သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Similac ကလေးနို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

            မြို့နယ်အစာအာဟာရကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၉-၃-၂၀၂၂ ရက်နေ့ နံနက် ၀၉: ၀၀ နာရီအချိန်တွင် ဘားအံမြို့မဈေး၊ စူပါမားကတ်နှင့် ရပ်ကွက်များရှိ ကလေးအာဟာရအရောင်းဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော Code No. (၇) လုံးမှ (၉) လုံးတွင် ပထမဂဏန်းမှာ (၂၂-၃၇) အတွင်းပါရှိပြီး၊ Code No. တွင် ပါဝင်သော စာသားများတွင် K8/SH/Z2 ပါရှိပြီး၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲသည် (၁-၄-၂၀၂၂) သို့မဟုတ် ဧပြီလ (၁) ရက်နေ့ စသည့်အချက်များပါရှိသော  Similac နို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် Similac နို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှုမရှိကြောင်း တွေ့ရှိရပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်မေသူနွယ် က Code No. များပါသည့် Similac နို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် ဈေးကွက်အတွင်း ဝင်ရောက်တွေ့ရှိမှုရှိပါက သက်ဆိုင်ရာဌာနကို အကြောင်းကြားပေးပါရန် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ခွင့်ပြုချက်ရရှိထားသည့် Similac ကလေးနို့မှုန့်များကိုသာ တင်သွင်းရောင်းချပေးပါရန်နှင့် စံသတ်မှတ်ချက်နှင့်အညီ ထားသိုသိမ်းဆည်းရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ပါဝင်ရမည့်အချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာန၏သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ကရင်)  

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်အဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍  (၂၄.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ကုန်မျိုးစုံရောင်းဝယ်သည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်ဒဏ်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ပြဌါန်းချက်များအား ပြည့်စုံစွာဖော်ပြရမည့်အပြင်  ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသော ကုန်စည်များကိုသာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ မိမိကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

Similac Product များဈေးကွက်အတွင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ၂၈.၃.၂၀၂၂ ရက်နေ့နှင့် ၂၉.၃.၂၀၂၂ ရက်နေ့များတွင် မြစ်ကြီးနားမြို့ရှိ Similac အမှတ်တံဆိပ် (နို့စို့ကလေးအတွက်ဖော်စပ်စာ) လက်လီလက်ကား ရောင်းချဖြန့်ဖြူးလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ကုန်စုံဆိုင် (၁၄) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ၏ ညွှန်ကြားချက်ဖြစ်သော Code နံပါတ်(၇)လုံးမှ (၉)လုံးတွင် ပထမဂဏန်းမှာ(၂၂-၃၇)အတွင်း၊ Code နံပါတ်တွင်ပါဝင်သော စာသားများတွင် K8၊ SH သို့မဟုတ် Z2 ပါရှိပြီး၊ သက်တမ်းကုန်ဆုံးရက်စွဲသည် (၁.၄.၂၀၂၂) ရက်နေ့ သို့မဟုတ် ဧပြီလ (၁) ရက်နေ့ စသည့်အချက်များပါဝင်သော Similac Product များ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်း ရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းမှ တစ်ခါတည်းဖယ်ရှားနိုင်ရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

မိတ္ထီလာခရိုင်အတွင်းရှိ ဆေးဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် မတ်လ (၁၇)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများ၊ Mask ၊ Handgel၊ စံမမှီဆေးဝါးများနှင့် တားမြစ်ဆေးဝါး ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆေးစျေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် စျေးနှုန်းများအဆမတန်မြင့်တင်၍ စျေးကစားခြင်းများ မပြုလုပ်စေရေး ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။ စျေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လတ်မှုမရှိပါကြောင်းနှင့် ဆေးကုမ္ပဏီများမှ လိုအပ်သလောက်မှာယူနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                    

 

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းသည် မလှိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ရေစစ်ကျောင်းလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၈.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စစ်ဆေးသည့် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များကို ထုတ်လုပ်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၇၃) အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်‌၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ းဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)                                                                    

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၄/၂၀၂၂)

Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လိုက်နာရမည့် သတ်မှတ်ချက်များအား ပြင်ဆင်၍ အသိပေးထုတ်ပြန်ထားသည့် သတင်းလွှာ(၄/၂၀၂၂) အား အောက်ပါ .pdf file တွင် ဝင်ရောက်ဖတ့်နိုင်ပါသည်-

“ကျောက်ဆည်ရှိစက်သုံးဆီအရောင်းဆိုင်များ စျေးကွက်စောင့်ကြည့်စစ်ဆေး၍ အသိပညာပေးဟောပြော”

              စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည်(၁၆.၃.၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိDenko(စဉ့်ကိုင်)၊Denko(ပလိပ်)နှင့် တံတားဦးမြို့နယ်ရှိ Denko(တံတားဦး) စက်သုံးဆီအရောင်းဆိုင်များအား လည်းကောင်း၊ (၁၇.၃.၂၂၀၂၂) ရက်နေ့တွင် စဉ့်ကူးမြို့နယ်ရှိ Denko(လက်ပန်လှ)နှင့် မတ္တရာမြို့နယ်ရှိ Denko(မတ္တရာ)စက်သုံးဆီအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှစက်သုံးဆီဈေးနှုန်း မြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသောစက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးဈေးနှုန်း ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှသတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍မရောင်းချရန်နှင့် အချင်အတွယ် မှန်ကန်မှုရှိစေရေး၊ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာရောင်းချရန် ရှင်းလင်းပြောကြားပြီး စက်သုံးဆီအရောင်းဆိုင်ရှိ Pump များမှ အထူးဈေးနှုန်းဖြင့်ရောင်းချနေသည့် စက်သုံးဆီများဖြစ်သော Diesel ၊ Premium Dieselများအား (၂၀)လီတာဝင်စံခွက်ဖြင့် ချင်တွယ်၍ မှန်ကန်မှု ရှိ/မရှိစစ်ဆေးခဲ့ပါသည်။ဆက်လက်ပြီး စက်သုံးဆီအရောင်းဆိုင်ရှိ မန်နေဂျာရုံးခန်းတွင် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေ နှင့်ပတ်သက်သည့် အကြောင်းအရာများဖြစ်သော စားသုံးသူအခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်  စပ်လျဉ်း ၍အာမခံပေးထားမှုအပေါ်စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာ ဆုံးရှုံးမှုရှိပါက Consumer Information & Cpmplaint Center (CICC)သို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။အလားတူ(၁၈.၃.၂၀၂၂)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံမှဦးဆောင်ပြီး ပြင်ဦးလွင်မြို့နယ်ရှိ Myint Myat Htut Kuhaung စက်သုံးဆီ အရောင်းဆိုင်အားနိုင်ငံတော်မှသတ်မှတ်ထားသည့် အထူးစျေးနှုန်းများထက် ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ် မှန်ကန်မှုရှိစေရေး၊ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာရောင်းချရန်အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

 

“မိတ္ထီလာခရိုင်အတွင်းရှိ မုန့်လုပ်ငန်းရှင်အား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေးခြင်း”

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဘူတာလမ်း၊ ရတနာမာရ်အောင်ရပ်ကွက်၌ ထုတ်လုပ်ရောင်းချနေသော မုန့်မျိုးစုံလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် ၂၀၂၂ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ မုန့်မျိုးစုံလုပ်ငန်းတွင် ပေါင်မုန့်၊ ကိတ်မုန့်နှင့် မုန့်ကြွပ်စသည့် မုန့်များကို မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြကြောင်း၊မိတ္ထီလာမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ မုန့်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့ စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ အထူးစျေးနှုန်းဖြင့်ရောင်းချလျှက်ရှိသော စက်သုံးဆီ ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည်သာစည်မြို့အတွင်းရှိ (တောင်ကြီး-မိတ္ထီလာ)ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့(၂၁.၃.၂၀၂၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် ရှမ်းရွှေတောင် စက်သုံးဆီအရောင်းဆိုင်နှင့် Moon Sun စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီများအား သတ်မှတ်စျေးနှုန်းများအတိုင်းရောင်းချစေရေး၊ ပြည်သူလူထုလက်ဝယ်သို့ အမှန်တကယ် ရောင်းချစေရေး၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချစေရေး/အခြင်အတွယ်များ မှန်ကန်စွာရောင်းချစေရေး၊ ယာဉ်တစ်စီးချင်းအလိုက် ကုမ္ပဏီသတ်မှတ်ထားသည့်အတိုင်း ရောင်းချနေသည်။ သို့သော်လည်း ရောင်းချခွင့်ရရှိသည့် စက်သုံးဆီပမာဏအတိုင်း အမှန်တကယ်ရောင်းချစေရေး၊ အများပြည်သူသိရှိစေရန်အတွက် အထူးစျေးနှုန်း ဆိုင်းဘုတ်များကို ဆိုင်ရှေ့မျက်နှာစာများတွင် မြင်သာထင်သာအောင်ချိတ်ဆွဲထားစေရေးစသည်များအား အဓိကထား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

           

တောင်ငူမြို့ မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်းများသို့ ကွင်းဆင်းပညာပေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နေ့လယ် ပိုင်းက တောင်ငူမြို့ပေါ်ရှိ မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်း (Car Workshop & Auto Service Center) များသို့ သွားရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းအတုအပများ အသုံးမပြုစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

              ခရိုင်ဦးစီးမှူးက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းဆက်စပ်လုပ်ငန်းရှင်များ အသင်းက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင် ရယူ၍ ဆောင်ရွက်ခြင်းမရှိခြင်းတို့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသို့ တင်ပြလာပါကြောင်း၊ ၎င်းအတုအပ ပစ္စည်းများကို အသုံးပြုပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ)၊ (ဃ)နှင့် (ဆ)တို့ကို ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိဒေသမှ မော်တော်ယာဉ်ပြုပြင်ရေး လုပ်ငန်းရှင်များ ဥပဒေအရ အရေးယူခံရမှုမရှိစေရေး အတုအပ ထုတ်လုပ်သည့်သူများက လာရောက်ကမ်းလှမ်းပါက ဝယ်ယူအသုံးမပြုမိစေရန်လိုအပ်ပါကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ