သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ၊ ၂၀၂၁ခုနှစ် မေ ၁၆

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ တာဝန်ရှိသူများက ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဒေသထုတ်ကုန်များကို အသေးစိတ် လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဗဟိုဌာနကို အခြေပြု၍ ဒေသတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ပြည်ပဈေးကွက်ဝယ်လက်များနှင့် ချိတ်ဆက်ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ပြင်ဆင်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီးနောက် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအပေါ် လုပ်ငန်းလမ်းညွှန်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ချော့မွေ့စေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ၂၀၂၁ ခုနှစ် မေ ၁၅ ရက်နေ့

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးအတွက် ကွင်းဆင်းဆောင်ရွက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မကွေးခရိုင် မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာရှိ မျိုးကောင်းမျိုးသန့်ပြန့်ပွားရေး နွားမွေးမြူရေးခြံ တည်ထောင်ထားမှု အခြေအနေများကို Good Brothers ကုမ္ပဏီ မှ တာဝန်ရှိသူများက ရှင်းလင်းပြသပြီးနောက် နိုင်ငံခြားမှ မျိုးကောင်းမျိုးသန့် နွားများနှင့် မျိုးစပ်၍ အသားစားနွား၊ နို့စားနွားနှင့် ခိုင်းနွားများကို စနစ်တကျမွေးမြူ၍ ပြည်ပစျေးကွက်လိုအပ်ချက်အပေါ် ရွေးချယ်တင်ပို့လျက်ရှိကြောင်း၊ ‌ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် တောင်သူများသို့ နွားများ “မွေးဖက်ပေး” မွေးမြူစေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း နှင့် ကျွဲ၊ နွားများ တင်ပို့ရန် စျေးကွက်ကြီးဖြစ်ပြီး၊ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန် သီးနှံများနှင့် ကျွဲ၊ နွားများ တင်ပို့ရာတွင် Food Safety ဖြစ်စေရေးနှင့် လိုအပ်သည့် ကျန်းမာရေးထောက်ခံချက်များ၊ Certificate များ ရရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ခေတ်မီ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လိုသူများကိုလည်း နည်းပညာများ ဖြန့်ဝေပေးသွားရန်နှင့်  အားပေးကူညီသွားရန် လမ်းညွှန်မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ပေါ်ရှိ “အမေထွား” ပဲဆီသန့်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ပြသပြီးနောက် ယခုကာလသည် အညာ မြေပဲ ထွက်ပေါ်သည့်ကာလ ဖြစ်သဖြင့် ပဲဆီကြိတ်ခွဲသည့် ရာသီချိန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တောင်သူများကို ပဲအထွက်နှုန်း ကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်း၊  စိုက်ပျိုးစရိတ်များ ကြိုတင်ထုတ်ပေးခြင်းနှင့် စျေးကွက်အာမခံချက် ရရှိစေရန်အတွက် Contract Farming စနစ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားအုန်းဆီ ပြည်ပစျေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်တွင်းစားအုန်းဆီ စျေးနှုန်းလည်း တက်လာပြီး  ပြည်သူများ‌‌ ရွေးချယ် ဝယ်ယူစားသုံးလာကြသဖြင့် စားသုံးဆီ စျေးကွက်အတွင်း မျှခြေဖြစ်ပေါ်လာပါကြောင်း၊ “အမေထွား” ပဲဆီသန့်လုပ်ငန်းအနေဖြင့် စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော မြေပဲဆီများ သုံးစွဲနိုင်စေရေးအတွက် ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းစဉ်တလျောက် Food Safety ဖြစ်စေရေး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးသည် ဆီထွက် သီးနှံများ စိုက်ပျိုးထွက်ရှိ ထုတ်လုပ်ရာဒေသဖြစ်ပြီး မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ကြပါကြောင်း ၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစားသုံးမှု၊ ထုတ်လုပ်မှု၊ တင်သွင်းမှုနှင့် စျေးကွက် ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအပေါ်မူတည်၍ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာ‌ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အ‌နေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ၊ အရည်အသွေး ပြည့်မီစေရေးနှင့် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့် ထိန်းကျောင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ တစ်ဖက်တစ်လမ်းမှလည်း မိရိုးဖလာဆီစက်လုပ်ငန်းများကို ခေတ်မီစက်ရုံများ ဖြစ်ပေါ်လာစေရေးနှင့် ပြည်တွင်းထုတ်ဆီများ ပိုမိုကောင်းမွန်လာစေရေးအတွက် အစီအမံများ ချမှတ်၍  ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသို့ သွားရောက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်‌‌ရေးကောင်စီ၊ အဖွဲ့ဝင်(၂)က တိုင်းဒေသကြီးအတွင်း မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရေးအတွက် မွေးမြူရေးဇုန်များ ဖော်ထုတ်၍ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မကွေးစက်မှုဇုန် ဖော်ဆောင်၍ ဒေသထွက်ကုန်များကို Value Added ထုတ်နိုင်အောင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်အသင်းသားများက မကွေးတိုင်း‌ဒေသကြီးမှ လယ်ယာထွက်ကုန်များ မူဆယ်နယ်စပ်သို့ တင်ပို့ရောင်းချနေမှုအခြေအနေများ၊ ဒေသတွင်းကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အခြေအနေများ၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောင်ရွက်သင့်သည့် အခြေအနေများကို  ဝိုင်းဝန်းအကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ပေါ်ရှိ မြေလတ်သား အထွေထွေစီးပွားရေးသမဝါယမအသင်း၏ နှမ်းအခွံချွတ်စက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်၍ ကုန်ထုတ်လုပ်မှုအခြေအနေများ၊ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်မှုနှင့် ပြည်ပသို့ တင်ပို့နေမှုအခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြေရှင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ်(၅၃၊ ၅၄၊ ၅၅) (၁၀၀'x၁၅၀'x၁၅') (သွပ်၊ သွပ်၊ ကွန်) (၃)လုံးတွဲ သိုလှောင်ရုံ (၁)လုံးအား (၃)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်(၄)လမ်းရှိ မြေ(အလျား-၁၈၅'x အနံ-၄၄')၊မြေဧရိယာ(၀.၁၉၆)ဧကအား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ်စာချုပ်ဖြင့် လည်းကောင်း ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

              (က) တင်ဒါပုံစံရောင်းချမည့်ရက်       - (၁၈.၅.၂၀၂၁) ရက်မှ (၁၆.၆.၂၀၂၁)ရက်နေ့ထိ(ရုံးချိန်အတွင်း)

              (ခ)   တင်ဒါပုံစံရောင်းချရန် ပိတ်မည့်နေ့/အချိန်    - (၁၆.၆.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ                               

              ( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်-  (၁၇.၆.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ

              (ဃ) တင်ဒါတင်သွင်းရမည့်နေရာ       - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

              (င)   စာရင်းပေးသွင်းရမည့်နေရာ       - ရုံးအမှတ်(၅၂)၊ နေပြည်တော်

              (စ)   တင်ဒါစည်းကမ်းချက်များ         - (၁၇.၆.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ

                     ရှင်းလင်းမည့်နေ့/အချိန်/နေရာ     ရုံးအမှတ်(၅၂)၊ နေပြည်တော်

             (ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ      - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့။

            (ဇ)   Deposit ပေးသွင်းနိုင်သည့်        - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။            စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံနှင့် မြေတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း၀၁-၂၅၀၄၃၂၊ ၀၅၉-၂၁၀၅၆၊ ၀၅၉-၂၁၂၀၄၊ ၀၉-၂၅၄၄၀၂၄၆၃သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

                                                                            တင်ဒါစိစစ်ရေးကော်မတီ

                                                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

မာယာများတဲ့စားသုံးဆီ

          “မာယာ”ဟူသည်ပရိယာယ်ကြွယ်ဝစွာဖြင့် ဟန်ဆောင်တတ်ခြင်းဖြစ်ပါသည်။ တစ်နည်း အားဖြင့် တစ်ပါးသူမရိတ်စားမိလောက်အောင် ပိရိသေသပ်စွာဖြင့် လှည့်စားတတ်သောအတတ် ပညာကို -မာယာ- ဟုခေါ်ဆိုနိုင်ပါသည်။ ဤ‌လောကတွင် သက်ရှိလူသားများသည်သာ မာယာ များတတ်ကြသည်မဟုတ်ဘဲ စားသုံးဆီများကလည်း မာယာများတတ်သည်ဟုဆိုလျှင် အံ့သြကြ ပေလိမ့်မည်။

          စားသုံးဆီအရည်အသွေးစစ်ဆေးရသော ဓါတ်ခွဲခန်းမှူးတစ်ဦးအနေဖြင့် စားသုံးဆီတို့၏ အခြေခံသဘောသဘာဝများကို စာအုပ်စာတမ်းများဖတ်ရှုလေ့လာခဲ့ရာမှ အတော်အတန်သိရှိခဲ့ရ ပါသည်။ ထို့အပြင် ဓါတ်ခွဲခန်းအတွင်း စားသုံးဆီမျိုးစုံကိုစစ်ဆေးပေးခဲ့ရသည့် အတွေ့အကြုံများ အရ စားသုံးဆီတို့၏မာယာမျိုးစုံအဖုံဖုံကို သိမြင်ခဲ့ရခြင်းဖြစ်ပါသည်။

          စားသုံးဆီကို အခန်းအပူချိန်၌အရည်အခြေအနေရှိပါက ဆီ(oil) ၊ ပျစ်ခဲခဲအခြေအနေရှိ ပါက အဆီ(fat) ဟုသတ်မှတ်ကြပါသည်။ ဤကဲ့သို့အရည်ဖြစ်ခြင်း ၊ အခဲဖြစ်ခြင်းသည် ၎င်း၏ ဓါတုဗေဒဖွဲ့စည်းပုံတွင် ပါဝင်သော အဆီအက်စစ်အမျိုးအစားများနှင့် ပါဝင်မှုအချိုးအစားများ ပေါ်တွင် မူတည်လေ့ရှိပါသည်။

          စားသုံးဆီတွင်ပါဝင်သောအဆီအက်စစ်များ (fatty acid) တွင်လည်း ပြည့်ဝအဆီအက်စစ် (Saturated fatty Acid) နှင့် မပြည့်ဝဆီအက်စစ် (Unsaturated fatty Acid) ဟူ၍နှစ်မျိုးခွဲခြား ထားသည့်အပြင် မပြည့်ဝမှုတစ်ခုသာပါ‌သော အဆီအက်စစ် (Mono Unsaturated fatty Acid) နှင့် မပြည့်ဝမှုတစ်ခုထက်ပိုပါသော အဆီအက်စစ် (Poly Unsaturated fatty Acid) ဟူ၍လည်း ထပ်ဆင့်ခွဲခြားထားပြန်းပါသည်။ ထိုအဆီအက်စစ်များ၏ ပါဝင်မှုအချိုးအစားများပေါ်မူတည်၍ စားသုံးဆီအမျိူးမျိုးတို့၏ ဂုဏ်အရည်အသွေးများ ကွဲပြားသွားရသကဲ့သို့ ဆီသားတည်မြဲမှုတို့၌ လည်းမတူညီကြတော့သည်ဖြစ်ပေရာ ဓါတ်ခွဲခန်း၌အိုင်အိုဒင်းတန်ဖိုး (Iodine Value) ၊ ပါရောက်ဆိုဒ်တန်ဖိုး (Peroxide Value) နှင့် ဆီသားပျက်ဆီးမှု ရှိ/မရှိ (Rancidity) တို့ကိုစစ်ဆေး သည့်အခါ အထက်ဖော်ပြပါအခြေခံသဘောတရားများက အသုံးဝင်လှပေသည်။

          အိုင်အိုဒင်းတန်ဖိုး (Iodine Value) စစ်ဆေးခြင်းသည်စားသုံးဆီ၏ပြည့်ဝမှု ၊ မပြည့်ဝမှု တို့နှင့်အတူ ဆီအမျိုးအစားမှန်ကန်မှု (Authenticity) ကိုပါစစ်ဆေးခြင်းဖြစ်ပေရာ စားသုံးဆီ အမျိုးအစားအလိုက်တန်ဖိုးသတ်မှတ်ချက်များ ရှိကြပါသည်။ ဥပမာအားဖြင့်မြေပဲဆီတွင် Iodine Valve(LV) သတ်မှတ်ချက်သည်(၈၀မှ၁၀၆) ၊ နေကြာဆီတွင် (၁၁၀မှ၁၄၃) ၊ ပဲပုတ်ဆီတွင် (၁၂၀မှ၁၄၃) ၊ ပုံမှန်စားအုန်းဆီ (Palm oil) တွင် (၅၀မှ၅၅) နှင့် အဆင့်မြင့်စားအုန်းဆီ (Palm olein)တွင် (၅၆မှအထက်) စသည်ဖြင့် အတိုင်းအတာဘောင်များသတ်မှတ်ထားပါသည်။ ပုံမှန်သမားရိုးကျ စားသုံးဆီမှန်သမျှသည် ၎င်းတို့အတွက် သတ်မှတ်ထားသော Iodine Vale သတ်မှတ်ဘောင်အတွင်းရှိကြကြောင်းစစ်ဆေးမှုများအရ သိရှိနိုင်ပါသည်။ သို့သော်လည်းတစ်ခါ တစ်ရံ ပဉ္စလက်ဆန်သောစားသုံးဆီများကို စစ်ဆေးရသည့်အခါ ဓါတ်ခွဲခန်းမှူးမျက်စေ့လည်ရပါ တော့သည်။ -မြေပဲဆီသန့်-ဟုအညွှန်းတပ်ထားသောစားသုံးဆီနမူနာ၏ အိုင်အိုဒင်းတန်ဖိုး (Iodine Value) စစ်ဆေးချက်ရလဒ်သည် အဆင့်မြင့်စားအုန်းဆီ၏ တန်ဖိုးဘောင်အတွင်း ရောက်နေပြီး ဆီနမူနာ၏ ရနံ့အနေဖြင့် မြေပဲလှော်နံ့တသင်းသင်းရှိနေ‌သောအခါ ဓါတ်ခွဲခန်း ထုံးစံအရဒုတိယအကြိမ်(Duplicate) ပြန်လည်စစ်ဆေးရပါတော့သည်။ ဒုတိယအကြိမ်ရလဒ် သည်လည်း ပထမအကြိမ်နည်းတူဖြစ်နေပါက ဤဆီသည် ဓါတ်ခွဲခန်းမှူးအတွက်မာယာများ သောဆီပင်ဖြစ်ပါသည်။

          စားသုံးဆီများသည် အချိန်ကာလကြာလာသည်နှင့်အမျှအနံ့ဆိုးများ ထွက်ပေါ်လာပြီးဆီ ၏အရည်အသွေးများပျက်စီးလာတတ်ကြပေရာ ၎င်းကိုဆီသားတည်မြဲမှု(Stability)အားနည်း လာခြင်းဟုသတ်မှတ်ပြီး နိုင်ငံတကာစားသုံးဆီရောင်းဝယ်မှုတွင် အလွန်အလေးထားကြပါသည်။ စားသုံးဆီတို့တွင် အောက်ဆီဂျင်(လေ)ကြောင့်ဓါတ်တိုးမှု (oxidation) ဖြစ်ပေါ်ခြင်းသည် ဆီသား တည်မြဲမှုကို ပျက်စီးစေသောအဓိကအကြောင်းရင်းဖြစ်ပါသည်။ ပြည့်ဝမှုအပိုင်းများသော စားသုံးဆီတို့သည် မပြည့်ဝမှုအပိုင်းများသော စားသုံးဆီတို့ထက်ဓါတ်တိုးခြင်းဖြစ်စဉ်ကို ပို၍ခုခံ ကာကွယ်နိုင်ပြီး ရောင်ခြယ်ပစ္စည်း(ဥပမာ-ကယ်ရိုတင်နွိုင်နှင့် ကလိုရိုဖီးလ်)များစွာပါဝင်သော ဆီများသည် အလင်းရောင်ကြောင့် ဓါတ်တိုးမှု(Photo oxidation) မြန်ဆန်စေသည်ဟုလည်း လေ့လာသိရှိရပါသည်။

          စားသုံးဆီတွင် ဓါတ်တိုးမှုဖြစ်ပေါ်သည့်ပမာဏကို ပါရောက်ဆိုဒ်တန်ဖိုး ( Peroxide value) ဖြင့်ဖော်ပြပြီး တန်ဖိုးသတ်မှတ်ချက်အများဆုံး(၁၀)သတ်မှတ်ထားပါသည်။ ယေဘူယျ အားဖြင့် Peroxide value များလာသည်နှင့်အမျှ ဆီသားပျက်စီးမှု (Rancid) ဖြစ်လာပေရာ ၎င်းတို့ နှစ်ခုမှာ ဆက်စပ်လျှက်ရှိကြပါသည်။ သို့သော်လည်း ယင်းယူဆချက်မှာ ဆီအမျိုးအစားပေါ် မူတည်၍အံ့သြဖွယ်ရာ ပြောင်းလဲတတ်ပါသည်။ အနံ့ဆိုးထွက်နေသော်လည်း ဆီသားပျက်စီးမှု တွင် Negative (ဆီသားပျက်စီးမှုမရှိ)ဟုပြနေသော စားသုံးဆီရှိသကဲ့သို့ အနံ့ဆိုးမထွက်၊ ပါရောက်ဆိုဒ်တန်ဖိုး(၁၀) မကျော်ပါဘဲနှင့် ဆီသားပျက်စီးမှုရှိသော (Positive)ဆီမျိုးကိုလည်း စစ်ဆေးခဲ့ရပါသည်။ ဤသည်မှာလည်းဆီတို့၏ မာယာပင်ဖြစ်ပါသည်။

          ပျက်အစဉ်ပြင်ခဏ ဟူသောဆိုရိုးစကားသည် ပျက်စီးနေသောပစ္စည်းတစ်ခုကို ပြင်ဆင်မှု မပြုလျှင် အစဉ်အမြဲပျက်စီးနေမည်သာဖြစ်ပြီး ပြင်ဆင်လိုက်ပါက ခဏအတွင်းပစ္စည်းကောင်း တစ်ခုဖြစ်သွားမည်ဟု မှတ်သားခဲ့ပါသည်။ သို့သော်လည်း ထိုဆိုရိုးစကားကို စားသုံးဆီကဏ္ဍ အတွက် အသုံးပြုမည်ဆိုပါက စားသုံးသူပြည်သူများအတွက် လွန်စွာအန္တရာယ်ရှိလာနိုင်ပါသည်။ ပျက်စီးပြီးသားဆီကို ဓါတုဗေဒနည်းလမ်းများသုံး၍ စားသုံးဆီအဖြစ် ပြန်လည်ပြုပြင်ထားသော ဆီများတွင် မူလဆီ၏ဓါတ်ဖွဲ့စည်းပုံနှင့် မတူညီသော အခြား ပုံပြောင်းဆီများအဖြစ် ပြောင်းလဲ သွားလေ့ရှိပါသည်။ စားသောက်ဆိုင်များနှင့် စားသောက်ကုန် အကြော်လုပ်ငန်းများမှ စွန့်ပစ်ပြီး သောဆီများသည် အကြိမ်ကြိမ်ကြော်လှော်ထားခြင်းကြောင့် အရောင်မဲနေပြီဖြစ်ကာ ပျက်စီးနေ သောဆီသာဖြစ်ပါသည်။ ၎င်းတို့ကိုပြန်လည်ပြုပြင်ပြီးပါက အရောင်လှအနံ့မွှေးသော စားသုံးဆီ အဖြစ် မာယာများပြနိုင်ကြပါသည်။

          ဤသို့ဆိုလျှင် စားသုံးဆီတွင် ၎င်း၏ပင်ကိုယ်ဂုဏ်သတ္တိအရ သဘာဝကပေးထားသော မာယာရှိသကဲ့သို့ လူ့လောဘကြောင့် လူတို့တန်ဖိုးထားသော မာယာများကလည်းရှိနေပြန်ရာ ဆီစားသုံးသူ မိဘပြည်သူများအတွက် မိမိကပေးလိုက်ရသောတန်ဖိုးနှင့် ပြန်ရလိုက်သော အရည်အသွေး ဘက်မညီရုံမျှမက ထိုကဲ့သို့သော စားသုံးဆီများကြောင့် ဖြစ်ပွားတတ်သည့် ရောဂါ များကိုပါ အဆစ်အနေဖြင့် အပိုဆောင်း ရရှိလာနိုင်ပါသည်။

          မည်သို့ပင်ဆိုစေကာမူ စားသုံးသူပြည်သူများအနေဖြင့် မာယာများတတ်ကြသော စားသုံးဆီများအကြောင်းကို သိရှိရပြီးနောက်တွင် အသိနောက်၌ သတိကပ်၍ မိမိတို့ဝယ်ယူမည့် စားသုံးဆီ၏ ကုန်အညွှန်းအမှတ်အသားတွင် စားသုံးဆီ၏အမည်၊ သုံးစွဲထားသောကုန်ကြမ်း ပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအမျိုးအစား၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ် သည့်လိပ်စာအပြည့်အစုံနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကျန်းမာရေးထောက်ခံချက်စသည် တို့ကို သေချာစွာ စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါကြောင်းနှင့် သုံးစွဲသည့်အခါတွင်လည်း အနည်းဆုံးလိုအပ်သော ပမာဏအထိလျှော့ချသုံးစွဲသင့်ပါကြောင်း ဓါတ်ခွဲခန်းမှူးတစ်ဦးအနေဖြင့် အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

(အိအိချော)

CTQM

အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (National Consumer Protection Programme-NCPP) ထုတ်ပြန်ကြေငြာခြင်း

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ စားသုံးသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်အတွက် ရေရှည် တည်တံ့သော စားသုံးမှုအလေ့အထများ ပေါ်ပေါက်လာစေရေး၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစားပေးနယ်ပယ်များ သတ်မှတ်ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သည့် စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များနှင့် စနစ်တကျပူးပေါင်း ဆောင်ရွက်နိုင်ရေး တို့အတွက် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (National Consumer Protection Programme - NCPP) ကို ရေးဆွဲခဲ့ပါသည်။ အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်အား ရေးဆွဲနိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပဆောင်ရွက်၍ ရေးဆွဲခဲ့ပါသည်။

          အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်တွင် အောက်ဖော်ပြပါအဓိကလုပ်ငန်းစဉ် ၅ ရပ်ထည့်သွင်းချမှတ်ထားရှိပြီး၊ လုပ်ငန်းစဉ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များအား ခွဲခြားသတ်မှတ်ထားရှိပါသည်-

          (က)    စားသုံးသူကာကွယ်ရေးမူဝါဒများဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုရေးအစီအစဉ်

          ( ခ)    စားသုံးသူအသိပညာပေးရေးအစီအစဉ်

          ( ဂ)    ပြန်ကြားဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်

          (ဃ)    ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအစီအစဉ်

          ( င)    စားသုံးသူနစ်နာမှုများအပေါ် အရေးယူဆောင်ရွက်ရေးအစီအစဉ်

          အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ်ပါ လုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းကာလအား ၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ် အထိ (၅) နှစ် သက်တမ်း သတ်မှတ်ထားပြီး စီမံကိန်းကာလအလိုက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ခွဲခြားသတ်မှတ်ထားရှိပါသည်။ ထုတ်ပြန်ထားသည့် အမျိုးသားစားသုံးသူ ကာကွယ်ရေးအစီအစဉ် (National Consumer Protection Programme-NCPP) အား အောက်ဖော်ပြပါ (.pdf) file တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်-

 

စစ်တွေမြို့ပေါ်ရှိ ကုန်စည်ထုတ်လုပ်သောလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်း

    စစ်တွေမြို့ပေါ်ရှိ  ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြသော လုပ်ငန်းရှင်များနှင့် တေွ့ဆုံဆွေးနွေးခြင်းကို ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၆.၅.၂၀၂၁)နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နွေးဆွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  လုပ်ငန်းရှင်များမှ ၎င်းတို့ထုတ်လုပ်သည့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အရ လိုက်နာဆောင်ရွက် စေရန်ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ စစ်တွေမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင် (၈)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

         ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်လင်းပြောကြားခဲ့ကြောင်း၊ စစ်တွေမြို့ပေါ်ရှိ “ရွှေငါး” ငရုပ်သီးမှုန့် ၊ “စိန်”နှင့် “ဂဠုန်ဘုရင်” ပဲငံပြာရည်လုပ်ငန်း၊ ‘‘BMG’’ သောက်ရေသန့်လုပ်ငန်းတို့မှ ကုန်းအညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူထားရှိပြီးဖြစ်ကြောင်းနှင့် တက်ရောက်လာကြသော လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ ဘေးဥပါဒ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် သောက်ရေသန့်ဘူးများ ဖြန့်ဖြူးရာတွင် အမိုးအကာအောက် ထားရှိရန်၊ နေရောင်ခြည်ထိတွေ့မှု မရှိစေရန်နှင့် စနစ်တကျ ထားသို သိမ်းဆည်းရန် အသိပညာပေးပြောကြားခြင်း၊ ရေသန့်ဘူးပေါ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူဆောင်ရွက်နိုင်ရေး လိုအပ်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့သည်များကို စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်(DOCA)

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည်အခမ်းအနား

နေပြည်တော်၊ (၈.၅.၂၀၂၁)

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) ၏၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ MITS ဒါရိုက်တာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် MITS သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်း ပေးထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်း ဖြစ်ပြီး ဝန်ကြီးဌာနကို တာဝန်ခံ၍ လယ်ယာ ထွက်ကုန်များ ပြည်ပသို့ တင်ပို့ရာ၌ စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် စစ်ဆေးဆောင်ရွက်ပေးသော Third party အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်း များကို လိုက်နာလက်ခံပြီး ကျင့်သုံးလျက်ရှိပြီး ISO 9001:2008 လက်မှတ်ကို ၂၀၁၂ တွင် ရရှိထားပြီး ISO 9001:2015 ကို ၂၀၁၈ တွင် ရရှိထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO 17025 တို့ကို ရရှိရန် ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါကြောင်း၊ ISO 17025 ရရှိရေးအတွက် ISO စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်တင်းရန် လိုအပ်သလို HR ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုပြုလုပ်နိုင်မည့် ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်အောင် လိုက်ပါဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှု ရရှိ နိုင်စေရန် ဘက်မလိုက်မှု၊ ရိုးသားမှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု စသည့်အချက်များ နှင့်ညီအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ MITS ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က MITS ၏ နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ အုပ်ချုပ်မှုဒါရိုက်တာက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ MITS ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းအတည်ပြုခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း MITS သို့ လုပ်ငန်း အများဆုံးအပ်နှံခဲ့သည့် ကုမ္ပဏီများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၂ ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးအား Virtual စနစ်ဖြင့်ကျင်းပ

                      အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACPP) အနေဖြင့် ၂၂ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို (၃.၅.၂၀၂၁)ရက်နေ့မှ (၆.၅.၂၀၂၁)ရက်နေ့ထိ Virtual စနစ်ဖြင့် ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျာမနီ၊ နယူးဇီလန်၊ ဩစတေးလျနိုင်ငံများမှ စားသုံးသူကာကွယ်ရေးဆိုင်ရာကိုယ်စားလှယ်များ၊ GIZ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

            အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံ ပြည်တွင်းကုန်သွယ်မှုနှင့်စားသုံးသူရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Mohamed Zahari bin Razali က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ စားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၁၆-၂၀၂၅ (ASEAN STRATEGIC ACTION PLAN FOR CONSUMER PROTECTION-ASAPCP 2016-2025)အပေါ် ကာလလယ် သုံးသပ်ချက်များ (Mid Term Review)၊ ASAPCP အပေါ် လိုက်ပါဆောင်ရွက်နိုင်မှုအခြေအနေများ၊ အာဆီယံအဆင့် အွန်လိုင်းစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်လမ်းညွှန် (ASEAN ODR Guidelines) အပါအဝင် ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါသည်။

            အစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး ဦးဆောင်သောအဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

ITQM

မတူကွဲပြား မိုးစပါးနှင့်နွေစပါး

      စပါးသီးနှံကို ရှေးယခင်က မိုးရာသီတွင်သာစိုက်ပျိုးကြပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှစ၍ နွေ ရာသီတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာရာ ယခုအခါ  မိုးစပါးစိုက်ဧရိယာ ၁၅ သန်းကျော်နှင့် နွေစပါးစိုက်ဧရိယာဧက ၂.၇ သန်းကျော်စိုက်ပျိုးကြောင်း၊မိုးစပါးသည် မိုးရေကိုအားထားစိုက်ပျိုး ရပြီး နွေစပါးသည် ဆည်ရေ(သို့)မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေ စသည့် သွင်းရေတစ်မျိုးမျိုးဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးသောစပါးကို မိုးစပါး၊ အောက်တိုဘာလ မှ ဧပြီလကုန်အထိ စိုက်ပျိုးသောစပါးကို နွေစပါးဟု ခွဲခြားနိုင်ကြောင်း၊ နွေစပါးအထွက် နှုန်းပိုခြင်းမှာ မိုးရာသီထက်နွေရာသီတွင် မိုးတိမ်ကင်းစင်ပြီး စပါးပင်အတွက် နေရောင်ခြည် စွမ်းအင် ပိုမိုရရှိသဖြင့် အဆိုပါနေရောင်ခြည်စွမ်းအင်ဖြင့် အပင်အတွက် အစာချက်လုပ်ကာ ကြီးထွားဖွံ့ဖြိုးပွင့်သီးရ၍ဖြစ်ကြောင်း၊ ယေဘူယျအားဖြင့် နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုမို ရှည်ရခြင်းမှာ နွေစပါးသည်နိမ့်သောအပူချိန်တွင်ပင်ပိုင်းကြီးထွားမှုကိုစတင်ဖြတ်သန်းရပြီး ရာသီ ဥတုအေးသဖြင့် အပင်ကြီးထွားမှုကို ဟန့်တားခံရခြင်းဖြစ်နိုင်သဖြင့် သက်တမ်းအလယ်အလတ် ရှိသော(သို့)သက်တမ်းကြီးသောစပါးမျိုးကို စိုက်ပျိုးခြင်းမပြုသင့်ခြင်းမှာ မူရင်း သက်တမ်းထက် ပိုမို အသက်ရှည်ခြင်းကြောင့် ရိတ်သိမ်းချိန်တွင် မိုးလှိုင်ချိန်နှင့် ကြုံတွေ့ကာ ထိခိုက်ပျက်စီး လေလွင့်ဆုံးရှုံးမည်ကိုစိုးရိမ်ရကြောင်း၊ ဒေသရေမြေအလိုက် စိုက်ပျိုးနိုင်သောစပါးမျိုး များစွာရှိ ကြောင်း၊ နွေရာသီတွင်စိုက်ပျိုးသင့်သည့်စပါးမျိုးများမှာ ဒေသစပါးမျိုးအုပ်စုနှင့် အထွက်ကောင်း စပါးမျိုးအုပ်စုတို့ဖြစ်ပြီး ဒေသစပါး(သို့) ရာသီစပါး(သို့) ပန်းပွင့်ရက်ပုံသေရှိသော စပါးမျိုးများက အုပ်စုတစ်ခုဖြစ်ရာ အဆိုပါအုပ်စုဝင်စပါးမျိုးများသည် အလင်းရောင်တုံ့ပြန်မှုရှိသောစပါးမျိုးများ ဖြစ်ကြပြီး မိုးရာသီတွင်သာ ဖြစ်ထွန်းကြောင်း(ဥပမာ- အင်းမရဲဘော်၊ နှံကား၊ လုံးသွယ်မွှေး)၊ အထွက်ကောင်းစပါး(သို့)ခေတ်သစ်စပါးမျိုးတို့သည် အခြားအုပ်စုဝင်တစ်ခုဖြစ်ပြီး အလင်းရောင် တုံ့ပြန်မှုမရှိပဲ သက်တမ်းအလိုက် သီးပွင့်ရင့်မှည့်ကြရာ မျိုးစေ့မြေချ စတင် ပျိုးထောင်စိုက်ပျိုး သည်မှ စပါးမျိုးအလိုက် အသက်စေ့လျှင်ရိတ်သိမ်းနိုင်ပြီး မိုးရာသီတွင်သာမက နွေရာသီတွင် လည်းစိုက်ပျိုးနိုင်ရာ နွေစပါးဟူ၍သီးသန့်မရှိကြောင်း၊ မိုးရာသီတွင်စိုက်သည့် အထွက်ကောင်း စပါးမျိုးအုပ်စုဝင်စပါးမျိုးကို နွေရာသီတွင်စိုက်ပျိုးလိုပါက နွေစပါးအဖြစ်အသုံးပြုနိုင်ကြောင်း၊နွေ ရာသီတွင်အများစုစိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုးများမှာ မြန်မာနိုင်ငံအောက်ပိုင်းတွင် သီးထပ်ရင်နှင့် အလယ်ပိုင်းတွင် ရွှေသွယ်ရင်စပါးမျိုးတို့ဖြစ်ပြီး သီးထပ်ရင်နှင့်ရွှေသွယ်ရင် စပါး နှစ်မျိုးစလုံးသည် သက်တမ်းတိုစပါးမျိုးများဖြစ်ကြောင်း၊ ယခုအခါ အခြားအထွက်ကောင်း သက်လျင်မျိုးများဖြစ်သော ရက်-၉၀ ရတနာတိုးတို့ကိုလည်းစိုက်ပျိုးလာသော်လည်း သက်လတ် အထွက်ကောင်းစပါးမျိုးများဖြစ်သော မနောသုခနှင့် ဆင်းသုခတို့ကိုလည်း မိုးရာသီသာမက နွေ ရာသီတွင်လည်းစိုက်ပျိုးနေဆဲဖြစ်ကြောင်း၊ယခုအခါ စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်ကိုကျင့်သုံးသကဲ့သို့ ပျိုးထောင်ကောက်စိုက်သည့်စနစ်ကိုလည်း ဆောင်ရွက်နေကြရာ စိုက် ပျိုးမည့်ဒေသ၏ သွင်းရေရရှိနိုင်မှုအခြေနေ၊ လွယ်ကူမှု၊ ခက်ခဲမှု၊ မြေဆီလွှာ၏ ရေထိန်းထားနိုင်မှု၊ စိုက်ပျိုးသူ၏ ကုန်ကျစရိတ်ကျခံနိုင်မှု၊ စိုက်ပျိုးမည့် မြေဧရိယာပမာဏ အကျယ်အဝန်းအပေါ် မူ တည်၍ စဉ်းစားရန်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့သော မြေဧရိယာ ပိုင်ဆိုင်မှု များ သောဒေသများ၌ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပျိုးလေ့ရှိခြင်းမှာ မုတ်သုံမိုးစတင်ကျရောက်သည့် ဒေသဖြစ်၍ မိုးဉီးမကျမီရိတ်သိမ်းလိုခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့၌  နွေစပါးကို နည်းလမ်းနှစ်မျိုးစလုံးကျင့်သုံးစိုက်ပျိုးကြပြီး နေပြည် တော်၊ ပျဉ်းမနားနှင့်လယ်ဝေးဒေသတို့ကဲ့သို့ မိုးစပါး၊ ပဲမျိုးစုံ၊ နွေစပါး သုံးသီးစားပုံစံကို ဆောင် ရွက်ကြသည့်လယ်သမားများက ပဲမျိုးစုံရိတ်သိမ်းအပြီး မြန်ဆန်စွာ နွေစပါးကို စိုက်ပျိုးလိုကြသ ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ကြပြီး အချို့ကမျိုးစေ့ချကိရိယာဖြင့်ဆွဲ၍မျိုးစေ့ချကြကြောင်း၊ ပိုးမွှား ရောဂါကျရောက်မှုသည် သဘာဝပတ်ဝန်းကျင်ရာသီဥတုနှင့် ဆက်စပ်လျှက်ရှိရာ မိုးရာသီတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါကျရောက်မှု ဆိုးရွားနိုင်ပြီး နွေစပါးတွင်ဘက်တီးရီးယား ရွက် စင်းရောဂါကျရောက်လေ့ရှိကြောင်း၊ မိုးစပါးတွင် ရွက်ပြားမျိုးနွယ်ဝင်အုပ်စုပေါင်းမြက်များ ပိုမို ပေါက်ရောက်ပြီး နွေစပါးတွင် မြက်မုန်ညင်းနွယ်ဝင်အုပ်စုနှင့် မြက်မျိုးနွယ်ဝင်အုပ်စု ပေါင်းမြက် များပိုမိုပေါက်ရောက်လေ့ရှိကြောင်း၊ မိုးစပါးနှင့်နွေစပါးတွင် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ နှစ်မျိုးစလုံးသုံးစွဲရန်လိုအပ်ရာ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် စေးသောမြေကိုဖွယ်စေ၍ဖွယ်သောမြေကို စေးစေကြောင်း၊ဓါတ်မြေဩဇာကိုသုံးခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ပွင့်သီးရေးတို့အတွက် လုပ်ငန်း အဝဝကိုအစဉ်လည်ပတ်နေစေရန်လိုအပ်သည့် phosphorous၊ Nitrogen၊ Potassium ဓါတ်များ ရရှိစေကြောင်း၊နွေစပါးတွင် နိုက်ထရိုဂျင်ဓါမြေဩဇာထည့်ခြင်းကြောင့် ရရှိသည့်အကျိုးအမြတ် သည် မိုးစပါးထက်ပို၍ကောင်းစေသည်သာမက စပါးအထွက်နှုန်းလည်း သိသာစွာတိုးတက်နိုင် ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- တောင်သူကြီးများဂျာနယ်)

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) သတင်းဌာန မှ Consumer Call Center ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ မေးမြန်းလာမှုအား ရှင်းလင်းဖြေကြားခြင်း

     စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်း အချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ် တိုင်ကြားနိုင်ရန်နှင့် လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်ရန် ရည်ရွယ်၍ Consumer Call Center အား ၂၀၂၁ ခုနှစ် မေလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

     အဆိုပါ Consumer Call Center ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းစဉ်များ၊ Call Center သို့ ဆက်သွယ်တိုင်ကြားလာသူများအနေဖြင့် သိရှိသင့်သည့် သတင်းအချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းထောက်မှ မေးမြန်းလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ရှင်းလင်းဖြေကြားခဲ့ပါသည်-

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ