မြို့နယ်စည်ပင်၊ မြို့နယ်ထွေအုပ်ပါဝင်သော ပူးပေါင်းအဖွဲ့သည်(၂၉-၃-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့နယ် မြို့တောင်ရပ်ကွက်နှင့် မြို့မဈေးအရှေ့ရပ်ကွက်ရှိ လက်လီကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မောင်တောမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအများစုမှာ နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ ဘင်္ဂလီဘာသာစကားဖြင့် ဖော်ပြထားကြောင်း စီစစ်တွေ့ရှိရပါသည်။

          မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြမှ ဆိုင်လုပ်ငန်းရှင်များအား ဤကဲ့သို့ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများကို နိုင်ငံခြားဘာသာဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများအား မရောင်းချရန်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဦးစားပေးရောင်းချကြပါရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ကုန်သွယ်မှုပြုရာတွင် လိုက်နာဆောင်ရွက်ရမည့်  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ