သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်ရနေသော ဓနုဖြူမြို့နယ်က မာဃ ပဲမုန့် လုပ်ငန်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဓနုဖြူမြို့နယ်၏ အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်း MSMEs ဒေသထွက် လုပ်ငန်းများစွာရှိသည့်အနက် ဒေသတွင်း မူရင်းကုန်ကြမ်းများကို အခြေခံ၍ မြန်မာ့မုန့်များကို ထုတ်ကုန်အမျိုးအစားများအလိုက်  တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းထုတ်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန် တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် မြေပြင်တွင် အမှန်တကယ် လုပ်ကိုင်နေသည့်လုပ်ငန်းရှင်များ၊ ရင်းနှီးမတည်ငွေများရရှိစေရေး လုပ်ငန်းအတွက်အကျိုးရှိရှိ အသုံးချမည့်လုပ်ငန်းရှင်များ ဖြစ်စေရေးတို့ကို စိစစ်ပြီး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

     ယခု ၂၁ရာစုကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိနိုင်ငံစီးပွားရေး ခိုင်မာတောင့်တင်း စေရန် နိုင်ငံအလိုက် စီးပွားရေးမူဝါဒများ ချမှတ်ကျင့်သုံးလျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာ့လူသားများ၏ ခေတ်နှင့်အညီ လိုအပ်မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်းဝယ်လိုအား၊ တီထွင်ဆန်းသစ်မှု စသည်တို့ကိုတွက်ချက်၍ လိုအပ်သော ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ထူထောင်ကာ  အပြိုင်အဆိုင် ကြိုးစားလာကြသည်။ စီးပွားရေးလုပ်ငန်းများ ထူထောင်ရာတွင် ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပတင်ပို့မှု တို့အဆင်ပြေအောင်လည်း တွက်ချက် အကောင်အထည်ဖော်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကောင်း၊ မကောင်းကို နိုင်ငံ၏ GDP ကို လေ့လာကြည့် ကသိနိုင်သည်။ အခြေခံ အကျဆုံး အချက်ဖြင့် တွက်ချက်ကြည့်ပါက နိုင်ငံတစ်ခု၏စီးပွားရေးသည် ပြည်ပ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန် တန်ဖိုးတို့၌ များစွာမူတည်လျက်ရှိသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ဓနုဖြူမြို့နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းထုတ်လုပ်သော လုပ်ငန်းများ ခေတ်မှီနည်းစနစ်များနှင့်အညီ ပြည်တွင်းမှ ပြည်ပတင်ပို့နိုင်သည့် အထိ ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းဆောင်ရွက် ခြင်း၏ အားသာချက်၊ အားနည်းချက် များကို အကြံပြုဆွေးနွေး ကွင်းဆင်းလေ့လာမှုပြုခဲ့ရာ မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်သည့် မာဃပဲမုန့်လုပ်ငန်း အခြေအနေများအား သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ မာဃပဲမုန့်လုပ်ငန်း ထုတ်လုပ်မှုအဆင့်ဆင့်ကို (၁၂.၃.၂၀၂၄) ရက်နေ့က သွားရောက်လေ့လာခဲ့ပြီး မုန့်လုပ်ငန်းရှင်မှ လုပ်ငန်းထုတ်လုပ်မှု အဆင့်ဆင့်နှင့် ဈေးကွက်တင်ပို့ဖြန့်ချီမှု ထုတ်လုပ်မှုဖြစ်စဉ်လုပ်ငန်းအကြောင်းကို မေးမြန်းခဲ့ပါသည်။

     အဆိုပါမုန့်လုပ်ငန်း ပိုင်ရှင်မှာ ဒေါ်ထိုက်ထိုက်ဝင်းဖြစ်ပြီး မာဃပဲမုန့် ပါဝင်ပစ္စည်းအနေဖြင့် ဆီ၊ ဂျုံ၊ ပဲ၊ သကြား၊ ကပ်စေးနှဲ၊ ဘဲဥ တို့ပါဝင်ပြီး ထုတ်လုပ်မှု အဆင့်ဆင့်မှာ နယ်ပြီးသား ဂျုံမုန့်သားကို ဆီနဲ့ရောစပ်နှဲပြီး လိပ်ထားကာ လိပ်ထားသော ဂျုံမုန့်သားကိုအပြုပြုလုပ်၍ ပဲအနှစ် ကို အလည်တွင် ထည့်ကာ မုန့်ကိုထုတ်ရပါသည်။ ထုတ်ပြီးလျှင် ပုံစံခွက်ကွင်းလေး ထဲထည့်ပြီး တပြားရိုက်ကာ လင်ဗန်းထဲကို စီထားရပါသည်။ စီထားသောမုန့်များကို ဘဲဥ အနှစ်သုတ်ရပါသည်။ ဘဲဥအနှစ် သုတ်ပြီးသောမုန့်များကို ပေါင်းခံစက်ထဲသို့ထည့်ပြီး မိနစ် ၂၀ ကြာအောင် ထားရပါသည်။ မိနစ် ၂၀ ကြာ မုန့်များကျက်ပြီဖြစ်၍ ထွတ်လာသောမုန့်များကို အအေးခံကာ မုန့်အေးသောအခါ ပလပ်စ တစ်အိပ်ထဲသို့ တစ်ခုခြင်းစီထည့်၍ မုန့်ဗူးကြီး ဆယ်ခုပါ ပါကင်ဗူးကြီးပိတ်၍ ထုတ်ရ ပါသည်။ ထုတ်ပြီးလျှင် ရောင်းတန်းဝင်မုန့်အဖြစ် တင်ပို့ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရပါသည်။

      မိမိတို့လုပ်ငန်းတွင် လုပ်သားအင်အား (၄)ယောက်ရှိပြီး ကျန်တာတွေကတော့ မိသားစုများ ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ကြပါသည်။ မာယပဲမုန့်လုပ်ငန်းကို ၂၀၁၈ခုနှစ်က စတင်ဖြန့်ဖြူး ထုတ် လုပ်ခဲ့ကြောင်း၊ လုပ်ငန်းရင်းနှီးမြုပ်နှံငွေ (၃၅)သိန်း ခန့်ရှိကြောင်း၊ တစ်နှစ်ကို ဗူးရေ ၇၀၀၀၀ ခန့် ဖြုန့်ဖြူးထုတ်လုပ်နိုင်ပါကြောင်း သိရှိရသည်။

     မာဃပဲမုန့်များကို ဖြန့်ဖြူးရောင်းချရာတွင် ဇလွန်၊ ဟင်္သတ၊ အကျော်၊ ကျုံတနီး၊ ပန်းတနော် နှင့် ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ ကောင်းစားဖွယ်စုံ ဆိုင်တွင် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မာဃပဲမုန့်လုပ်ငန်းသည် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင်နှင့် စားသုံးသူရေး ရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်ထောက်ခံချက်များကို ရရှိပြီးဖြစ်ကြောင်း ဒေသတွင်း စားသုံးသူများ များပြားသော အောင်မြင်သော ဒေသထွက် MSMEs လုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။

    မာဃပဲမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့လေ့လာရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူးမှ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်ရရှိရေး ဒေသတွင်းမှသည် အခြားဒေသများတို့နှင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့နိုင်သည့် ဈေးကွက်ဝင် မာဃပဲမုန့် ဖြစ်စေရေးအတွက် လိုအပ်သော မတည်ရင်းနှီးမှု၊ နည်းပညာလိုအပ်မှု သန့်ရှင်းလတ်ဆပ်မှု စသည့်များကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ နည်းလမ်းကောင်းများကို အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

    မာဃပဲမုန့်လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် ကုန်ကြမ်းဝယ်ယူမှု အခြေအနေ၊ ကုန်ချော ရောင်းချတင်ပို့မှု ဈေးကွက်၊ ဈေးနှုန်းအခြေအနေများ လုပ်ငန်းခွင် ကြည့်ရှု့ လေ့လာခဲ့ပြီး အသေးစား အလတ်စား လုပ်ငန်း များဖွံ့ဖြိုးရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို အကြုံပြု ဆွေးနွေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်တို့၏ ဈေးကွက် ရောက်ကုန်စည်များကို ဖြန့်ချိရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါအခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာပါရှိပြီးဖြစ်သော်လည်း အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများအကြောင်း၊ အခန်း(၁၁၊ ၁၂၊ ၁၃၊ ၁၄) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပတ်သက်သည့်အချက်အလက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အကြောင်းကို လုပ်ငန်းရှင်သိရှိနားလည်စေရန် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ကျိုက်လတ်မြို့နယ်၊ သာယာဝဲကျေးရွာ တွင် ပြည်သူများအား စားသုံးသူအသိပညာပေးဟောပြော

      ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့၊နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် သာယာဝဲကျေးရွာရှိ စားသုံးသူပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

      ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင်  အမှတ်(၃)ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျင်းပခဲ့ပါသည်။

      ကျိုက်လတ်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ ပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကကျသော ဆန်၊စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ တည်ငြိမ်မှုရှိစေရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိရောက် အကျိုးရှိမည့်  နည်းလမ်းများဖြင့် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ပျက်ပြား စေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်အမှုဆောင်များက ဒေသအတွင်းစိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်ကုန်/ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်စည်အဝင်အထွက် မျှတမှု ရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသအတွင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများ၊ ဒေသအတွင်း ကုန်ပစ္စည်းထုတ်လုပ်မှုတိုးတက် ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးဆိုင်ရာ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပက်သက်၍ အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး မြို့နယ်စားသုံးဆီအသင်းကို အလုပ်အမှုဆောင် (၁၁) ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတက်ရောက်

 

          ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်နေပြည်တော်တွင် မတ်လ ၁၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီ virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို တိုင်းဦးစီးမှူးရုံးရှိ အရာထမ်း ၃  ဦး တက်ရောက်ခဲ့ပါသည်၊၊

          အဆိုပါတီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲတွင်တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ အခန်း (၂၈) ခန်း ပုဒ်မပေါင်း ၁၁၉ ခုနှင့် ပြဌာန်းခဲ့ပြီး တီထွင်မှုမူပိုင်ခွင့်အကြောင်း၊ တီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရရှိရန် ဆောင်ရွက်ရမည့် နည်းလမ်း များ၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ရှိသူများ ၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်း မပြုမီ ဆောင်ရွက်ရမည့် အချက်များ၊ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက် များ၊ တီထွင်မှုမူပိုင်ခွင့် အသုံးပြုမှုများနှင့် တီထွင်မှုမူပိုင်ခွင့်ပြုပြီးနောက်ဆောင်ရွက်နိုင်သည့် အချက်များ ၊ တီထွင်ဖန်တီးမှုများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ စက်မှုလက်မှုနှင့်အခန်းကဏ္ဍ အားလုံးတွင် ဆက်စပ်လျက်ရှိသည့်အကြောင်း တီထွင်ဖန်တီးမှု မူပိုင်ခွင့် အကာအကွယ်ရယူလိုပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့က စီမံခန့်ခွဲသည့် အပြည်ပြည်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် များအပြင် အာဆီယံဒေသတွင်း တီထွင်မူပိုင်ခွင့်စစ်ဆေးခြင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၁၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာကော်မတီဝင်များ ပုသိမ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ စီးပွားရေးအသင်းအဖွဲ့များ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း က အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (WCRD) အထိမ်းအမှတ် Viedo clip များ ပြသခဲ့ပြီး တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်၊၊

          အခမ်းအနားဒုတိယပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းအမျိုးသမီးများမှ (WCRD) အထိမ်းအမှတ်သီချင်းနှင့်သရုပ်ဖော်အကဖြင့် ဖျော်ဖြေခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမောင်မောင်ဦးက စားသုံးသူ အကျိုးစီးပွားကာကွယ်ရေး အခွင့်အရေး AI နည်းပညာဖြင့် ထောက်လှမ်းအကြံဉာဏ် ရယူမှုအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြုလုပ်၍ အခမ်းအနားရုတ်သိမ်းခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

    ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး(SSSCCI) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ နံနက်(၀၉:၃၀) နာရီအချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိ/ အမှုထမ်းများ၊ အသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများအပါအဝင် အင်အား (၁၅၂)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

    ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က အခမ်းအနား ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း နှင့်၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ မျှတအလေးမူ  တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု” (Fair and Responsible AI For Consumers ) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဆန်းသစ်သည့် အဆင့်မြင့် နည်းပညာများဖြင့်  ကမ္ဘာ့အင်အား အကြီးဆုံးအုပ်စုဖြစ်သည့် စားသုံးသူများကိုအကာအကွယ်ပေးရေးနှင့် လူမှုဘဝ ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော  အနာဂတ်တစ်ခုရရှိနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူရေးရာ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ( CICC) မှ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းများကိုပြောကြားခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုဖိုင်များ ပြသခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များသည် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အမှတ်တရလက်ဆောင်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ မျှဝေခဲ့ပြီး အခမ်းအနားကို  နံနက် (၁၀:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ခေတ္တညွှန်ကြားရေးမှူးချုပ်၏ မွန်ပြည်နယ်ခရီးစဉ်၌ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

     (၁၆.၃.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်သည် မွန်ပြည်နယ်သို့ ရောက်ရှိပြီး စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် နေ့လယ် (၁၃:၀၀) နာရီတွင် တွေ့ဆုံ၍ လမ်းညွှန်မှုပြုခဲ့သည်။

    ပထမဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ လူကြီးများမှမျက်နှာလွှဲရသည့် ဝန်ထမ်များ ဖြစ်အောင်ကြိုးစားကြရန်၊ ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်၊ ဝန်ထမ်းတစ်ဦးချင်း အလိုက် အခက်အခဲများရှိပါကတင်ပြကြရန်၊ အခြားဌာနဆိုင်ရာများနှင့် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ပြည်တွင်းကုန်သွယ်မှုအတွက် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ရုံးဘီဒိုများထားသိုမှု၊ ရုံးလုပ်ငန်းဆောင်ရွက်မှု စနစ်တကျ ရှိ/မရှိနှင့် ရုံးစာကြည်တိုက်သို့ ကြည့်ရှုစစ်ဆေးခြင်း၊ ရုံးတွင်း/ရုံးပြင်သန့်ရှင်းမှုတို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့‌နောက် ခေတ္တညွှန်ကြားရေးမှူးချုပ်သည် နေ့လယ် (၁၅:၀၀) နာရီချိန်တွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ဝန်ထမ်းဟောင်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းဟောင်းများအနေဖြင့် အခက်အခဲရှိပါက တင်ပြရန်နှင့် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာ ဦးစီးဌာနဝန်ထမ်းများ လူမှုကူညီရေးအသင်း ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပြီး အသင်းရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။

    ခေတ္တညွှန်ကြားရေးမှူးချုပ်သည် ညနေ(၁၈:၀၀)နာရီချိန်တွင် တော်ဝင်ဟင်္သာဟိုတယ်၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ပြု ညစာစားပွဲသို့ တက်‌ရောက်ခဲ့ပြီး မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပခြင်း

     (၁၅.၃.၂၀၂၄) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မော်လမြိုင် ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စားသုံးသူပြည်သူများ တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ပြသခြင်း၊ ဒုတိယပြည်နယ်ဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုခြင်းနှင့် ဆုလက်ဆောင်များ ချီးမြှင့်ခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

         

ဘီးလင်းမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်

      ၁၄.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်ခဲ့သည်။

          ပထမဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံက Talk Show ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံက ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အခမ်းအနားကို ဆောင်ပုဒ်များဖြင့် ကျင်းပခြင်းအကြောင်းအရာများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်(၃)သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် (၃) သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းရာတွင် အမှတ်(၁၈)၊ ဦးဖိုးလှိုင်လမ်းရှိ Colour Care Business Group ၏ မုန့်မျိုးစုံလုပ်ငန်းနှင့် အမှတ် (၁+၁၄+၁၅)ဦးဖိုးလှိုင်လမ်းနှင့် လှသိင်္ဂီလမ်းထောင့်ရှိ စိန်ခဲရွှေခဲ အမှတ်တံဆိပ် ငံပြာရည်၊ ခရုဆီနှင့်ငရုတ်ဆီထုတ်လုပ်သော စက်ရုံများရှိ စက်ရုံမန်နေဂျာများနှင့်တွေ့ဆုံ၍ လုပ်ငန်းအမျိုးအစား၊ တစ်လထုတ်လုပ်သည့်ပမာဏ၊ ရင်းနှီးမြှုပ်နှံမှု(ကျပ်သန်း)၊ လုပ်သားဉီးရေ၊ ဖြန့်ဖြူးသည့်ဒေသနှင့် စက်ရုံတွင် တွေ့ကြုံရသည့်အခက်အခဲ (ကုန်ကြမ်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ လုပ်သား၊ အခြား) ပတ်သက်သည့် အကြောင်းအရာများကိုမေးမြန်းခဲ့ရာတွင် စက်ရုံအများစုသည် လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းနှင့် သွင်းကုန်လိုင်စင်အခက်အခဲများရှိကြောင်း ပြောကြားခဲ့ကြပြီး မိမိတို့ဌာနအနေဖြင့်လည်း ထုတ်လုပ်သည့်ကုန်ပစ္စည်းတွင် အရည်အသွေး ပြည့်မီအောင်ထုတ်လုပ်စေရန်နှင့် စက်ရုံသန့်ရှင်းရေးကိုအဓိကထား၍ ဆောင်ရွက်ပေးရန် ဖြည့်စွက်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ