သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စက်ဆီ/ချောဆီအရောင်းဆိုင်များ တွင် စက်ဆီ၊ ချောဆီ တင်သွင်း၊ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း အတုအပတရားမဝင်ရောင်းချခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့အတွင်း စက်ဆီ၊ ချောဆီအရောင်းဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့ စက်ဆီ၊ချောဆီအရောင်းဆိုင်များတွင် အတုအပ များပြုလုပ်၍ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြန်လည်ပြုပြင်ပြီး သုံးစွဲရန်မသင့်သော အရည် အသွေး ညံ့သည့် စက်ဆီ၊ ချောဆီများကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြုလုပ်ရောင်းချခြင်း၊ စားသုံး သူကာ ကွယ်ရေး(၂၀၁၉) ဥပဒေအရ ကုန်အညွှန်းအမှတ်မသား ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/မရှိ ကို စစ်ဆေး ခဲ့ကြရာ ညောင်တုန်းမြို့အတွင်းတွင် တရားမဝင်စက်ဆီ၊ချောဆီများ ရောင်းချခြင်းကို မတွေ့ရှိရဘဲ ဆိုင်ရှင်များအား တရားမဝင်စက်ဆီ၊ ချောဆီများနှင့် ဆင်တူယိုးမှား အတုအပများ၊ ပြန်လည်ပြုပြင်၍ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ကြပါရန် ပညာပေးခဲ့ကြပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်‌ရေး အသိပညာပေး Talk Show ပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၅.၁.၂၀၂၃ရက်နေ့ နံနက်၁၁:၀၀နာရီအချိန်တွင် မြစ်ကြီးနားခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          Talk  Show   ပြုလုပ်ရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ စားသုံးသူကာကွယ်ရေးဥပဒေ  ပေါ်ပေါက်လာပုံ၊စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖော်ပြချက်နှင့်ရည်ရွယ်ချက်များ၊  စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်ဆောင်ရွက်ချက်များ၊စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်မှု၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်တိုင်ကြားရမည့်နည်းလမ်းများနှင့်ဖြေရှင်ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကိုအသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ကချင်)

 

ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးဆွေးနွေး

        ကချင်ပြည်နယ်ဈေးကွက်အတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အ ညွှန်းအမှတ်အသားနှင့် သက်ဆိုင်သည့်အချက်အလက်များ သိရှိစေရေးအတွက်  စားသုံးသူရေးရာဦးစီး ဌာန၊  ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ  ဦးဇေယျာအောင်(ဦးစီးအရာရှိ)သည်   25.1.2023  ရက်နေ့ နံနက် 11:00နာရီ အချိန်တွင်  ပြည်နယ်ဦးစီးမှူးရုံး၌ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှ ဝီဖိုးယုအမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်သူလုပ်ငန်းရှင် ဦးသန့်ဇင်ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွးရာတွင် 2019 စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင် ကြဉ်ခြင်း၊ ကုန်စည်၏အရည်အသွေး၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး၊ကုန်အညွှန်းအမှတ် အသားပါ အချက်အလက်၊ ကြော်ငြာ၊ကမ်းလှမ်းချက်သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်း စသည့်အာမခံချက်ပေးရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် သောက်ရေသန့်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသားထင်ရှားစွာဖော်ပြရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

 

ကုန်မျိုးစုံရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၈)ရက်နေ့အချိန်တွင်  ရွှေဘိုမြို့ပေါ်ရှိ ကုန်မျိုးစုံလက်လီ/ လက်ကားရောင်းချသည့် ဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အဖွဲ့ဝင်(၅)ဦးဖြင့် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးရာ၌ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသည့်ကော်ဖီမစ်များအား စစ်ဆေးရာ COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေနိုင် သည့် စားသောက်ကုန်များကို ရောင်းချမှုမရှိကြောင်း တွေ့ရှိရသဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများနှင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းများကို  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ် အ - ထ - က (ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၅၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန်ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ကျောင်းသား/သူများ  ဘေးကင်းလုံခြုံမှုရှိစေရေး ကျောင်းမုန့်ဈေးတန်းစစ်ဆေးခဲ့ရာတွင်   ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ဖော်ပြသည့်အမှတ်အသား ထင်ရှားမှုရှိ/ မရှိ၊  ကုန်စည်များကို ရောင်းချရာတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အစားအစာများ ရောင်းချမှုရှိ/ မရှိ၊ စားသုံးသူတို့အား လိမ်လည်လှည့်ဖြားမှုမရှိစေရန် ကျောင်းဈေးသည်များကိုလည်း အသိပညာပေးခြင်း၊ သတိပေးခြင်းနှင့် လိုက်နာရမည့်အချက်တို့အား ရှင်းလင်းဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ယခုတွေ့ရှိမှုအရ ရောင်းချလျက်ရှိသည့် အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းစစ်ဆေးခဲ့ရာတွင် သန့်ရှင်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချကြောင်းသိရှိရပါသည်။

DOCA(မွန်)

မကွေးမြို့နယ် ၊ ကျေးရွာများရှိ စာသင်ကျောင်းများသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)တို့သည်  (၁၉.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီ တွင် မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့လည်းကောင်း၊ (၂၀.၁.၂၀၂၃) ရက်နေ့ (၁၃:၀၀)နာရီတွင် ပဌနဂိုရ်အုပ်စု၊ အင်ဦးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့  ကွင်းဆင်းသွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာ ပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ရှေးဦးစွာ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)မှ စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ ပါစားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူများလိုက်နာရမည့်တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူများက တောင်းဆိုနိုင်သည့်အခွင့်အရေးများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး၊ စားသုံးသူများနစ်နာမှုများဖြစ်ပေါ်လာပါက  မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဖွင့်လှစ် ထားသော Consumer Information & Complaint Center (CICC) သို့လည်းကောင်း MPT, Mytel, Telenor Oredoo sim Card များဖြင့် Call Center N0-1535 သို့ အလွယ်တကူခေါ်ဆို တိုင်ကြားနိုင်ပုံ၊ ဌာန၏ Website www.doca.gov.mm  သို့လည်းကောင်း Facebook pace တွင်  Myanmar DOCA သို့ ဝင်ရောက်တိုင်ကြားနိုင်ပုံများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပဌနဂိုရ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးနှင့် အင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂၈)ဦး စုစုပေါင်း(၂၉၈)ဦး တက်ရောက်ခဲ့ပြီး ဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆိုလာနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းလေ့လာခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့သည် (၁၉.၁.၂၀၂၃)နှင့် (၂၀.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မကွေးမြို့ပေါ်၌ ဈေးကွက်အတွင်း အများပြည်သူ သုံးစွဲလျက်ရှိသည့် အိမ်သုံးဆိုလာပြားများ ရောင်းချရာတွင် သင့်တင့်မျှတသော ‌စျေးနှုန်းဖြစ်စေရေးနှင့် အများပြည်သူထိခိုက် နစ်နာမှုမရှိစေရေးအတွက် ရောင်းချလျက်ရှိသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ (Solar panel, Solar Invertor, Solar Battery) အရောင်းဆိုင်(၆)အား ကွင်းဆင်း၍ ဈေးနှုန်းများနှင့် ရောင်းချမှုအခြေအနေများအား လေ့လာခဲ့ပါသည်။ ထို့အတူ မြို့နယ်တာဝန်ခံများမှလည်း(၁၉.၁.၂၀၂၃)နှင့်(၂၀.၁.၂၀၂၃) ရက်နေ့များတွင် ချောက် မြို့နယ်တွင်(၂)ဆိုင်၊ ရေနံချောင်းမြို့နယ်တွင်(၁)ဆိုင်၊ တောင်တွင်းကြီးမြို့တွင်(၂)ဆိုင်၊ မြို့သစ်မြို့ တွင်(၁)ဆိုင်၊ နတ်မောက်မြို့ တွင်(၁)ဆိုင် စုစုပေါင်း (၇)ဆိုင်အား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

          မကွေး/ချောက် ခရိုင်အတွင်း၌ ဆိုလာနှင့်ဆက်စပ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများမရှိဘဲ၊ အိန္ဒိယနှင့်တရုတ်နိုင်ငံမှ တင်သွင်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများသာ ဆိုင်တင်ရောင်းချကြောင်း၊ ဆိုလာပြားများအား ဌာနဆိုင်ရာများမှ လျှပ်စစ်မြစ်ရေတင်နှင့် စိုက်ပျိုးရေးသုံးလုပ်ငန်းများတွင်သာ မြင်းကောင်ရေများသော ပစ္စည်းများအသုံးပြုခြင်း၊ တစ်ချို့စီးပွားရေးလုပ်ငန်းရှင် အနည်းစုမှသာ (Air Con) တစ်ကောင်ခွဲအထိ သုံးစွဲနိုင်သည့် ဆိုလာပြားများ အသုံးပြုကြ၍ ဝယ်မည့်သူ သေချာမှသာ မှာယူပေးကြောင်း သိရှိရပြီး စျေးကွက်အတွင်းဖြစ်ပေါ်နေသော စျေးနှုန်း များမှာ အိန္ဒိယနိုင်ငံထုတ် TATA (60W) ဆိုလာပြားတစ်ချပ်လျှင် ဝယ်စျေးကျပ်(၆၅၀၀၀)အား ကျပ်( ၆၈၀၀၀)ဖြင့် ရောင်းချ၍ အမြတ်(၃၀၀၀)ကျပ်ခန့်ရရှိကြောင်း ၊ 81 (150W) ဆိုလာတစ်ချပ်လျှင် ဝယ်စျေး(၂၇၅၀၀၀)ကျပ်အား (၂၇၈၀၀၀)ကျပ်ဖြင့် ရောင်းချ၍ အမြတ်(၃၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တရုတ်နိုင်ငံထုတ် Solar အားသွင်းမီးသီးများအား ဝယ်ရင်းစျေးအပေါ် အမြတ်ကျပ်(၇၀၀-၈၀၀-၁၀၀၀-၁၅၀၀)ခန့်သာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍  အမြတ်အနည်းငယ်တင်၍သာ ‌ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပြီး မကွေး/ချောက်ခရိုင်အတွင်း၌ ကျေးလက်ဒေသ၏ (၆၀) ရာခိုင်နှုန်းခန့် လျှပ်စစ်မီးရရှိနေပြီဖြစ်၍ Solar ပြားများကို တစ်ဆိုင်လျှင်  တစ်လပျမ်းမျှ (၃)ချပ် ခန့်သာရောင်းချရကြောင်းနှင့် ယခုအချိန်တွင် တရုတ်နိုင်ငံထုတ် Solar အားသွင်းမီးသီးများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် Diclo-M ပုံစံတူ ဆေးဝါးများရောင်းချနေမှုများ ရှိ/မရှိ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘူးသီးတောင်မြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်တာဝန်ခံ ဦးကျော်လှိုင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍     (၂၄-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘူးသီးတောင်မြို့ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဈေးကွက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်လှိုင် (ဦးစီးမှူး)မှ ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူ မိဘပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြရမည်ဖြစ်သည့်အတွက် ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

မလှိုင်မြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီချိန်တွင် မလှိုင်မြို့ပေါ်ရှိ ဆေးဆိုင် ( ၄ ) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် Diclon-M ပုံစံတူ မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ခရိုင်ဦးစီးမှူးမှ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ