သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် -  ဇွန် ၁၅   စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏  ညှိနှိုင်းအစည်းအဝေး(၂/၂၀၁၈) ကို ယနေ့ မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပရာ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍ အမှာစကားပြော ကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဌများဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိကဏ္ဍရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသုံးသူအကာအကွယ်ပေးရေးကိစ္စရပ်ဆိုင်ရာ ကျွမ်းကျင်သူပြင်ပပညာရှင်များ၊ အထူးဖိတ်ကြားထားသူ များ တက်ရောက်ကြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအတွင်း “နိုင်ငံဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် စားသုံးသူယုံကြည်မြင့်မားစေခြင်း”ဟူသည့် အခြေခံမူအရ တင်းသွင်း၊ တင်ပို့သော ကုန်စည်များအပေါ် စားသုံးသူများ ယုံကြည်မှုမြင့်မားစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိရာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များကို ဥပဒေနှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ သုံးစွဲ ပုံနှင့်ပတ်သက်ပြီး ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြစေခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးရာရောက်ပါကြောင်း၊ အဓိကအားဖြင့် တရားမဝင် ဝင် ရောက်လာသော ကုန်စည်များနှင့် ပြည်တွင်းထုတ်လုပ်သောကုန်စည်များ စျေးကွက်အတွင်း ယှဉ်ပြိုင်ရောင်း ချရာတွင် ပြည်တွင်းထုတ်လုပ်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေခြင်း၊ အရည်အသွေးပိုင်းကို ပိုမိုဂရုစိုက်လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးကို တိုးတက်စေလာခြင်း၊ နယ်စပ် ဒေသ သို့မဟုတ် တစ်ဖက်နိုင်ငံမှ မြန်မာဘာသာမဟုတ်သော အခြားဘာသာတစ်ခုခုဖြင့်ရိုက်နှိပ်၍ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကို တားဆီးအရေးယူရာတွင် ပိုမိုထိရောက်စေခြင်း စသည့် ရလဒ်ကောင်း များရရှိနိုင်မည်ဖြစ်ပါကြောင်း၊  ထို့အပြင် စားသုံးသူများအနေဖြင့်လည်း ရွေးချယ်ဝယ်ယူစားသုံးနိုင်မှု ပိုမိုမြင့်မားလာမည်ဖြစ်သည့်အပြင် ကုန်စည်များလုံခြုံစိတ်ချပြီး ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်ခြင်း၊ စိတ်ကျေနပ်မှုရရှိခြင်းတို့ကို ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ကာ ပြည်ပသို့ တင်ပို့နိုင်သည်အထိ တန်ဖိုးမြှင့် ကုန်စည်များကို နိုင်ငံတကာကုန်အညွှန်း အမှတ်အသားများအတိုင်း ဖော်ပြ၍ ထုတ်လုပ်နိုင်ပါက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုလာမည် ဖြစ်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

            ထိုနောက် စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကုန်စည်တ္ငင်ဖော်ပြရမည့် ကုန်ညွှန်းအမှတ်အသားတွင် ပါဝင်သင့်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန်အတွက် ဦးစားပေးကုန်စည် သတ်မှတ်၍ ဆောင်ရွက်သွားမည့်အစီအမံများအား ဆွေးနွေးညှိနှိုင်းခဲ့ကြကာ အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်လွိုင်လင်ခရိုင်တွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ မှန်ကန်စွာသုံးစွဲတတ်ရေးပညာပေး

ရှမ်းပြည်နယ်လွိုင်လင်ခရိုင်တွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ မှန်ကန်စွာသုံးစွဲတတ်ရေးပညာပေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့၊ ပင်လုံမြို့၊ နမ့်စန်မြို့များတွင် ဓါတ်မြေ သြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများမှန်ကန်စွာ သုံးစွဲတတ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက ပြုလုပ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

          အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးမှု သင်တန်းကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးမင်းအောင်ဦးဆောင်ပါဝင်သောအဖွဲ့ဝင်(၆)ဦးတို့သည်လွိုင်လင်မြို့ မြို့လယ်ဓမ္မာရုံတွင် တက်ရောက်သူ (၇၇) ဦးအားလည်းကောင်း၊ ပင်လုံမြို့ဝမ်လုံကျေးရွာတွင် တက်ရောက်သူ (၅၂)ဦးအား လည်းကောင်း၊ နမ့်စန်မြို့ စိုက်ပျိုးရေးခန်းမတွင် တက်ရောက်သူ (၆၂) ဦးအားလည်းကောင်း၊ စုစုပေါင်း ၁၉၁ ဦးကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါတယ်။ထို့ပြင် တက်ရောက်လာသူများမှ သိရှိလိုသည် များကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ခြင်း၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ် ဆေးများမှန်ကန်စွာသုံးစွဲတတ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြတယ် လို့သတင်းရရှိပါသည်။

 

(စောမောင်)

တောင်ကြီး

 

သထုံခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌စားသုံးသူ အသိပညာပေးဟောပြောပွဲများကျင်းပ

သထုံခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌စားသုံးသူ

အသိပညာပေးဟောပြောပွဲများကျင်းပ

                      

              မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဝန်ထမ်း များသည် သထုံခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ စားသုံးသူအသိပညာပေးဟောပြော ပွဲများကျင်းပ လျက်ရှိရာ မေလ (၁၅)ရက်နေ့တွင် သထုံမြို့နယ် ၊ထောင်မှူးကျေးရွာ ၊သုဓ္ဓမဝတီမြို သစ်ရှိ ရပ်ကွက်ဓမ္မာရုံ တွင်လည်းကောင်း၊ မေလ (၂၄)ရက်နေ့တွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စျေးမသွယ် (အောက်) ကျေးရွာအုပ်စု ၊ အင်းဝိုင်းကျေးရွာ၊ ဓမ္မသိင်္ဂီ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်လည်းကောင်း၊ ပြည်သူလူထုအသိပညာပေး ဟောပြောဆွေးနွေးပွဲများ ကျင်းပခဲ့ ကြောင်း သိရပါသည်။

            ဟောပြောဆွေးနွေးပွဲများတွင် ခရိုင်ဦးစီးမှူးမှအဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်မင်း (ဒု-ဦးစီးမှူး) မှ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ နှင့် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာသိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ပေါင်မြို့ နယ်တာဝန်ခံ ဦးအောင်မျိုးဦး မှ ဘေးဥပဒ်အန္တရာယ်ရှိသောအစားအသောက်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာခေါင်းစဉ်ဖြင့်လည်ကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒေါ်သူဇာအောင်မှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သံဓါတ် အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်ကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

            ဟောပြောဆွေးနွေးပွဲများသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးများနှင့် ရပ်ကွက်သူ/သား၊ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လက်ကမ်းစာစောင်များဝေငှခြင်း၊ ပညာပေး ဗီနိုင်း ပိုစတာများနှင့် ဆုရဓါတ်ပုံများအားပြသခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

                                                                                                                                                                                                                                                 အောင်ကျော် ( သထုံ )

ရှမ်းပြည်နယ်၏ ချင်းစျေးကွက်အခြေအနေ

ရှမ်းပြည်နယ်၏ ချင်းစျေးကွက်အခြေအနေ

                                    အောင်ပန်းစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ချင်း(စို)ကစျေးကောင်းနေဆဲပါပဲ၊ အိမ်နီးချင်း နိုင်ငံတွေကို နယ်စပ်ကနေတဆင့် ပေးပို့နေတဲ့စျေးကွက်ကြောင့် တမူး၊ တောင်ကုတ်ဝယ်လက်တွေက ဝယ်ယူနေကြသလို ပြည်တွင်းကလည်း ဒါးလှီးချင်းပြုလုပ်ဖို့အတွက် ဝယ်ယူနေတဲ့စျေးကွက်လည်း ရှိနေတယ်လို့ သိရပါတယ်၊ မေလလယ်အထိ ဝယ်လိုအားက အတော်များများဖြစ်နေခဲ့ပြီး ဒီတပတ်မှာ တော့ ရာသီဥတုကြောင့် ဝယ်လိုအားကအနည်းငယ်ကျလာတယ်လို့ သိရပါတယ်၊ မိုးရာသီရောက်လာ ပြီဖြစ်လို့ မုန်တိုင်းအန္တရာယ်ကြောင့် တဖက်နိုင်ငံကိုတင်ပို့ဖို့လည်း အခက်အခဲရှိလာလို့ ဝယ်ယူမှု အနည်းငယ်လျော့ကျလာတယ်လို့ သိရပါတယ်၊ မိုးအဆက်မပြတ်ရွာလာပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာရင်တော့ စျေးကလည်းတပိဿာကို ၁၀ိ/-ခန့် ကျလာနိုင်တယ်လို့လည်း ချင်းပွဲရုံတွေက ခန့်မှန်းနေပါတယ်၊ ချင်း(တက်)အစိုကတော့ ဖြုန်းအားကောင်းတာကြောင့် လက်ကျန်လည်းနည်းလာ ပါပြီ၊ ချင်း(ဥမ)တွေထွက်လာဖို့ကလည်း နှစ်ပတ်/သုံးပတ်ခန့်လိုပြီး အခုလိုမိုးရွာလာရင်တော့ ဒီထက် စောပြီးပေါ်လာနိုင်တယ်လို့လည်း သိရပါတယ်၊ ဒီတပတ်အောင်ပန်းစျေးကွက်မှာ ချင်းတပိဿာ ပေါက်စျေးကတော့ ထိပ်စက ၉၀ိ/- ၁၀၀ိ/- (လတ်စ)က ၇၀ိ/- ၈၀ိ/-နဲ့ (ညံ့စ)က ၃၀ိ/-မှ ၅၀ိ/- စျေးရှိပါတယ်၊ ချင်းခြောက်ကတော့ တပိဿာကို ၁၂၀ိ/- မှ ၁၃၀ိ/- စျေးရှိပါတယ်။

                                                                                                                                                                                                                                                                     ဧဧခိုင်၊ တောင်ကြီး

ရှမ်းပြည်နယ်၏နနွင်းစျေးကွက်အခြေအနေ

ရှမ်းပြည်နယ်၏နနွင်းစျေးကွက်အခြေအနေ

                  ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်လာပါတယ်၊ ပြည်တွင်းသုံးအနေနဲ့သာ အဝယ်ရှိနေ ပြီး သူ့စျေးနဲ့သူတော့ ဝယ်လက်အနည်းငယ်ရှိလာတယ်လို့လည်း သိရပါတယ်၊ ပြည်ပဝယ်လက်ကတော့ အခုထိမရှိသေးပါဘူး၊ မူဆယ်ဝယ်လက်တွေကတော့ စျေးကိုသာမေးပြီး ဝယ်ယူမှုမရှိသေးဘူးလို့လည်း သိရပါတယ်၊ ပြည်တွင်းသုံးအမှုန့်ကြိတ်ဖို့အတွက်ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်သာ အဝယ်ရှိလို့ တပတ်ကိုလည်း ပိဿာချိန်ကရာဂဏန်းခန့်သာ အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်၊ အောင်ပန်း စျေးကွက်မှာသာ အရောင်းအဝယ်အနည်းငယ်ဖြစ်နေပြီး ဟိုပုံးစျေးကွက်မှာတော့ အရောင်းအဝယ်က မဖြစ်ဘူးလို့လည်းသိရပါတယ်၊ အောင်ပန်းစျေးကွက်မှာတော့ နနွင်းကအရည်အသွေးပေါ်မူတည်ပြီး စျေးကလည်းကွာလာပါတယ်၊ တပိဿာပေါက်စျေးကတော့ ထိပ်စ(မြေနီ)က ၁၇၀ိ/- လတ်စက ၇၀ိ/- ၈၀ိ/-စျေးရှိပြီး ဆင်တောင်နနွင်းက ၂၅၀ိ/-စျေးရှိပါတယ်၊ ဟိုပုံးချင်းကတော့ တပိဿာကို ၂၂၀ိ/- စျေးပေါက်နေပေမဲ့ အရောင်းအဝယ်တော့မဖြစ်ဘူးလို့ ဟိုပုံးချင်းပွဲရုံတွေထံက သိရပါတယ်။

                                                                                                                                                                                                                                             ဧဧခိုင်၊ တောင်ကြီး

 

 

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၈.၅.၂၀၁၈ ရက်နေ့တွင် ရုံးအမှတ်(၅၂)၊စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တိုင်းနှင့်  ပြည်နယ်မှ တိုင်းဦးစီးမှုးများမှ စားသုံးသူအသိပညာပေးလုပ်ငန်းလုပ်ဆောင်နေသည့် အခြေအနေများ ၊ပြည်တွင်း ကုန်သွယ်မှုအခြေအနေများ၊၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း အမိန့်ကြော်ငြာစာအား အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ 

နေပြည်တော် - မတ်လ ၁၅

            “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး”ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကျင်းပသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီ အချိန်တွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပရာ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍အမှာစကားပြောကြားပါသည်။ အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊  နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၊ စားသုံးသူရေးရာအသင်း၊ USAID နှင့် EU-GIZ အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အခမ်းအနားသို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊  စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် USAIDအဖွဲ့အစည်း၏ Private Sector Development Activity, Project Director ဖြစ်သူ Mr. Steve Allen Parker တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို စားသုံးသူများကိုယ်တိုင် မိမိတို့၏အခွင့်အရေးများကို သိရှိရန်နှင့် စားသုံးသူများ၏အခြေခံ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်အတွက် တွန်းအားပေးလှုံ့ဆော်သည့်အနေဖြင့် ယခုကဲ့သို့နှစ်စဉ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်း၌ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် စားသုံးသူရေးရာနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းပေါင်း ၂၂၀ ကျော်က တက်ကြွစွာ ဖွဲစည်းလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် စားသုံး သူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်း၍ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေနှင့်အညီ စားသုံးသူတို့၏အခြေခံအခွင့်အရေးများကို မြှင့်တင်ပေးခြင်းနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊  စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းသည် စားသုံးသူများအပေါ် ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားသည့်ကုန်စည်များကို ထုတ်လုပ် တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများကိုလည်းရရှိစေရန် ဖော်ဆောင်ပေးနေခြင်းဖြစ်ပါ ကြောင်း၊ ယနေ့အချိန်အခါတွင်  စားသုံးသူများ ကျန်းမာရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်း ရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ၏ထိခိုက်နစ်နာမှုများအတွက် အရေးယူဆောင်ရွက်ပေးနိုင်မည့် ယန္တရားများ၊ စနစ်များပေါ်ပေါက်လာစေရေး နှင့် စားသုံးသူများ အသိပညာတိုးတက်စေရန် စဉ်ဆက်မပြတ် ပညာပေးမှုလုပ်ငန်းများသည် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများအနက် အရေးကြီးသော လုပ်ငန်းစဉ်များဖြစ်လာ သည်ကို သိသာထင်ရှားစွာ တွေ့မြင်လာနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းနှင့် USAID အဖွဲ့အစည်း၏ Private Sector Development Activity, Project Director ဖြစ်သူ Mr. Steve Allen Parker တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်ရှိသူတစ်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ Official Websiteလွှင့်တင်ခြင်းစပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပြည် ထောင်စုဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပါသည်။ ထို့နောက် ဆွေးနွေးပွဲအစီ အစဉ်များကို ဆက်လက်ကျင်းပရာ “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော် ဆောင်ရွက် ပေး”ဟူသည့် ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်း မြင့်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူ၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ပါမောက္ခ ဒေါက်တာအောင်မြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးနှင့် မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂ အတွင်း ရေးမှူး ဦးမောင်မောင်တို့က ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေးနှင့်ပတ်သက်၍ Asian Development Bank-ADB ကိုယ်စားလှယ် ကို လက်ခံတွေ့ဆုံ

ယနေ့နံနက် ၁၁ နာရီ အချိန် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်၊နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး သည် ADB ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၍ အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေး နှင့် ပတ်သက်သော ဌာနက လက်ရှိ ဆောင်ရွက်မှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် အာရှဖွံဖြိုးရေးဘဏ်(ADB) နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ