သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂါနေ့စကားဝိုင်းပြုလုပ်ကျင်းပခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂါနေ့စကားဝိုင်း( Tuesday Talk) အခမ်းအနားကျင်းပ ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်က “တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ဆောင်ရွက်ပေးမှုအခြေအနေနှင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများ” ကို ရှင်းလင်းပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝေရီလင်းက “ Investment in NQI components for Fair Trade and Consumer Protection : Establishment of Rice Moisture Content Traceability System in Myanmar” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။                                          

စုလဲ့ဝါ

(သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ)

                                      

 

ကုန်စည်များထုတ်လုပ်ခြင်း၊ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေဖော်ပြခြင်း

Seminar on Traceability in Rice Moisture Measurement program ဖွင့်ပွဲအခမ်းအနားကျင်းပ

           ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM) တွင် ဆန်စပါးအစိုဓါတ်တိုင်းတာရေး နောက်ကြောင်းပြန် ခြေရာခံစနစ်နှင့် ပတ်သက်၍ Seminar on Tracebility in Rice Moisture Measurement program ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက် (၁၀) နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေ တက်ရောက်ခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား သို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်မှ ဒုဥက္ကဌဒေါက်တာမျိုးအောင်ကျော်၊ရန်ကုန်တိုင်းဒေသကြီးတိုင်း ဦးစီးမှူး ဦးမြင့်ချို၊ ဂျပန်နိုင်ငံ Kett Electric Laboratory Co.,Ltd မှ Mr. Yoshida Norihiro , Japan Development Service (JDS) မှ တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ CTQM ဌာန၏ဌာနမှူးနှင့် ဝန်ထမ်းများ ၊ လှည်းကူးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ သင်တန်းသား /သူ (၃၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။

          Seminar on Traceability in Rice Moisture Measurement program ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM) တွင် ကျင်းပမည် ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ ဝန်ထမ်း(၂၀)ဦး ၊CTQM မှ ဝန်ထမ်း (၈)ဦး၊ MITS မှ ဝန်ထမ်း(၂)ဦး နှင့်  MRF မှ ဝန်ထမ်း(၄)ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။  စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေမှ ဆန်စပါးကဏ္ဍတွင် အစိုဓါတ်၏ ကြိတ်ခွဲရေးနှင့် သိုလှောင်ရေးအပိုင်းတွင် အရေးပါပုံများ၊ ဆန်စပါးအစိုဓါတ်တိုင်းတာရေးနောက် ကြောင်းပြန်ခြေရာခံစနစ်ဖြစ်ပေါ်လာပုံ နှင့် JICA အကူအညီဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နေမှုများ၊သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ National Institute of Metrology Myanmar  (NIMM) မှ Primary Standard အဖြစ်တာဝန်ယူပြီး၊ စားသုံးသူ ရေးရာဦးစီးဌာနရှိ CTQM မှ Secondary Standard အဖြစ်တာဝန်ယူရပုံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ကူညီဆောင်ရွက်ရမည့်အပိုင်းများစသည်တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဆန်စပါးရောင်းဝယ်ရေးကဏ္ဍ၌ လယ်သမား၊ပွဲစား၊ စက်ပိုင် နှင့်ကုန်သည်စသည့်အလွှာတိုင်းတွင် အစိုဓါတ်တိုင်းကရိယာများအသုံးပြုလျက်ရှိပြီး ၊ ၎င်းတို့သည်တိကျမှန်ကန်သော  အစိုဓါတ်တိုင်းကိရိယာများဖြစ်ရန် လိုအပ်ပါကြောင်း၊ အစိုဓါတ် သည် ဆန်စပါး၏အရည်အသွေးကိုသက်ရောက်မှုရှိသည့်အပြင် ရောင်းဝယ်ဖောက်ကားသည့် နေရာတွင်လည်း အလေးချိန်အပေါ်သက်ရောက်မှုရှိသဖြင့် အရေးကြီးပါကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် အဆိုပါစီမံကိန်းကို စားသုံးသူ အကျိုးစီးပွား ကာကွယ်ရေးရှုထောင့်အပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် တရားမျှတသော ကုန်သွယ်မှုဆီသို့ ဦးတည်နိုင်ရန် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်ဝေ မှ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ( MRF) ဒု-ဥက္ကဌ ဒေါက်တာမျိုးအောင်ကျော် မှ စီမံကိန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဆန်စပါးအစိုဓါတ်၏ အရေးပါပုံများ၊ စီမံကိန်းတွင် အစိုးရဝန်ကြီးဌာန(၂)ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာန နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနအပြင် MRF အနေဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင် ကူညီဆောင်ရွက် လျက်ရှိကြောင်းရှင်း လင်းပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓါတ် တိုင်းတာခြင်းနှင့်ပတ်သက်၍ နောက်ကြောင်းပြန် ခြေရာခံစနစ်တည်ထောင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိပြီး၊ Kett Electric Laboratory Co.,Ltd အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဆိုပါ စနစ်ကိုတည်ထောင်ပေးခဲ့ပြီး မြန်မာအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊အင်ဒိုနီးရှား၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တည်ထောင်ပေးခဲ့သည်မှာ (၁၅) နှစ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

မောင်မောင်

  CTQM

အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၃၁-၈-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၉၄ / ၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) နှင့်စပ်လျဉ်၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၆ / ၂၀၁၈) ဖြင့် ထုတ်ပြန်ထား ပါသည်။

          အဆိုပါ အမိန်ကြော်ငြာစာသည် အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ အာဏာ သက်ရောက်မည်ဖြစ်ပြီး တားမြစ်ထားသည့် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း ( Multi Level Marketing ) လုပ်ကိုင်ဆောင်ရွက်နေသည် ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။

စားသုံးသူ(ပြည်သူများ)အား တိုက်တွန်းချက်

၁။      ယခုအခါ တိုးတက်လာသော ခေတ်နှင့်လျှော်ညီစွာ Online Shopping လုပ်ငန်းများ များပြာစွာ ပေါ်ပေါက်လာပါသည်။ ထိုကဲ့သို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများရှိသကဲ့သို့ မမှန်မကန် တာဝန်ယူမှုမရှိသော လုပ်ငန်းများ၊ ပြန်လည်ဆက်သွယ်၍မရရှိသော လုပ်ငန်းများ ရှိနေသည့် အတွက် စားသုံးသူရေးရာဦးစီးဌာန Website Complaint System နှင့် CICC Facebook Page သို့ တိုင်ကြားမှုများ၌ အချို့သော ကိစ္စများတွင် ဖြေရှင်းပေးရန် အခက်အခဲများ တွေ့ကြုံလာရပါသည်။

၂။      အောက်ပါအခြေအနေများကဲ့သို့ အာမခံချက်ရှိသော ဝန်ဆောင်မှုများတွင် ဝယ်ယူသုံးစွဲကြပါ ရန် တိုက်တွန်းအပ်ပါသည်-

  • မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော Website များ (ဥပမာ - https://www.xyz.com.mm) တွင်လည်းကောင်း
  • လုပ်ငန်းတည်နေရာ၊ လိပ်စာ၊တိကျစွာဖော်ပြပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Fax တို့ ဖော်ပြပြီး အမှန်တကယ် တည်ရှိကြောင်း အာမခံမှုရှိသည့် Online Shopping တွင် လည်းကောင်း
  • အခက်အခဲ ပြဿနာပေါ်ပေါက်ပါက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနိုင်ကြောင်း အာမခံချက်ရှိသည့် Online Shopping တွင်လည်းကောင်း
  • မိမိကဲ့သို့ ဝယ်ယူသုံးစွဲခဲ့သော စားသုံးသူများ၏ ထောက်ခံအားပေးမှုရှိသော Online Shopping တွင် လည်းကောင်း
  • Facebook နှင့် website (၂)ခုစလုံးတွင် တိကျသောတာဝန်ခံမှု၊တာဝန်ယူမှုရှိသော Online Shopping တွင်လည်းကောင်း ရွေးချယ်ဝယ်ယူကြပါရန်

 

စားသုံးသူရေးရာဦးစီးဌာနတွင်Tuesday Talk အခမ်းအနားကျင်းပခြင်း

၂၀၁၈ခုနှစ် ၊စက်တင်ဘာလ ၄ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ Tuesday Talk အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွန်ကြားရေးမှူး ဦးဆွေတင်ကြူးမှ Consumer Redress System in KOREA ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေအေးလွင်မှ ကုန်စည်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများထိခိုက်နစ်နာမှုလျော့ပါး သက်သာစေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စီမံခန့်ခွဲဆောင်ရွက်မှုအချက်အလက်များ လေ့လာတင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

Country Planning Framework (CPF) ရေးဆွဲရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့အား CPF- Senior Consultant ဖြစ်သူ Mr.Seiichi Sasaki၊ GGGI-Myanmar Programme Officer နှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့သည် မြန်မာနိုင်ငံတွင် (၅)နှစ်စာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစိမ်းရောင်းဖွံ့ဖြိုးမှုဆိုင်ရာ Country Planning Framework(CPF) ရေးဆွဲပြုစုနိုင်ရေးအတွက် ဌာန၏တာဝန်နှင့် ၀တ္တရားများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ/စီမံကိန်းများ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ၊ဌာန၏ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့ပါသည်။

 

စစ်ကိုင်းတိုင်းဒေကြီးတွင် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့၌ (၉.၈.၂၀၁၈) ရက်နေ့တွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူ တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်မှ နှုတ်ခွန်းဆက်စကားပြောကြား၍  လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူတောင်သူများ များနေ ပြီဖြစ်ပြီး အသင်းဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက စည်းလုံးညီညွတ်စွာ  အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်ပြခြင်းထက် အသင်း အဖွဲ့အနေဖြင့် တင်ပြခြင်းက ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ခရိုင်များရှိ လျှော်ဖြူ စိုက်ပျိုးထုတ်သူများကိုလည်း အသင်းတွင်ပါဝင်နိုင်ရေး ဖိတ်ခေါ်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လျှော်ဖြူအသင်းဥက္ကဌမှလည်း လာရောက်ဆွေးနွေးပေးရန်လိုအပ်ကြောင်းပြေကြားခဲ့ပါသည်။ ဆက်လက်၍ ယခင်က စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူအသင်းဟူ၍ မဖွဲ့စည်းရသေးဘဲ မြန်မာနိုင်ငံလျှော်ဖြူအသင်း၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း တာဝန်ခံများသာရွေးချယ်ထားခြင်းမှ စစ်ကိုင်းတိုင်းလျှော်ဖြူအသင်း အဖြစ် ဖွဲ့စည်းလိုကြောင်းတင်ပြရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရေးအတွက် အသင်းဖြစ်မြောက်ရေးကော်မတီကို ဦးစွာဖွဲ့စည်းရန် လိုအပ်ကြောင်း၊ အသင်းဥက္ကဌကို အသင်းသားများ၏ မဲအရေအတွက်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ဒု-ဥက္ကဌများ ကိုခရိုင် (၇)ခုမှ (၁)ဦးနှုန်းဖြင့် ဒု-ဥက္ကဌ (၇)ဦးရွေးချယ်တင်မြှောက်ပြီး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများကို မဲဖြင့် ရွေးချယ်သွားရန် စီစဉ်ထားပါကြောင်း၊ အသင်းဖွဲ့စည်းပြီးစီးပါက  ဝန်ကြီးဌာနသို့ အမည်ပေါက်စာရင်းသွင်း မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ အသင်းတွင် အမြဲတမ်း EC အဖွဲ့ဝင်ပါဝင်နိုင်ရေးကို ခရိုင်များသို့လည်းအကြောင်းကြား အမည် စာရင်းကောက်ယူ မည်ဖြစ်ပါကြောင်း၊ အမည်စာရင်းပေးထားသည့် EC အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေး ကျင်းပ ရာတွင် မပျက်မကွက် တက်ရောက်စေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။

တက်ရောက်လာကြသော လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများမှ မြန်မာနိုင်ငံလျှော်ဖြူအသင်း၏ လက်အောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလျှော်ဖြူအသင်းခွဲဖွဲ့စည်းရန် ဆန္ဒရှိကြပါကြောင်း ပြောကြား ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယင်းအစည်းအဝေးတွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းခွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီဝင်(၁၃)ဦးရွေးချယ်နိုင်ခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး သို့တက်ရောက်လာကြသော လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဩဂုတ်လ (၁၆)ရက်နေ့၊ (၁၇)ရက် နေ့နှင့် (၁၈)ရက်နေ့များတွင် ကျင်းပသည့်(SMEs)ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်သူများပူးပေါင်း၍ မြန်မာနိုင်ငံလျှော်ဖြူအသင်းအမည်ဖြင့် ပြခန်း(၂)ခန်း ပြသသွားကြမည်ဖြစ် ကြောင်းသိရှိရပါတယ်။

                                                                                                                                                                                                                                                             

တမူးမြို့နယ်၏ အုန်းသီးရောင်းဝယ်မှုနှင့် စျေးနှုန်းစျေးကွက်

တမူးမြို့သို့ အုန်းသီးများကို မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်၏ ကျေးရွာများဖြစ်သည့် နတ်ချောင်း၊ ထိုမာ၊ သာစည်ကျေးရွာများမှလည်းကောင်း၊ ရန်ကုန်မြို့ထွက်အုန်းသီးများ  တမူးမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း၊ အုန်းသီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့လျှက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလ ( ၂၇/၂၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အုန်းသီးမျော ပွဲတော်အတွက် ကြိုတင်ဝယ်ယူစုဆောင်းနေပြီဖြစ်ကြောင်းသိရှိရပြီး ယခုကာလတွင် ဝင်ရောက်မှု အစဖြစ်သောကြောင့် တစ်ရက်လျှင် အုန်းသီး အလုံးရေ (၅၀၀၀) ခန့် ဝင်ရောက်လျှက်ရှိပါကြောင်း၊ စျေးနှုန်းစျေးကွက်အနေဖြင့် ဒေသတွင်းအုန်းသီးတစ်လုံးလျှင် ( ၅၀၀/- ) ဝန်းကျင်နှင့် ရန်ကုန်မှ ထွက်ရှိသောအုန်းသီးတစ်လုံးလျှင် ( ၁၂၀၀/- ) ဝန်းကျင် ရောင်းဝယ်လျှက်ရှိပါသည်။ ဒေသထွက် အုန်းသီးနှင့် ရန်ကုန်ဒေသထွက်အုန်းသီးစျေးနှုန်း ကွာခြားရခြင်းမှာ အုန်းသီးအရွယ်အစား ကွာခြားမှုနှင့် အုန်းသီးအတွင်းသားမာကြောပြီး အဆံထူခြင်းတို့ကြောင့်ဖြစ်ကြောင်း တမူးမြို့နယ် အတွင်း အုန်းသီးရောင်းဝယ်သူများထံမှ ပြောကြားချက်အရ သိရှိရပါသည်။

 

စွမ်းရည် ( တမူး )

ကလေးမြို့နယ်၏ ပြည်ပသို့နွားအရှင်တင်ပို့မှု

                  ကလေးမြို့တွင် ယခုလက်ရှိ နိုင်ငံခြားသို့ နွားတင်ပို့မှုတွင် ကုမ္ပဏီ JT Kalay Company Limited  နှင့် Wai Hlan Oo Company Limited ( ၂ ) ခု တည်ထောင်ပြီး၊ ကလေးမှ မူဆယ်သို့ နွားများတင်ပို့ရန် ယာယီစုဆောင်းနေဆဲဖြစ်ပြီး JT Kalay Company Limited မှ ၆/၂၀၁၈ လအတွင်း တရုတ်နိုင်ငံသို့  နွားအကောင် ( ၁၀၀ ) တင်ပို့ရောင်းချပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် နွားများကို စုဆောင်း လျှက်ရှိရာ မျှောစာရရှိရေးဆောင်ရွက်လျှက်ရှိကြောင်း၊ မျှောစာကြပါက ကုမ္ပဏီ (၂) ခုတွင် နွားများ တင်ပို့မည့် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ပါကြောင်း၊ နွားတင်ပို့မှုနှင့်ပတ်သက်၍ မိမိနိုင်ငံအတွက် နွားအကောင်         ( ၁၀၀ )  တင်ပို့လျှင် သိန်း ( ၅၀ ) ခန့် အခွန်ငွေရရှိပြီး နွားများစုဆောင်းဝယ်ယူချိန်တွင် နွားခြံတစ်ခြံတွင် လူဦးရေ ( ၁၀ ) ဦးခန့် စရိတ် ငြိမ်းလုပ်အားခတစ်ဦးလျှင် ( ၆၀၀၀ ) နှုန်းဖြင့် ပေးချေရသည့်အတွက် နွားခြံ      ( ၂ ) ခြံတွင် လူဦးရေ ( ၂၀ ) ဦးအလုပ်အကိုင်အခွင့်အလမ်းများရရှိပါကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူမှ ပြောပြချက်အရ သိရှိရပါသည်။

                  တောင်သူများအနေဖြင့်လည်း မိမိ၏ခိုင်းနွားများကို ရောင်းချခြင်းများမဟုတ်ကြောင်း ပိုလျှံသည့် နွားများကိုသာ ရောင်းချကြပါကြောင်း၊ နွားရောင်းဝယ်သူများထံမှ မေးမြန်းသိရှိရပါသည်။ ကလေးမြို့တွင် လက်ရှိမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏စာရင်းအရ ကျွဲ၊ နွားများ မွေးမြူထားရှိမှု အခြေအနေများမှာ ကျွဲ     ( ၇၀၀၀ ) ကောင်၊ နွား ( ၇၀၀၀၀ ) ကောင် ဝန်းကျင် မြေပြင်အနေအထားတွင် မွေးမြူထားရှိပါကြောင်း လေ့လာသိရှိရပါသည်။

                  နွားများကို ဝယ်ယူစုဆောင်းရာတွင် ကလေးနယ်တစ်ဝိုက်ဖြစ်သည့် ကလေး၊ နတ်ချောင်း၊ ထောက်ကြန့်၊ ကျောင်းတိုက် ကျေးရွာများတွင် ဝယ်ယူစုဆောင်းပါကြောင်း၊ ဝယ်ယူ စုဆောင်းမှုကာလမှာ ( ၂ ) လမှ ( ၄ ) လ ကြာမြင့်ပြီး ဝယ်ယူစျေးနှုန်းမှာ နွား ( ၅ ) နှစ်သားမှ (၁၃ ) နှစ်သားအထိ တစ်ကောင်လျှင် ( ၁၁ ) သိန်းမှ ( ၁၃ ) သိန်းထိပေး၍ ဝယ်ယူရပြီး တရုတ်နိုင်ငံသို့ ရောင်းစျေးနှုန်းမှာ တစ်ကောင်လျှင် ယွမ် (၈၀၀၀/- မှ ၉၀၀၀/-  မှ ၁၀၀၀၀/-)ရောင်းချရပါကြောင်း နွားရောင်းဝယ်သူများထံမှ မေးမြန်းသိရှိရပါသည်။

                  ကလေးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးတောင်သူများလိုအပ် သော နို့စားနွား (Friesian) ၊ အသားစားနွား (Brahmin) ခိုင်းနွားများဖြစ်သော ပြာစိမ်းနှင့် ရွှေနီမျိုးစပ်များကို မေထုံမဲ့သားစပ်ခြင်းဖြင့် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။

                  ကလေးခရိုင်အတွင်းရှိ ကျွဲ၊ နွားအရှင်များ ပြည်ပသို့တင်ပို့နေမှုအခြေအနေများကို သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

                                                                                                                                                                                                                                                                                                     စန္ဒာမွန်

                                                                                                                                                                                                                                                                                                    ( ကလေး )

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ