သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အမိန့်ကြေငြာစာအမှတ်(၁/၂၀၁၈)အားရှင်းလင်းဆွေးနွေး
စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် (၂၅.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် တာချီလိတ်မြို့ နယ်စပ်ကုန်သည်ကြီးများအသင်းရုံး၌ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သောက်ရေသန့်လုပ်ငန်းရှင်များ၊ ကုန်စည်လက်လီလက်ကား ရောင်းချသူများ၊ ဆေးဆိုင်/ ကုန်စုံဆိုင်နှင့် မုန့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များအပါအဝင် စီးပွားရေး လုပ်ငန်းရှင်စုစုပေါင်း(၃၂)ဦးတို့အား စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏ (၂၆.၁၀.၂၀၁၈)ရက်စွဲပါ လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်စည်များ တွင်မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်များတွင် သုံးစွဲပုံနှင့်ပတ်သက်သောညွှန်ကြားချက်ကို ရှင်းလင်းအသိပေးပြီး လုပ်ငန်းရှင်များ၏ ပြန်လည်ဆွေးနွေးချက်များအပေါ် ဒုတိယပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးထုတ်ပြန်ထားသည့် ကြေငြာချက်ပါ ကုန်စည်(၉)မျိုးအား အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့တွင် စတင်အာဏာသက်ရောက်မည် ဖြစ်ကြောင်း နှင့် လိုက်နာမှုမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉ အရ အရေးယူခံရမည့်ကိစ္စရပ်များအား ရှင်းလင်းပြီး ဒေသကုန်သွယ်မှုအခြေအနေများများကိုပါ စီးပွားရေးလုပ်ငန်းရှင်များများနှင့် ဆွေးနွေးကြပြီး ရှမ်းပြည်နယ် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံတင်ပြဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလုပ်ငန်းရှင်များထံ ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရန်နောင် (ကျိုင်းတုံ)
ထောက်ခံချက်မရှိသည့်စားသောက်ကုန်များနှင့်တားမြစ်စားသောက်ကုန်များမီးရှို့ဖျက်ဆီး
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ (၂)လအတွင်း စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉(င)နှင့်(စ)ဖြင့် အရေးယူထားသော စားသောက်ကုန်များအား (၂၁.၁.၂၀၉)ရက်နေ့ မွန်းလွဲ (၃)နာရီချိန်တွင် ကျိုင်းတုံမြို့ ယန်းလောကျေးရာအုပ်စုရှိ မီးရထားဘူတာရုံ ဟောင်းဝန်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည် နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်ဦးစီးမှူး နှင့်ဝန်ထမ်း များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျိုင်းတုံကုန်သည်စက်မှုအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင် များ၊ ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများတက် ရောက်ခဲ့ပြီး ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူးဦးသန်းစိုးမှ ယခုမီးရှို့ဖျက် ဆီးမည့် စားသောက်ကုန်များမှာ (၁၆.၁၁.၂၀၁၈)ရက်နေ့မှ (၂၁.၁.၂၀၁၉) ရက်နေ့ထိ စားသုံးသူအကာအကွယ် ပေးရေးဥပဒေပုဒ်မ ၁၉ (င)နှင့်(စ)အရ အရေးယူထားသောကုန်စည်များဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ထောက်ခံ ချက်မရှိ သောပြည်ပနိုင်ငံ ထုတ်စား သောက်ကုန်များ(၂၅၃၆၀၀)ကျပ်၊ ထောက်ခံချက်မရှိသော ပြည် တွင်းထုတ်စားသောက်ကုန်များ (၉၇၀၀)ကျပ်၊ သက်တမ်းကုန်ဆုံးရက်မပါသည့်စားသောက်ကုန်များ (၁၈၆၇၅၀) ကျပ်၊ ရက်လွန် အေးခဲအသားမျိုးစုံ (၈၄၀၀)ကျပ်၊ ရက်လွန်ငါးခဲပတ်ကင်(၂၂၅၀၀)ကျပ်၊ ပုပ်သိုး ခရမ်းချဉ်သီး (၄၅၀၀)ကျပ်၊ ပြည်တွင်း/ပြည်ပထုတ်သက်တမ်းလွန်စားသောက်ကုန်များ(၁၀၉၂၅၀)ကျပ်၊ ထောက်ခံချက်မရှိ/တံဆိပ်မပါ/ သက်တမ်း လွန်ရက်စွဲမပါစားဆီ (၂၇၀၀၀)ကျပ်၊ FDA တားမြစ်တားသော ဘုတ်ဆုံမတံဆိပ်အရောင်တင်မှုန့်နှင့်မာဆလာ (၁၆၀၀၀)ကျပ် စုစုပေါင်း (၆၃၇၇၀၀)ကျပ်ရှိပြီး အခမ်းအနားသို့ တက်ရောက်တာသူများမှ ပူးပေါင်းမီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိပါတယ်။
ရန်နောင်(ကျိုင်းတုံ)
Telenor Broadband ဝန်ဆောင်မှုနှင့် ပတ်သက်၍ဖြေရှင်းမှု
Telenor Broadband ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုအပေါ် Telenor Myanmar မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ၂၁.၁.၂၀၁၉ နေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့ရာ Telenor Myanmar မှ အောက်ပါအတိုင်း ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညှိနှိုင်း ရရှိမှုအား စားသုံးသူပြည်သူများသို့ အသိပေးအပ်ပါသည်_
၁။ အောက်ဖော်ပြပါ မူလဝယ်ယူထားသည့် ဝန်ဆောင်မှုများ ရယူထားသည့် သုံးစွဲသူပြည်သူ များ အနေဖြင့် မူလဝယ်ယူထားသည့် ဝန်ဆောင်မှုအတိုင်း သက်တမ်းအတွင်း ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပါသည်_
(က) ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မတိုင်မီ Unlimited Plan ဝန်ဆောင်မှုဝယ်ယူထားသူများ၊
(ခ) ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မှစ၍ 10GB Per Day ဝန်ဆောင်မှုဝယ်ယူထားသူများ၊
၂။ သက်တမ်းဆက်တိုးပါက မျှတသုံးစွဲသည့်မူဝါဒ (111 GB Per Month) ဖြင့်သာ ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။
၃။ မျှတသုံးစွဲသည့် မူဝါဒဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုသူများအနေဖြင့် ၂၀၁၉ခုနှစ်၊ ဧပြီလ ၁၅ရက် မတိုင်မီ ချို့ယွင်းပျက်စီးမရှိသော စက်များကို ပြန်အပ်၍ ၁၅၀၀၀ကျပ်ကို Telenor မှ ပြန်လည်ထုတ်ပေးရမည်ဖြစ်သည်။
သတိပေးကြေညာခြင်း စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏၁၇-၁-၂၀၁၉ ရက်စွဲပါ အမိန့်ညွှန်ကြားချက်အမှတ်၊၁/၂၀၁၉ ထုတ်ပြန်ခြင်း
သတိပေးကြေညာခြင်း
စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏၁၇-၁-၂၀၁၉ ရက်စွဲပါ
အမိန့်ညွှန်ကြားချက်အမှတ်၊၁/၂၀၁၉ ထုတ်ပြန်ခြင်း
စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်း၊ အချက်အလက် (သို့မဟုတ်) ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန် ၂၆-၁၀-၂၀၁၈ ရက်စွဲပါ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၈)အား ထုတ်ပြန်ခဲ့ပါ သည်။
အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆လပြည့်မြောက်သည့်နေ့တွင် စတင်အာဏာသက်ရောက် မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ညွှန်ကြားချက် နောက်ဆက်တွဲပါ ဇယာအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါသည်။
စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ
ကျိုင်းတုံမြို့ရှိ အသားကင်ဆိုင်များအား ပထမအကြိမ်အရေးယူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက်များအတွင်းရှိ အသားကင်ဆိုင်များအား (၁၁.၁.၂၀၁၉) ရက်နေ့ မွန်းလွဲ (၄)နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေး၊ ခရိုင်စက်မှုကြီး/ကြပ်၊ မြို့နယ် ထွေ/အုပ်၊ မြို့နယ်စည်ပင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါတယ်။ ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေး(၈/၂၀၁၈)ဆုံးဖြတ်ချက် နှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ အသားကင်ဆိုင်များ လိုက်နာရမည့်အချက်များအား (၃၁.၈.၂၀၁၈)ရက်နေ့မှစ၍ မြေပြင်ကွင်းဆင်း၍ အသိပညာပေးခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှအသိပေးခြင်း၊ Online ဖြင့်အသိပေးကြေညာခြင်း၊ အကြိမ်ကြိမ် ပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး လိုက်နာခြင်းမရှိသည့် အသားကင်ဆိုင်(၁၇)မှ ကာလတန်ဖိုး (၈၁၂၀၀၀)ကျပ်အား စားသုံးသူအကာအကွယ်ပေးရေးဥဒေပုဒ်မ- ၁၉(ဃ)အရ သိမ်းဆည်းစေခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရပါတယ်။ အရေးယူ ခြင်းခံရသော အသားကင်ဆိုင်များအနေဖြင့် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်များအား လိုက်နာမှသာ ပြန်လည်ရောင်းချခွင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ဓါတ်ခွဲခန်းသုံး စက်ပစ္စည်းများအား ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ကျိုင်းတုံမြို့နယ်၌အရည်အသွေးမြှင့်အထူးတန်းဝင်ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီသီးနှံဌာနခွဲနှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးမှူးရုံးတို့မှ ပူးပေါင်း၍ အရည်အသွေးမြှင့်အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို (၇.၁.၂၀၁၉)ရက်နေ့တွင် ကျိုင်းတုံမြို့ အမှတ်(၃) ရပ်ကွက်ရှိ တိုင်းလိ ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကော်ဖီ အသင်းဖွဲ့ဝင်များ၊ စိုက်ပျိုးသူတောင်သူများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ရာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တစ်ခုလုံး ကော်ဖီစိုက်ပျိုးရာတွင် သတ်မှတ်အရည်အသွေးမှီ စိုက်ပျိုးထုတ်လုပ်လာနိုင်ရေး အရည်အသွေးစံချိန်စံညွှန်းမှီစွာဖြင့် ပြည်ပစျေးကွက်သို့တင်ပို့ ရောင်းချနိုင်ရေး လိုအပ်လျှက်ရှိသဖြင့် သင်တန်းပေးရခြင်းဖြစ်ကြောင်း၊ တောင်သူများလိုက်နာ ဆောင်ရွက်စေခြင်းဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု အဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် ကျိုင်းတုံ/တာချီလိတ်ဒေသအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချန်း-မဲခေါင် Project အစီအစဉ်၏ ထောက်ပံ့မှုဖြင့် မဲခေါင်ဒေသ စီးပွားရေးဗဟိုပြုပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရန်တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းအား (၇.၁.၂၀၁၉)ရက်နေ့မှစ၍ (၃)ရက်ကြာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ (၇၀)ဦး တက်ရောက် လျှက်ရှိကြောင်းနှင့် အလားတူဒေသ နှင့်ကိုက်ညီသည့် ရာဘာ၊ ပိုးစာကဲ့သို့အခြား နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းများဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရ ပါသည်။
လှစိုး
(ကျိုင်းတုံ)
အင်္ဂါနေ့စကားဝိုင်းပြုလုပ်ကျင်းပခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂါနေ့စကားဝိုင်း( Tuesday Talk) အခမ်းအနားကျင်းပ ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်က “တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ဆောင်ရွက်ပေးမှုအခြေအနေနှင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများ” ကို ရှင်းလင်းပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝေရီလင်းက “ Investment in NQI components for Fair Trade and Consumer Protection : Establishment of Rice Moisture Content Traceability System in Myanmar” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
စုလဲ့ဝါ
(သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ)