လူမှုဘဝတွင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များသည် နေ့စဉ် ကြုံတွေ့ဖြေရှင်းနေရသော ကိစ္စရပ်များပင်ဖြစ်သည်။ မည်သည့်အရေးကိစ္စမဆို စားသုံးသူနှင့် လုပ်ငန်းရှင်တို့သည် ပတ်သက်နေကြရသည်။ စားသုံးသူများက တန်ဖိုးနှင့် ညီမျှသည့် ငွေကြေးပေးရ သလို လုပ်ငန်းရှင်များကလည်း ဝန်ဆောင်မှု (သို့မဟုတ်) ကုန်စည်ပေးရသည်။ စားသုံးသူနှင့် လုပ်ငန်းရှင်များသည် ရိုးသားဖြောင့်မတ်သောသူများရှိသလို မရိုးဖြောင့်သောသူများလည်း ရှိကြ သည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အငြင်းပွားမှုများတွင် အများအားဖြင့် စားသုံးသူများဘက်က နစ်နာမှုများရှိသည်ကို စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၏ စစ်တမ်းများအရ သိရသည်။
စားသုံးသူနှင့် လုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများနှင့်ပတ်သက်၍ တရားမကြောင်းအရ တရားရုံးသို့ တိုင်ကြားနိုင်သော်လည်း စားသုံးသူများအနေဖြင့် တရားရုံးရောက်သည်အထိ မလိုလား ကြဘဲ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှုနှင့် နစ်နာဆုံးရှုံးမှုကို ပြန်လည်ရရှိရန်လိုလားကြသည်။ လုပ်ငန်း ရှင်များသည် ငွေကြေးအဆင်ပြေကြသည့် အလွှာသီးသန့်ဖြစ်ပြီး စားသုံးသူများသည် ဆင်းရဲ၊ ချမ်းသာ လူတန်းစားများ စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ ငွေကြေးတတ်နိုင်သူများအတွက် အသေး အဖွဲဖြစ် သော်လည်း ငွေကြေးမတတ်နိုင်သူများအတွက် ကြီးကြီးမားမားဆုံးရှုံးမှုဖြစ်သည်။ မည်သို့ ပင်ဆိုစေ စားသုံးသူ၏ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးနှင့်ပိုင်ဆိုင်မှုတစ်ခုခုက်ုဖြစ်စေ ဆုံးရှုံးမှုသည် နစ်နာမှုပင်ဖြစ်သည်။ ထို့ကြောင့် စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် နှင့် လုပ်ငန်းရှင်များအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ထုတ်ကုန်လုံခြုံမှုရှိစေရေး ဆောင် ရွက်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေကိုပြဌာန်းခဲ့ခြင်းဖြစ်ပြီး စားသုံးသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးလျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၉-ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအား အတည်ပြုပြဌာန်းခဲ့ပြီး လက်ရှိကျင့်သုံးလျက်ရှိသည်။ ဝန်ကြီးဌာနသည် စားသုံးသူရေးရာဦးစီးဌာနကို စားသုံးသူကာကွယ်ရေးဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ပေးထားသည်။
စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူအကျိုးစီးပွားအတွက် သီးခြားပြဌာန်းထားခြင်း မျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များအတွက်လည်း ဥပဒေအား လေးစားလိုက်နာခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းစေရန် ရေးဆွဲထားကြောင်း သိရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်တိုးတက်မှုများ ရှိသည်ကိုတွေ့ရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဥပဒေပါ အကြောင်းအရာများအား နေရာဌာနအသီးသီးတွင် အသိပညာပေး ဟောပြောခြင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)မှ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဆက်စပ်ဌာနများ၊ ပူးပေါင်းဌာနများနှင့် ကြိုးပမ်းဆောင်ရွက်မှု များကြောင့်ဖြစ်သည်။
ယနေ့ဈေးကွက်တွင် Mini Market မှအစ ကျေးရွာကုန်စုံဆိုင်များအဆုံး ဈေးဆိုင်များရှိ ကုန်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ်များမှာ ယခင်က နိုင်ငံခြားဘာသာအမျိုးမျိုးဖြင့် စားသုံးသူများ နားမလည်သော ကုန်အမှတ်တံဆိပ်များ ဖော်ပြကြရာမှ ယခုဆိုလျှင် မြန်မာဘာသာပူးတွဲဖော်ပြလာ သည်ကို တွေ့ရသည်။ ထုတ်လုပ်မှုရက်စွဲ/ကုန်ဆုံးမှုရက်စွဲများ ထည့်လာကြသည်။ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ ပါရှိလာသည်ကို တွေ့ရသည်မှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုအပိုင်းတွင် တိုးတက်လာမှုများပင်ဖြစ်သည်။
စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေများ အသေးစိပ်သိရှိရန် မလေ့လာနိုင် သော်မှ ဥပဒေအခန်း(၉) ပုဒ်မ-၁၉ (က)မှ (ဇ)အထိ ဖော်ပြထားသည့် စားသုံးသူ၏အခွင့်အရေး (၈)ချက်နှင့် ပုဒ်မ-၂၀ (က)မှ(ဃ)အထိ ဖော်ပြထားသည့် စားသုံးသူ၏တာဝန်များအား သိရှိရန် လို အပ်သည်။ ပုဒ်မ-၁၉ တွင်ပါရှိသော စားသုံးသူ၏ အခွင့်အရေးများမှာ (က) စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရှိခြင်း။ (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့် ရှိခြင်း၊ (ဃ) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ (င) စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ (စ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့် ရှိခြင်း၊ (ဆ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိ ပညာဗဟုသုတများ၊ အခွင့် အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (ဇ) ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်သည်။
ဥပဒေ ပုဒ်မ-၂၀ တွင် ဖော်ပြထားသည့် စားသုံးသူ၏တာဝန်များမှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီ ထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ (ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ (ဃ) အငြင်းပွားမှုကို ညှိနှိုင်း ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသား ခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။
ဥပဒေဆိုသည်မှာ ခုခံကာကွယ်နိုင်ခွင့်နှင့် အခွင့်အရေးရယူခွင့်ဖြစ်သည်ဟု မှတ်သားဖူးသည်။ စားသုံးသူများအနေဖြင့် နေ့စဉ်ရယူအသုံးပြုနေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက် ပြီး အခွင့်အရေးများရှိကြောင်းနှင့် ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊ စိတ်ကျေ နပ်မှုရှိခွင့်၊ ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် သတင်းအချက်အလက်၊ ပြေစာ၊ ဘောက်ချာကဲ့သို့သော အထောက်အထားများ တောင်းယူခွင့် စသည့်အခွင့်အရေးများကို ရယူနိုင်ခွင့် ရှိကြောင်း စားသုံးသူကာကွယ်ရေးဥပဒေက ကျောထောက်နောက်ခံပြုထားကြောင်း သိရှိရန် လိုအပ်ပါသည်။
နစ်နာဆုံးရှုံးမှုတွင် ရုပ်ပိုင်းဆိုင်ရာနစ်နာမှုနှင့် စိတ်ပိုင်းဆိုင်ရာနစ်နာမှုဟူ၍ နှစ်မျိုးရှိသည်။ နစ်နာမှုတိုင်းတွင် စိတ်မကျေနပ်မှုကို ဖြစ်စေသည်။ အသေးအဖွဲနစ်နာမှုများတွင် ဥပမာ၊ သစ်ကြားသီး တစ်ထောင်ဖိုး သုံးလုံးဖြင့် ဝယ်ခဲ့သည်။ အိမ်တွင် ခွဲစားသောအခါ နှစ်လုံးမှာ မကောင်းဘဲ အပုပ်ဖြစ်နေသည်။ ငွေတစ်ထောင်နှင့် မပြောတော့ဘူး နေပါစေဆိုသော်လည်း စိတ် ထဲတွင် မကျေမနပ်တော့ ဖြစ်ရသည်။ ငွေကြေး၊ ရုပ်ပိုင်းရော စိတ်ပိုင်းပါ နစ်နာဆုံးရှုံးမှုဖြစ်သည်။ နစ်နာဆုံးရှုံးမှုအား တောင်းဆိုခွင့်ရှိသည်ကို သိရှိရန်လိုအပ်သည်။ ကြီးကြီးမားမားနစ်နာဆုံးရှုံးမှုများ သည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။
ဥပဒေတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဟု အတိအလင်းဖော်ပြထားသည်။ ဝန်ဆောင်မှု ပိုင်းတွင် အခြေအတင်မဖြစ်လို၍ စားသုံးသူဘက်က လျှော့ပေးရသည့်ကိစ္စရပ်များစွာရှိသည်။ အလျှော့ပေးလေ ကမ်းတက်လေဆိုသလို ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်လာကြသည် များ လည်းရှိသည်။ ထိုသို့သော ဖြစ်စဉ်များကြောင့် ပတ်ဝန်းကျင်တွင် စားသုံးသူနှင့်လုပ်ငန်းရှင်တို့ကြား အငြင်းပွားဖွယ်ကိစ္စများ ရှိသော်လည်း Complaint Center သို့ တင်ပြတိုင်ကြားမှုနည်းပါးကြောင်း လေ့လာသိရှိရသည်။ တနည်းအားဖြင့် စားသုံးသူများသည်၎င်းတို့၏အခွင့်အရေးများရှိသည်ကို သိရှိမှု အားနည်းနေသေးကြောင်း ဖြစ်နိုင်သည် ဟုလည်း စဉ်းစားစရာဖြစ်သည်။
အချုပ်အားဖြင့် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်း ဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲရန်အတွက်သော် လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူ ခြင်း၊ ကုန်စည်ချေးငှားခြင်း၊ ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများဖြစ်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ ထို့ကြောင့် မိမိသည် စားသုံးသူ ဟူသော စကားရပ်တွင်အကျုံးဝင်ခြင်း ရှိမရှိ သိရှိရန်လည်း လိုအပ်သည်။
စားသုံးသူများသည် နေ့စဉ်ကြုံတွေ့နေရသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား ရယူ အသုံးပြုနေခြင်းနှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးများ၊ တာဝန်များကို သိရှိလိုက်နာခြင်း ဖြင့် စားသုံးသူအခွင့်အရေး(၈)ချက်၏ နောက်ဆုံးအချက်ဖြစ်သော ပစ္စုပ္ပန်တွင် သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေပြီး စည်းကမ်းပြည့်ဝသော အကျင့်ဓလေ့ကောင်းများ ရှင်သန်ပေါက်ဖွားကာ သက် ရှည်ကျန်းမာလျက် နိုင်ငံအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ပါစေကြောင်း ရည်ရွယ်လျက် တင်ပြ လိုက်ပါသည်။
DOCA(စစ်ကိုင်း)