သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအိက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဌာန၏လုပ်ငန်းဆောင်ရွက်မှု အကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နိုင်ရန်ကုန်အညွှန်း အမှတ်အသားများအကြာင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာမှုရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ဌာန၏ ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေ၍ ကျောင်းအုပ်ဆရာမကြီးအား  ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ သိရှိလေ့လာနိုင်စေရန် စားသုံးရန်မသင့်သည့် ဗီနိုင်းပိုစတာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ (၄)ဦး၊ ကျောင်းသား/သူ (၉၉)ဦး၊  စုစုပေါင်း (၁၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(စစ်ကိုင်း)

 

ပဲ၊ နှမ်းကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ အမှတ်(၈)၊ ဝန်တော်အိမ်ရပ်၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ ကုန်သည်လုပ်ငန်းရှင် (၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ အကြောင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ “ပင်လုံ” သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက်အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေး ဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ လုပ်ငန်းရှင်၏ ပြောကြားချက်အရ “ပင်လုံ” သောက်ရေသန့်လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း ၊ ရေသန့် ပြုလုပ်ရာတွင် ပထမဦးစွာ‌ရေကြမ်းကို အဆင့်လေးဆင့်ဖြင့် စစ်ထုတ်ပြီး ရရှိလာ‌သော ဒုတိယ ပေါင်းခံရည်ကို ပြန်လည်သန့်စင်ရာတွင် စွန့်ပစ်ရေ ၆၀% နှင့် ရေသန့်၄၀%ထွက်ရှိကြောင်း၊ ရေသန့်ဘူးများ ဆေးကြောရာတွင်လည်း ပထမအကြိမ်နှင့်ဒုတိယအကြိမ် ဘူးကြမ်းဆေးခြင်းနှင့် တတိယအကြိမ်တွင် သောက်ရေသန့်ဖြင့် ဘူးချောဆေးပြီး ရေသန့်များထည့်ခြင်း၊ ပါကင်ပိတ်ခြင်များ အဆင့်ဆင့် ဆောင်ရွက်ရကြောင်း၊ လုပ်သားအင်အား (၁၅)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း၊တစ်နေ့လျှင် ရေသန့်(၂၀)လီတာဘူး (၆၀၀)ခန့် ထုတ်လုပ်ရရှိကြောင်း၊ သောက်ရေသန့် (၂၀)လီတာဘူး တစ်ဘူးကို ‌(၆၀၀) ကျပ်ဖြင့် မြို့တွင်း၌သာဖြန့်ဖြူးရောင်းချပြီး  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြင်ဈေးမြောက်ရပ်ရှိ ကုန်စုံဆိုင်အား ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌  ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံများအား ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုသိရှိနိုင်စေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအပါ် တာဝန်ရှိမှုကို သိရှိနိုင်စေရန် ရည်ရွယ်၍  စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်အကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီးစားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ပြုလုပ်ခြင်း

      စားသုံးသူပြည်သူများကို စားသုံးသူရေးရာဉီးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များ သိမြင်နားလည် တိုးတက်မှုများရရှိစေရန်အတွက် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ကလေးဝမြို့နယ်မှ မြို့နယ်တာဝန်ခံ ဉီးကျော်ကျော်မိုး (ဒု-ကြီးကြပ်ရေးမှူး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးဇော်ဝင်းထွန်းတို့က  ( ၁၃.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၁  : ၃၀ ) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်တာဝန်ခံ ဉီးကျော်ကျော်မိုးမှ “ကုန်စည်ဝန်ဆောင်စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့်  Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ PMS Activity အရ ဈေးကွက်အတွင်းရှိ ဆေးဝါးများ၏ အရည်အသွေးကို စိစစ်ရာ အိန္ဒိယနိုင်ငံ Centurion Remedies Pvt.Ltd မှ ထုတ်လုပ်သည့် Batch No. TA-810007 , Amlodipine Besilate  10mg Tablets AMLOTERE 10 ဆေးဝါးသည် စံမညီဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ ဈေးကွက်မှ ပြန်လည် သိမ်းဆည်းရန် သက်ဆိုင်ရာကုမ္ပဏီသို့လည်း အကြောင်းကြားထားပြီးဖြစ်၍ မိမိတို့နယ်မြေအတွင်းရှိ ဆေးဆိုင်များတွင်  ၎င်း Batch No ဖြင့်စံမညီဆေးဝါးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးရန် နှင့် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းရန် ညွှန်ကြားချက်အရ  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်  ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၁၂)ရက်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ကိုင်းမြို့ပေါ်ရှိ နန္ဒဝန်ဆေးဆိုင်၊ အောင်ဇမ္ဗူဆေးဆိုင်၊ ထွန်းသောင်ဆေးဆိုင်၊ မင်းမင်း ဆေးဆိုင်နှင့် ဗိုလ်ဗိုလ် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာစံမညီဆေးဝါးများကိုသောက်သုံးသည့် လူနာများသည် ဖြစ်ပွားနေသည့်ရောဂါများကို ပျောက်ကင်းမှုမရှိကြောင်းနှင့် အခြားဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် အထက်ဖော်ပြပါ စံမညီဆေးဝါးကို မရောင်းချရန် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးသည့်အဖွဲ့မှ အသိပညာပေး ဆွေးနွေးခဲ့ကြပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ အသင့်စားခေါက်ဆွဲစက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

         စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ ၉ ရက် နေ့တွင် စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ ရှမ်းအိုးစည်အသင့်စားရှမ်းခေါက်ဆွဲသုပ်နှင့် ရွှေမန်းသား အသင့်စားဆီချက်ခေါက်ဆွဲစက်ရုံသို့သွားရောက်၍ လုပ်ငန်းရှင် ဦးကောင်းခန့်စိုးနှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် အသင့်စားခေါက်ဆွဲလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလပိုင်းက ပါကင်ပိတ်စက် (၂) လုံး၊  အနှစ်ချစက် (၂) လုံးနှင့် အမှုန့်ချစက် (၁) လုံး အပါအဝင် မတည်ရင်းနှီးငွေ ကျပ်သိန်း (၅၀၀ )ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ အလုပ်သမား (၇)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပါကြောင်း၊ အလုပ်ချိန်မှာ နံနက်(၀၈:၀၀)နာရီမှ ညနေ (၅:၀၀) နာရီထိဖြစ်ကြောင်း၊ လုပ်သားခအနေဖြင့်(၃)လ အစမ်းခန့်အား တစ်ဦးလျှင် (၁)လ ကျပ်(၁)သိန်း၊  (၃)လကျော်ပါက (၁၄၀၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ်) ပေးချေကြောင်း၊ ကုန်ကြမ်းမုန့်ဖတ်ခြောက်အား စက်ရုံမှ ကိုယ်တိုင်ထုတ်လုပ်ပြီး ပဲငါးပိအား သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော် များအား မန္တလေးမြို့မှ လည်းကောင်း အသီးသီးဝယ်ယူကြောင်း၊ တစ်ရက်ထုတ်လုပ်နိုင်မှု ပမာဏမှာ ရှမ်းအိုးစည်အသင့်စား ရှမ်းခေါက်ဆွဲသုပ်နှင့် ရွှေမန်းသား အသင့်စားဆီချက်ခေါက်ဆွဲ (၂)မျိုးပေါင်း အထုပ်(၁၀၀)ပါ ဂျပ်ဖာ (၁၅ ဖာမှ ၂၀ ဖာ) ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ချောအား မြန်မာပြည်အနှံ့ ကိုယ်စားလှယ်များဖြင့် တင်ပို့ရောင်းချ ကြောင်း၊ အထုပ်(၁၀၀)ပါ ဂျပ်ဖာ(၁)ဖာလျှင် ဖောက်သည်ဈေး  (၅၇၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ အကျိုးအမြတ် အနေဖြင့် (၁၀%) ခန့် ရရှိကြောင်း၊  အသင့်စားခေါက်ဆွဲများဖြစ်၍ အလွယ်တကူ စားသုံးနိုင်ပြီး ပြည်တွင်းဈေးကွက် ဝေစုမှ ပြည်ပဈေးကွက်ဝေစုရရှိလိုကြောင်း အသင့်စားခေါက်ဆွဲစက် လုပ်ငန်းရှင် ထံမှသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များကိုအသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ်(၄၁၁)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဘုတလင်မြို့နယ်တာဝန်ခံတို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၁၃.၁၂.၂၀၂၂) ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ် (၄၁၁)၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ မိမိတို့ကုန်စည်များကို ဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားကို အလေးထားပြီး ကြည့်ရှု့စေလိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊  ချောင်းဦးမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ဘုတလင်မြို့နယ်တာဝန်ခံက စားသုံးသူများ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ‌ကျောင်းသား/ သူများသည် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို ကလေးအရွယ်မှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ကြွယ်ဝပြီး မိမိတို့၏ ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကို  ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍လည်းကောင်း၊  သိလိုသည့် မေးမြန်းချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၁၉.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁၀း၀၀နာရီ အချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ  ကုန်စုံဆိုင် များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ /မရှိ ဈေးကွက်စောင့်ကြည့်  စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Peanut အမှတ်တံဆိပ်ပါ ကီဒိုမြေပဲချိုချဉ် အရန်သင့် အစားအစာအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့်  ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊သုံးစွဲပုံနည်းလမ်း၊ထားသိုသိမ်းဆည်းမှုအညွန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ /မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကရင်ပြည်နယ် ဘားအံမြို့တွင် စားသုံးသူများဘေးကင်းရေးအတွက် ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးရာဝန်ကြီးတက်ရောက်

            ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်အရည် အသွေး တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၁၆.၁၂.၂၀၂၂) ရက်နေ့ (၀၉:၀၀)အချိန်တွင် ဘားအံမြို့ရှိ HOTEL PERFECT ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကရင်ပြည်နယ် စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် ၊ ဌာနဆိုင်ရာ ၁၇ ဦး၊ လုပ်ငန်းရှင် ၄၃ ဦး စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် “စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေဖို့၊ စားသုံးသူများအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဥပဒေပြဌာန်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တန်ဖိုးကြီးကြီးနှင့် အမြတ်အစွန်းများများရဖို့ ရည်ရွယ်ထုတ်လုပ် ရောင်းချခြင်းထက် အရည်အသွေးကောင်းကောင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးကို ဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။

          ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က စက်မှု လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းမှတ်ပုံတင်ရာတွင် လျှောက်ထားဆောင်ရွက် ရမည့် အချက်အလက်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မိုးမိုးကြည်က အသေးစားစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် ဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ကုန်ပစ္စည်း နမူနာများအား ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းနှင်းဝင့် က စားသောက်ကုန်ထုတ်လုပ်ငန်းများ FDA ထောက်ခံချက်ရယူရာတွင် ဆောင်ရွက်ရမည့်အချက်များနှင့် Online  မှ  FDA ထောက်ခံချက် ရယူပုံ နည်းလမ်းများ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်ရေး၊ အရည်အသွေးမြင့်မားစေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်နှင့် သန့်ရှင်း သော ထုတ်လုပ်မှု ကျင့်စဉ်များအကြောင်းကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မောင်အုန်းက အရည်အသွေးမြင့်ပစ္စည်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေးနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဌာနမှ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရှိစေရေး အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စားသုံးသူများဘေးဥပဒ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်နိုင်ရန်အတွက် ဆောင်ရန် ရှောင်ရန်အချက် များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ဆွေးနွေပွဲမှ ဖော်ထုတ်ရရှိချက်များကို ပြန်လည်သုံးသပ်၍ အခမ်းအနား ကို ၁၄:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦစီးမှူးရုံးသည် ဦးစီးဌာန၊ ကော်မတီ၊ ကော်မရှင် အဆင့်ဆင့်တို့၏ လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးရေးလုပ်ငန်းများကို လျာထားချက်များ ချမှတ်၍ အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ “စားသုံးသူများဘေးကင်းဖို့ ထုတ်ကုန်အရည်အသွေးတိုးမြှင့်စို့” အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးန္တရာယ်ကင်းရှင်းစွာဖြင့် ရယူသုံးစွဲလာနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ထုတ်ကုန်များကို အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်လာနိုင်မည်ဖြစ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ