သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ လုပ်ငန်းရှင်နှင့် အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ Colour Care Business Group မှထုတ်လုပ်သော မုန့်မျိုးစုံလုပ်ငန်းနှင့် စိန်ခဲ၊ ရွှေခဲအမှတ်တံဆိပ် ငံပြာရည်၊ ခရုဆီနှင့် ငရုတ်ဆီထုတ်လုပ်သော စက်ရုံများရှိ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သော စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များပြည့်စုံစွာပါရှိရန်နှင့် စက်ရုံသန့်ရှင်းရေးကိုလည်း အဓိကထားလုပ်ဆောင်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူအခွင့်အရေးသိရှိစေဖို့ ဟောပြောဆွေးနွေး အသိပညာပေးကြစို့

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၁၄.၃.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်း ထားကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှာ ဆိုရင်လည်း “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟူသော ဆောင်ပုဒ်နှင့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ကျင်းပမှာဖြစ်သလို ခရိုင်/မြို့နယ်တွေမှာလည်း ယခုလို ဟောပြောပွဲတွေ/ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ကမ်ပိန်းတွေ ပြုလုပ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူများလိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄)ချက် ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website ဖြစ်တဲ့ www.doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No. 1535 အား ဖွင့်လှစ်ထားရှိကြောင်းနှင့် စားအုန်းဆီ ကျန်းမာရေးအကျိုး ပြုပုံများ အကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်း(၈)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့” Mo “သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ မတ်လ(၁၄)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကျွန်းလှမြို့ “Mo”သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ ကုန်ကြမ်းပစ္စည်း ပြတ်လတ်မှု ရှိ/မရှိ ၊ အလုပ်သမားအရေအတွက်၊ တစ်ရက် ထုတ်လုပ်မှုပမာဏများကို မေးမြန်းပြီး ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် “Mo”သောက်ရေသန့်စက်ရုံမှ  သောက်ရေသန့်ထုတ်လုပ်မှု အဆင့်ဆင့် တွင်လည်း သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် သောက်ရေသန့် ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များကို ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်နှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းရှင်များ  မုန့်မျိုးစုံလုပ်ငန်းများ နှင့် အစားအသောက် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း ၊စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

အုန်းဆီများထုတ်ပေးနေမှုအား သွားရောက်စစ်ဆေး

     ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများဝယ်ယူရာ၌ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များအား စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှ (၄-၃-၂၀၂၄) ရက်နေ့မှ (၉-၃-၂၀၂၄) ရက်နေ့ထိ  ဆီတစ်ပိဿာလျှင် (၆၁၇၃) ကျပ်ဈေးနှုန်းဖြင့် ဆီပေပါအလုံးရေစုစုပေါင်း ၁၁၃၈၃လုံးထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့် ရေးများနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် (၁၂.၃.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့် ဆိုင်(၂)ဆိုင်ရှိ စားအုန်းဆီဝယ်ယူသည့် စားသုံးသူပြည်သူများနှင့် ရွှေဘိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ စားသုံး သူပြည်သူများအား လက်ကမ်းစာစောင်(၂၅၀)စောင်ဖြန့်ဝေခြင်း၊ စားသုံးဆီနှင့် ကုန်မျိုးစုံ‌ရောင်းချသည့်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စက်ဆန်းမီးရထားသိုလှောင်ရုံအတွင်း တရားမဝင်ကုန်စည်များအား စစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်စဉ်အတွင်း  ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော  ခရိုင်ဒုတိယရဲမှူးကြီး လှဖုန်းကျော်နှင့် တာဝန်ရှိသူများ၊ မလွှကုန်းရဲစခန်းမှ ရဲအုပ်အောင်ကျော်ဦး၊ မီးရထားရဲမှ ဒုတိယရဲမှူးဇော်လင်းနှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းရာဇာတို့ ပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း မီးရထားသိုလှောင်ရုံသို့ (၁၂-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၁၅) နာရီအချိန်တွင် ကုန်တွဲ(၅၀)တွဲအား ရှောင်တခင်စစ်ဆေးရာ စားသောက်ကုန်များကို တင်ဆောင်လာကြောင်းနှင့် စစ်ဆေးမှုများကို ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်  ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အောင်ဆန်းခန်းမ၌ ( World Consumer Rights Day ) ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ကျောင်းသား/ ကျောင်းသူများအား စားသုံးသူရေးရာနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့်နည်းပညာများကိုရရှိစေလိုကြောင်း၊ အေးချမ်းစွာပညာသင်ယူပြီး ကျောင်းပြီးသွားသည့်အခါ လုပ်ငန်းခွင်တွင် အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ဟောပြောပွဲကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စနစ်တကျမှတ်သားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက ၂၀၂၄ခုနှစ်၊ မတ်လ(၁၅)ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၏ အလေးထားပါဝင်ဆောင်ရွက်မှုမှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ တစ်သားတည်းရှိနေပါကြောင်း၊ “မျှတအလေးမူတာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟူသော ဆန်းသစ်သည့်နည်းပညာတစ်ခုကို ရည်ညွှန်းထုတ်ဖော်ထားပြီး နောက်ဆုံးပေါ်နည်းပညာတစ်မျိုးဖြစ်သည့် AI ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာသည် ကုန်ရောင်းကုန်ဝယ်ပြုလုပ်သော နေရာ၌လည်း စားသုံးသူများ၏ကြိုက်နှစ်သက်မှု၊ ဝယ်ယူမှုပုံစံတို့ကို လေ့လာသိမ်းဆည်းပြီး ရောင်းချမှုလုပ်ငန်းများအတွက် အထောက်အကူပြုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုအသိပညာပေး Video ပြသခဲ့ပါသည်။ ဆက်လက်၍ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာတာဝန်ခံ ဦးဇော်မင်းလတ်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေးများ၊ တားမြစ်ချက်ဆိုင်ရာဥပဒေနှင့် ပြဋ္ဌာန်းချက်များ စသည်တို့ကိုဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမင်းထက်စိုးက ဘေးအန္တရာယ်ဖြစ်စေသော စားသုံးသူကျန်းမာရေးဆိုင်ရာ အစားအစာများအကြောင်းကို ရှင်းလင်းပြေားကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ပါမောက္ခချုပ်အား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များပေးအပ်ခဲ့ကြောင်းနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၅၂၃)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

     ၂၀၂၄ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၁၇၅)ဦးတက်ရောက်ခဲ့ကြပါသည်။

     မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၏  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူ တိုင်ကြားမှုနှင့်ပတ်သက်၍ စံပြအမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိသော ကုန်စည်များအား အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားစွဲဆိုထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပါသည်။

      ဆက်လက်၍ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုသူများအနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၇)ဦးတို့အား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ကျင်းပပြုလုပ်သော  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍  ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ချင်းတွင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ   ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း (   ၁၂၀  ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဆောင်းပါးပြိုင်ပွဲဝင်(၆)ဦး၊ ကာတွန်းပြိုင်ပွဲဝင်(၂)ဦး၊စုစုပေါင်း(၈)ဦးအား  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း၊ စားသုံးသူ ရေးရာ ကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်များအကြောင်း၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ်ရေး ဆောင်ရွက်မှုများ အကြောင်းကို ရှင်းလင်း ဆွေးနွေးရာတွင် ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေကို အသစ်ပြင်ဆင်ပြဌာန်းကာ စားသုံးသူ များလုံခြုံစိတ်ချရ မှုရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုကြောင့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ စားသုံးသူကာကွယ်ပေးရေး၊ စားသုံးသူအခွင့်အရေးမြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် အလေးထား ဂရုပြုသင့်သည့် ကဏ္ဍနှင့်ပတ်သက်သော အသိပညာပေး လှုံ့ဆော်မှုများကို ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ အစည်းဖြစ်သည့် Consumer International က နှစ်စဉ်အထိမ်းအမှတ် ဆောင်ပုဒ်များသတ်မှတ်ထုတ်ပြန်ပေးလျက်ရှိပြီး၊ ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် မီဒီယာကမ်ပိန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပေးပိုစတာစိုက်ထူခြင်း၊ ဟောပြောဆွေး နွေးပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခု ၂၀၂၄  ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ     “  မျှတအလေးယူ တာဝန်ယူ ၊ စားသုံး သူ အကျိုးပြု ဥာဏ်ရည်တု ” ဖြစ်ကြောင်း၊ စားသုံးသူအားလုံး၏ အခြေခံအခွင့်အရေးများကို မြှင့်တင် နိုင်ပြီး အလေးထား ကာကွယ်ပံ့ပိုးပေးနိုင်မှုများ တိုးတက်လာစေရန်ရည်ရွယ်၍ နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်များ သတ်မှတ်ထုတ်ပြန်လျက်ရှိရာ အဆိုပါဆောင်ပုဒ်များနှင့်အညီ စားသုံးသူ ရေးရာဦးစီးဌာနက လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဧည့်သည်တော်များအား ရုံးချုပ်မှ ပေးပို့သော ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် VideoClip ပြသခြင်း ၊ စားသုံးသူအခွင့်အရေး ကာကွယ်ပေးသီချင်းဖြင့်  ဝန်ထမ်းများက သီဆိုတင်ဆက်ခြင်း၊ လုပ်ငန်းရှင်များ အစဉ်မှတ်သားသီချင်း တေးသရုပ်ဖော်အကဖြင့် ဝန်ထမ်းများက ကပြဖျော်ဖြေပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝိုင်းမော်မြို့နယ်အတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၁၄-၃-၂၀၂၄) ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ ဝိုင်းမော်မြို့ရှိ စားသုံးသူပြည်သူ (၂၃) ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောရာ၌ ဦးဘောမ်ဇုန်း(ရုံးအုပ်)က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ၊ စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ်  ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ပြည်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ