သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကျန်းမာရေး နှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု

        အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုသည်မှာ ကူးစက်ရောဂါကာကွယ်ရန်အစားအစာ များကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များတွင် စားသုံးသူ အတွက် အစားအစာ၏ အာဟာရဓာတ်အလုံအလောက်ကို ထိန်းထားနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အစားအစာကိုဆိုလိုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ အစည်း (FAO) ၏ စာတမ်းတွင် ဖော်ပြထားပါသည်။

           အရည်အသွေးစီမံခန့်ခွဲမှုစနစ်သည် အရည်အသွေးဆိုင်ရာမူဝါဒများနှင့် ရည်မှန်းချက်များ အောင်မြင်ရန်အတွက် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်တာဝန်များကို မှတ်တမ်းတင်သည့် တရားဝင် သတ်မှတ်ထားသောစနစ်တစ်ခုဖြစ်ပြီး အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အလွန်အရေးပါသော စနစ်တစ်ခုဖြစ်ပါသည်။

          အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုနှင့်ဆက်စပ်၍ အစာအဆိပ်သင့်ခြင်းကို လေ့လာရာတွင် သန့်ရှင်းမှုမရှိဘဲ အစားအစာပြင်ဆင်ခြင်း၊ ကာလကြာရှည်စွာ ထိန်းသိမ်းထားသော၊ သက်တမ်းကုန်ဆုံး နေသော၊ လတ်ဆတ်မှုမရှိသည့် အစားအစာများကို စားသုံးမိပါက ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်းစသည့် လက္ခဏာများ ခံစားရပြီး ပြင်းထန်ပါက အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ထိုသို့ ဖြစ်ရပ်များသည် အစာအဆိပ်သင့်ခြင်းဖြစ်ပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းမှု မရှိခြင်းကြောင့် ဖြစ်ပေါ်ရသည့် ဆိုးကျိုးများပင်ဖြစ်ပါသည်။  

          အစာအဆိပ်သင့်ခြင်းမှာ အစားအသောက်တွင် အဆိပ်အတောက်ဖြစ်စေသည့် ညစ်ညမ်းနေ သော အစားအစာများ (Food contamination) ကို စားသောက်မိ၍လည်းကောင်း၊ အစားအသောက် များတွင် အစားအစာဓာတ်မတည့်မှုများ (Food Allergies) တုံ့ပြန်မှုများကြောင့်လည်းကောင်း အစာ အဆိပ်သင့်ခြင်း ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရပါသည်။

          အစားအသောက်တွင် အဆိပ်အတောက်ဖြစ်စေခြင်းမှာ ဇီဝအန္တရာယ်ဆိုင်ရာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စသည့် ပိုးမွှားများကြောင့်လည်းကောင်း၊ ဓာတုအန္တရာယ်ဆိုင်ရာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပဋိဇီဝဆေးဝါး၊ ဖြည့်စွက်ပစ္စည်းစသည့် ဓာတုပစ္စည်းများကြောင့်လည်းကောင်း၊ ရူပအန္တရာယ်ဆိုင်ရာ ပြင်ပပစ္စည်းများဖြစ်သော ဖုန်၊ သဲ၊ မှန်စ စသည့် စားစရာ မဟုတ်သည့် ပြင်ပပစ္စည်းများ ပါဝင် ရောနှောနေခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ရူပအန္တရာယ်ဆိုင်ရာ ညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် ထပ်လောင်းအန္တရာယ်မှာ ပြင်ပပစ္စည်းများသည် ဇီဝညစ်ညမ်းမှုကို သယ်ဆောင်လာနိုင်သဖြင့် အစရှိ သည့် Hazard များကြောင့် အစားအသောက်များညစ်ညမ်းစေပြီး ညစ်ညမ်းနေသော အစားအစာများ (Food contamination) ကို စားသုံးမိပါက  အစာအဆိပ်သင့်မှု ဖြစ်ပွားစေပါသည်။

          စားသောက်ကုန်များအား အထက်ဖော်ပြပါ အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်များမှ ရှောင်ရှားနိုင်ရန် အကြမ်းဖျဉ်းအားဖြင့် လယ်ယာထွက်ကုန်များကို စိုက်ပျိုးသည့်နေရာမှစ၍ စားပွဲပေါ် ရောက်သည်အထိ Supply Chain တစ်လျှောက် လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်သော ကောင်းမွန်စွာစိုက်ပျိုးခြင်းနည်းလမ်း၊ ကောင်းမွန်စွာ ထိန်းသိမ်းကိုင်တွယ်ခြင်းနည်းလမ်း၊ ကောင်းမွန် သန့်ရှင်းစင်ကြယ်စွာပြင်ဆင်ခြင်းနည်းလမ်း၊ ကောင်းမွန်စွာထုတ်လုပ်ခြင်းနည်းလမ်းများ ဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်များသိုလှောင်မှုအဆင့်ဆင့်တွင် စားသုံးသူလက်ဝယ် ရောက်ရှိမည့်အချိန် ထိသို လှောင်ရမည့် အကောင်းဆုံးအပူချိန်တွင်ထိန်းသိမ်းထားနိုင်ပါက ထုတ်ကုန်ကောင်းတစ်ခုဖြစ်လာ မည်ဖြစ်ပြီး ကောင်းမွန်သောအရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များကို စားသုံးသူများထံ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။    

          စနစ်တကျထုတ်လုပ်ထားပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်များကို စားသုံးသူများမှရွေးချယ်ဝယ်ယူ စားသုံးနိုင်ရေးနှင့် အစာအဆိပ်သင့်မှုမှ ကင်းဝေးနိုင်စေရေးတို့အတွက် စားသုံးသူများအားအသိပညာပေးခြင်း၊ လှုံ့ဆော်ပေးခြင်းတို့ဖြင့် စားသုံးသူပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသောအစားအစာများကို ရွေးချယ်ဝယ်ယူသည့် အလေ့အထကောင်းများ ကျင့်သုံးလာနိုင်မည်ဖြစ်ပါသည်။

စားသုံးသူပြည်သူများမှ ကောင်းမွန်သောနည်းလမ်းများဖြင့်ထုတ်လုပ်ထားသော ထုတ်ကုန်များ ကို ရွေးချယ်ဝယ်ယူလာခြင်းဖြင့် ရောင်းလိုအားနှင့်ဝယ်လိုအားကိုကြည့်၍ ထုတ်လုပ်သူများမှ ထုတ်ကုန်များကို ကြုံသလို  ထုတ်လုပ်တတ်သည့်အလေ့အထမှ နောင်တွင် စနစ်တကျ ကောင်းမွန် သောနည်းလမ်းများဖြင့် ထုတ်လုပ်လာစေပြီး အစားအစာထုတ်လုပ်သူများအနေဖြင့် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဦးစားပေးဆောင်ရွက်တတ် သည့် Business Ethics ရှိသော စီးပွား‌ရေး လုပ်ငန်းရှင်များအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ပါသည်။

          အစားအစာဓာတ်မတည့်မှုများ(Food Allergies) သည် အစားအသောက်တွင်ပါဝင်သော ပရိုတင်းများကို ခန္ဓာကိုယ်တွင်းရှိ အင်မျူ့ စနစ်၏ ခုခံအားမှ တုန့်ပြန်မှုကြောင့် ဓာတုပစ္စည်းများ ထွက်လာပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည်။ အချို့အပင်နှင့် သတ္တဝါများတွင် (ဥပမာ - မြေပဲ၊ ပဲပုပ်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဂျုံ၊ ပင်လယ်စာများ စသည်တို့တွင် သဘာဝအဆိပ်အတောက်ပစ္စည်းများ ပါဝင်ပြီး ၎င်းတို့ကိုစားသုံးမိပါက အစာအဆိပ်သင့်စေပါသည်။ သို့သော်လည်း ဓာတ်မတည့်မှု လက္ခဏာသည် အချို့လူများတွင် ဖြစ်ပွားလေ့ရှိပြီး တချို့တွင် ဖြစ်ပေါ်လေ့မရှိပါ။ ဤကဲ့သို့ အစားအစာ ဓာတ်မတည့်မှုများ (Food Allergies)  ပါဝင်သော စားသောက်ကုန်များကို ထုတ်လုပ်ရာတွင် ထုတ်ကုန်နှင့်ပတ်သက်၍ ဓာတ်မတည့်ကြောင်း  ဖော်ပြချက်ကို အသိပေးဖော်ပြခြင်းဖြင့် စားသုံးသူများ မှ ရွေးချယ်ဝယ်ယူခွင့်ရှိသောကြောင့် ဓာတ်မတည့်သူများသည် အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးမည် ဖြစ်ပါသည်။

          “အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့် မြန်မာစကားပုံအတိုင်း သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးသူမိဘပြည်သူ တစ်ဦးတစ်ယောက်စီက ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါသည်။   

CTQM

ကုန်အညွှန်းအမှတ်အသား မှန်ကန်ပြည့်စုံရေး လုပ်ငန်းရှင်များကူညီပေး

              “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ထုတ်ကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးခြင်းကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များအပေါ် ယုံကြည်စိတ်ချမှုရှိမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိ၏ထုတ်ကုန် များကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ရာ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကိုရစေပြီး စီးပွားလည်းဖြစ်ထွန်းမည်ဖြစ်ပါသည်။

              စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရှိရမည်ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကိုပေးရန် တာဝန်ရှိပါသည်။ စီးပွားရေးလုပ်ငန်းရှင်သည် မိမိထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြပေးခြင်းသည် ရိုးရှင်းမှန်ကန်သော သတင်းအချက်လက်များပေးခြင်းဖြစ်ပါသည်။ သို့မှသာ စားသုံးသူသည် ကုန်စည်များ၏သုံးစွဲပုံများ အပါအဝင် သိသင့်သိထိုက်သည့် အချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိရသဖြင့် ၎င်းကုန်စည်ကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်၍ စိတ်ကျေနပ်မှုရရှိစေမည်ဖြစ်ပါသည်။

              စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသောကုန်စည်ဖြစ်ပါက တင်သွင်းသူ ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်း ပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင် ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို သိသာထင်ရှားစွာ ဖော်ပြရပါမည်။ ပုဒ်မ ၄၂ အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များ ဖော်ပြနိုင်ပါသည်။

              ပုဒ်မ ၄၃ အရ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ် မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရပါမည်။ ဥပဒေပါစကားရပ်ဖြင့် တင်ပြထားခြင်းဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအတွက် အလွယ်တကူ နားမလည်နိုင်ခြင်း ဖြစ်နိုင်ပါသည်။ အများနားလည်စေနိုင် မည့် အရပ်စကားဖြင့်ပြောရမည်ဆိုလျှင် ဤအပိုဒ်ပါ အချက်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ အခြားမည်သည့် ဘာသာစကားဖြင့် ဖော်ပြထားစေကာမူ မြန်မာဘာသာဖြင့်လည်း မဖြစ်မနေ ဖော်ပြရပါမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

              စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့်ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်က ၃.၁၂.၂၀၁၉ ရက်စွဲ ပါ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ကော်မရှင်၏ ညွှန်ကြားချက်ကို စီးပွားရေးလုပ်ငန်းရှင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါသည်။

              ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ရှင်များနှင့်တွေ့ဆုံပွဲတစ်ခုမှ အတွေ့အကြုံကို မျှဝေဖော်ပြလိုပါသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက မြို့နယ်တစ်ခုတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ကုန်အညွှန်းအမှတ်အသားများကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခြင်းသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီပါကြောင်း၊ ယခုအခါ အင်္ဂလိပ်စာတတ်ကျွမ်း သူများပေါများလာပြီဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။ ၎င်းလုပ်ငန်းရှင်သည် ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖော်ပြခြင်းသည် ခေတ်နောက်ပြန်ဆွဲခြင်းဖြစ်သည်ဟု တိုက်ရိုက်မပြောသော်လည်း ထိုသို့ အဓိပ္ပာယ်သက်ရောက်သည့် တင်ပြချက်ဖြစ်ပါသည်။

              ၎င်းလုပ်ငန်းရှင်၏ တင်ပြချက်သည် မှန်ကောင်းမှန်နိုင်သော်လည်း အင်္ဂလိပ်စာပါလျှင် နိုင်ငံခြားဖြစ်ဟုဆိုကာ တလွဲအတွေးများဖြင့် ဝယ်ယူသုံးစွဲမှုများရှိကြပါသည်။ ယနေ့ခေတ်လူငယ်များသည် ကျောင်းစတက်စဉ် သူငယ်တန်းကတည်းက အင်္ဂလိပ်စာနှင့် ရင်းနှီးခဲ့သည်မှာမှန်သော်လည်း လုပ်ငန်းခွင်သို့ရောက်သောအခါ အင်္ဂလိပ်စာနှင့် ဝေးကွာသွားရသည်မှာ အများစုဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ရိုးရှင်းစွာဖော်ပြထားမှသာ အင်္ဂလိပ်စာနှင့်အကျွမ်းတဝင်မရှိသည့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို လွယ်လင့်တကူရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

              ယနေ့လူငယ်များသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတများကို အတော် အသင့်ရရှိနေကြပြီးဖြစ်ရာ ကုန်စည်များကို အရည်အသွေးဦးစားပေး၍ ရွေးချယ်ဝယ်ယူ တတ်လာကြပြီဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြခြင်းကသာ စားသုံးသူများအတွက် ပိုမိုလွယ်ကူရှင်းလင်းစွာသိမြင်နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းရှင်အတွက်လည်း အကျိုးပိုမိုဖြစ်ထွန်းနိုင်ပါကြောင်း ရှင်းပြရလေ့ရှိပါသည်။ ဈေးကွက်အတွင်း ကွင်းဆင်းလေ့လာသည့်အခါတွင် ထုတ်ကုန်အများစုသည် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြလျက် ဖြန့်ဖြူးရောင်းချလျှက်ရှိနေသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ရပါသည်။

              ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းသည် သာမန်အားဖြင့် ခက်ခဲသောကိစ္စမဟုတ်သော်လည်း အချို့သောလုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက် ရခြင်းဟူသော အတွေးအမြင်ကြောင့် အမှားအယွင်းဖြစ်မည်ကို စိုးရိမ်သည့်အနေအထားတွင်ရှိနေကြ သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မှန်ကန် စွာ ဖော်ပြနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးများနှင့် မြို့နယ်တာဝန်ခံရုံးများ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအပါအဝင် စားသုံးသူ ရေးရာကိစ္စများအားလုံးကို အကူအညီတောင်းခံလာပါက ဌာနဝန်ထမ်းများအနေဖြင့် အကူအညီပေးရန် အသင့်ရှိကြောင်း သတင်းကောင်းပါးလိုပါသည်။

              သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့၏ထုတ်ကုန်များကို ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို စားသုံးသူအတွက်လည်း အကျိုးရှိ၊ မိမိလုပ်ငန်းလည်းအောင်မြင်မည်ဖြစ်ပြီး စီးပွားဥစ္စာ ဒီရေအလားကြီးပွားလာမည်ဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအပါအဝင် စားသုံးသူရေးရာကိစ္စအားလုံးတွင် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ အကူအညီပေးရန်အသင့်ရှိနေပါသဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

စောသန်းထိုက်ကျော်

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်၌ ကြံသီးနှံများ စတင်ထွက်ရှိ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံသီးနှံများထွက်ရှိပြီဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း (၃၂၀၉၄)ဧကစိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၂)တန်ခန့်ထွက်ရှိပါသည်။ ယခုနှစ်ကြံစျေးနှုန်းအနေဖြင့် စက်အရောက်စျေး တစ်တန်လျှင် (၅၄၀၀၀)ကျပ်စျေး ပေါက်သည်ကိုတွေ့ရှိရပါသည်။ ပြည်ခရိုင် ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွသကြားစက်ဟူ၍ (၂)စက်ရှိပါသည်။ နဝဒေးသကြားစက်သည် ယိုးဒယား စူးတက် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ယခုဘဏ္ဍာနှစ်တွင် ကြံတန်ချိန် (၂၃၀၀၀၀)ခန့်အား ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် (၂၃၁၀၀)တန် ထုတ်လုပ်ရန် လျာထားပါသည်။ အင်ငါးခွ သကြားစက်သည် မြန်မာ့ဦးပိုင်ကုမ္ပဏီမှ ပိုင်ဆိုင်၍ ယခုနှစ်အနေဖြင့် ကြံတန်ချိန် (၁၅၀၀၀၀)ခန့် ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန်ပေါင်း (၁၅၃၅၀) ထုတ်လုပ်ရန်လျာထားကြောင်း သိရှိရပါသည်။ သကြားစျေးနှုန်းမှာ ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၈၀၀)ကျပ်ဖြင့် ပြည်တွင်းစျေးကွက်တွင် ရောင်းချလျက်ရှိပါသည်။

          ကြံစိုက်တောင်သူများအနေဖြင့် ကြံတစ်ဧကထုတ်လုပ်ကုန်ကျစရိတ်မှာ စက်အရောက်တစ် ဧကလျှင် (၇၅၀၀၀၀ မှ ၈၀၀၀၀၀)ကျပ်ထိ ကုန်ကျပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၂)တန်ခန့်ထွက်ရှိပါသည်။ ကြံတစ်တန်လျှင် စက်အရောက်ပေးချေနှုန်းမှာ (၅၄၀၀၀)ကျပ်ရှိ၍ တစ်ဧက ဝင်ငွေ မှာ (၁၁၈၈၀၀၀)ကျပ် ရရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၈၈၀၀၀)ကျပ် ရရှိမည်ဖြစ် ကြောင်း လေ့လာသိရှိရပါသည်။

          ကြံစိုက်တောင်သူများအနေဖြင့် ယခုထက် အကျိုးအမြတ် ပိုမိုရရှိလာစေရေးအတွက် မျိုး၊ စိုက်နည်းစနစ်၊ ရေလိုအပ်ချက်နှင့် ထွန်ယက်ခများ သက်သာစေရေးတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ အထွက်နှုန်းတိုးမြှင့်စေရေးအတွက် သွင်းအားစုများ စျေးနှုန်းသက်သာစွာဖြင့် ရရှိရေးတို့ကို ပံ့ပိုးပေးပါက အထွက်နှုန်း ပိုမိုလာနိုင်မည်ဖြစ်ပါသည်။ အရည်အသွေးကောင်းသော သကြားများပိုမိုထုတ်လုပ်လာနိုင်စေရေးအတွက် ခေတ်မီ သကြားစက်များ ထပ်မံတည်ဆောက်ခြင်း၊ သကြားမှထွက်ရှိသော ကြံမြှုပ်ချေး တင့်လဲရည်တို့မှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ပါက ကြံစိုက်တောင်သူများအနေဖြင့် လူနေမှုဘဝမြင့်မားလာမည်ဖြစ်ပြီး အဆင့်မီသကြားစက်များ ထပ်မံတိုးချဲ့လာနိုင်ခြင်းဖြင့် အရည်အသွေးကောင်းသကြားများ ပိုမိုထုတ်လုပ်လာခြင်းအားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ဝင်ငွေအခွင့်အလမ်းရှိနေသော တောင်ငူဒေသမှ ကြံစိုက်တောင်သူများ

              နိုင်ငံတော်၏ စီးပွားရေးကို ထောက်ပံ့ပေးလျှက်ရှိသော လုပ်ငန်းများတွင် စိုက်ပျိုးရေး သည်လည်း အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ လူဦးရေ၊ နည်းပညာပိုင်ဆိုင်မှု၊ လမ်းပန်းဆက်သွယ်နိုင်မှုအခြေအနေနှင့် ရေမြေ တောတောင် တည်ရှိမှုတို့အပေါ် မူတည်၍ စိုက်ပျိုးသီးနှံများလည်း တူညီမှုမရှိကြဘဲ ကွဲပြားလျှက် ရှိပါသည်။

              တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းသကြားစက်သည် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ကြံများစတင်ဝယ်ယူနေပြီ ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများ သည် မိုးရေချိန်ရရှိမှု၊ ဆည်ရေရရှိမှု အပေါ်မူတည်၍ မတ်ပဲ၊ စပါး၊ ကြံ သီးနှံများ စိုက်ပျိုးကြပါသည်။ တောင်ငူမြို့နယ်တွင် ကြံစိုက်ဧက ၄၇၂၆ ခန့်ရှိပါသည်။ ကြံမှထုတ်လုပ်သော သကြားသည် လူတို့ အစားအစာတွင် အရေးပါသော ကုန်ပစ္စည်းတစ်ခုဖြစ်နေသဖြင့် ပြည်တွင်းသကြားစားသုံးမှုကို အထောက်အကူပြုနေပါသည်။

              တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စုတွင် ကြံစိုက်ဧက ၄၀၀ ခန့်ရှိပါသည်။ ကြံစိုက် တောင်သူများသည် ကြံတစ်တန်လျှင် ၄၅၀၀၀ ကျပ်ရောင်းချရပါသည်။ ကြံတစ်ဧက စိုက်ပျိုးစရိတ် ၇၅၀၀၀၀ ကျပ် ကုန်ကျပါသည်။ ယခုနှစ်တွင် မြေဩဇာဈေး မြင့်တက်လာသဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ပျိုးစရိတ် အနည်းငယ်မြင့်တက်လာပါသည်။ တချို့တောင်သူများသည် ဇီဝမြေဩဇာ နွားချေးကို အသုံးပြုနေကြပါသည်။ ကြံခုတ်လုပ်သားများအနေဖြင့် မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အလုပ်ဆင်းရပြီး တစ်ရက်လျှင် လုပ်အားခ ၄၀၀၀ ကျပ် ပေးချေရကြောင်း၊ ကြံခုတ်လုပ်သားတစ်ဦး တစ်ရက်ခုတ်လျှင် (၁)တန်ခန့် ရရှိကြောင်း၊ ကြံကားတင်ခအဖြစ် တစ်တန်လျှင် ၃၀၀၀ ကျပ် ပေးရကြောင်း၊ ကြံစိုက်ခင်း မှ စက်ရုံသို့သယ်ယူမှုကို သက်ဆိုင်ရာ သကြားစက်မှ တာဝန်ခံသယ်ယူပါကြောင်း၊ စိုက်ပျိုးစရိတ်၊ ကြံခုတ်ခ၊ ကြံကားတင်ခ စုစုပေါင်း တစ်ဧက ၉၂၀၀၀၀ ကျပ်ခန့်  ရှိသော်လည်း ကြံတစ်ဧက တန် ၂၅ ထွက်ရှိပြီး ၁၁၂၅၀၀၀ ကျပ်ခန့် ရရှိသဖြင့် တစ်ဧက ၂၀၀၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ကြံတစ်ဧက စိုက်ပျိုးလျှင် ၂၅ တန်အထက် ထွက်ရှိကြောင်း၊ ကောင်းသည့်မြေများ၊ စစ်တောင်းမြစ်ဘေးရှိ မြေကွက်များတွင် စိုက်ပျိုးသည့် တောင်သူများသည် တစ်ဧက တန် ၃၀ အထိ ထွက်ရှိသောကြောင့် ကြံစိုက်တောင်သူ များ ဝင်ငွေအခွင့်အလမ်းရရှိနေကြောင်း၊ ယခင်နှစ်က ကြံတစ်တန် ၃၃၅၀၀ ကျပ်သာ ရောင်းရသည့်အတွက် အကျိုးခံစားခွင့် နည်းပါးကြောင်း၊ ယခု ကြံဈေးတက်လာသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိကြောင်း ကြံတောင်သူ ဦးကျော်ဝင်း ၏ ပြောပြချက်အရ သိရပါသည်။

              ကြံစိုက်ပျိုးသည့်တောင်သူများနှင့် ကြံစိုက်ခင်းများသည် သကြားစက်အတွက် မဖြစ်မနေ လိုအပ်သလို ကြံစိုက်တောင်သူများအတွက် ခေတ်မီသကြားစက်ကြီးများလည်း လိုအပ်ပါသည်။ သက်ဆိုင်ရာ သကြားစက်များမှ ကြံများကို တာဝန်ခံ၍ သယ်ယူခြင်း၊ ကြံစိုက်တောင်သူများအတွက် တစ်ဧက ၂၀၀၀၀၀ ကျပ် ထုတ်ချေးပေးခြင်း၊ ငွေထုတ်ချေးသော်လည်း ကြံပေါ်ချိန်တွင် ဈေးဖြတ်ခြင်းမရှိ၊ ပေါက်ဈေးအတိုင်းပေး၍ ဝယ်ယူခြင်း များသည် ကြံစိုက်တောင်သူများကို များစွာအထောက်အကူ ပြုပါသည်။ ကြံကားများရောက်ရှိပါက ကတ္တားချိန်ပြီးသည်နှင့် ကြံဖိုးငွေများ ပေးချေပါသည်။

              ကြံများ စက်ရုံသို့အချိန်မီရောက်ရှိရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့်လည်း ကြံစိုက်တောင်သူများအတွက် အလေအလွင့်ဆုံးရှုံးမှု နည်းပါးလာပါသည်။ ကြံစိုက်တောင်သူများ၏ အခက်အခဲ အနေဖြင့် စက်ရုံမှ စိုက်ပျိုးစရိတ်ကြိုထုတ်ပေးရန် ဘဏ်များမှ ငွေလိုသလောက် ထုတ်ရန် ခက်ခဲ သဖြင့် စိုက်ပျိုးစရိတ် ကြိုတင်ငွေထုတ်ယူရရှိမှု မရှိသေးကြောင်း၊ ကြံဖိုးငွေ ပေးချေရာတွင် ဘဏ်မှ ငွေထုတ်ယူ ရရှိသည့်အပေါ် အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါကြောင်း ကြံစိုက်တောင်သူ ဦးကျော်ဝင်းမှ ပြောကြားခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ကဝမြို့နယ်အတွင်း ပဲတီရွှေဝါ တိုးချဲ့စိုက်ပျိုး

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တွင် ပဲတီရွှေဝါစိုက်ဧက  ၆၆၂၄၃၆   ရှိပြီး  ကဝမြို့နယ်မှာ ပဲတီရွှေဝါစိုက်ဧက ၁၅၈၃၅၄ ဧက ရှိသဖြင့် ခရိုင်အတွင်း  ကဝမြို့နယ်သည် ပဲတီရွှေဝါ အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ကြောင်းသိရသည်။  ယခုအချိန် တောင်သူများ မိုးစပါးရိတ်သိမ်းပြီးသည်နှင့်တပြိုင်နက် ပဲတီရွှေဝါများကို အချိန်မီစိုက်ပျိုးနိုင်ရန် မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။ စိုက်ပျိုးသည့် ပဲတီရွှေဝါမျိုးမှာ အထွက်နှုန်း ကောင်းပြီး ရာသီဉတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေးမျိုးနှင့် ရေဆင်း ၉ မျိုး တို့ဖြစ်ကြောင်း သိရှိရပြီး ငယ်စဉ်မှ ရိတ်သိမ်းချိန်အထိ အဆင့်အားလုံးတွင် မြစ်ဆွေးမြစ်ခြောက်ရောဂါပိုး ကျရောက် တတ်ကြောင်း၊ ယခုအချိန်တွင် ရာသီဉတုကြောင့် အပင်ဖျက် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်နိုင်သည့်အတွက် ပဲစိုက်တောင်သူဦးကြီးများအနေဖြင့် ကျရောက်လျက်ရှိသော ဗိုင်းရပ်စ်သယ်ဆောင်သည့် အင်းဆက်ပိုးမွှားများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ သင့်လျော်သည့် ပိုးသတ်ဆေးများကို  အသုံးပြု နှိမ်နှင်းရကြောင်း သိရှိရပါသည်။

          ပဲတီရွှေဝါ တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ် ၂၈၅၀၀၀ ခန့် ကုန်ကျြပီး ၊ တစ်ဧကလျှင် ၁၃ တင်းနှုန်း ထွက်ရှိပြီး၊  ယခင်နှစ် ပဲပေါ်ချိန် တွင် ပဲတီရွှေဝါတစ်တင်းလျှင် ၃၅၀၀၀ကျပ်နှုန်း ရောင်းချရပါသဖြင့် တောင်သူဦးကြီးများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ် ၁၇၀၀၀၀ကျပ် ရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်၏ အကျိုးအမြတ်များ ရရှိခဲ့မှုကြောင့် ပဲခူးခရိုင် ၊ ကဝမြို့နယ်ရှိ တောင်သူဦးကြီးများသည် ပဲတီရွှေဝါကို ယခင်နှစ်ထက်  ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း ဘိလပ်မြေတင်သွင်းမှုအား ဖြေလျော့ပေးမှု

          ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာဆက်စပ်ဌာနများဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌန၊ စားသုံးသူရေးရာဦးစီးဌာနရှိ တာဝန်ရှိသူများသည် ကျိုင်းတုံ-တာချီလိတ်မြို့အတွင်း ဘိလပ်မြေဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဘိလပ်မြေတင်သွင်းမှုအား ဆွေးနွေးခဲ့ရာ ဘိလပ်မြေတင်သွင်းမှုရပ်ဆိုင်းခဲ့ရာတွင် အခက် အခဲများနှင့် ကြုံတွေ့နေရသောကြောင့် အထက်အဆင့်ဆင့်သို့ တင်ပြခဲ့ပြီး ထိုတင်ပြချက်အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေတင်သွင်းမှုကိစ္စနှင့် ပတ်သက်၍ ဖြေလျော့ပေးရန် စီးစဉ်ခဲ့ ကြောင်း သိရှိရပါသည်။ ထိုဖြေလျော့ပေးမှုတွင် မူဝါဒအနေဖြင့် ဒေသတွင်း သုံးစွဲရန်အတွက်သာခွင့် ပြုပြီး ပြည်နယ်အုပ်ချုပ်ရေး၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်း၊ ကန့်သတ်ချက်အနေဖြင့် လိုင်စင်တစ်ခါလျှေက် တန်(၁၀၀)သာ လျှေက်ထားခွင့်ပြုပြီး ပြည်မသို့ရောင်းဝယ်ဖောက်ကားမှု မပြုရဟု သတ်မှတ်ထားရှိကြောင်း သိရှိခဲ့ရပါသည်။ နောက်နောင် ပြည်တွင်းသုံးစွဲမှု ဖူလုံမှုရှိစေရန် အတွက် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဆန္ဒရှိပါကြောင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသွားကြောင်း သိရှိခဲ့ရပါသည်။

ကျိုင်းတုံမြို့ပေါ်ရှိ ဘိလပ်မြေဈေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)ရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံ မြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းနှင့်ဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်ရာတွင် ငွေ(ထိုင်း)ဈေးပြောင်းလဲမှုများအပြင် အောက်တိုဘာ(၁၅)ရက်နေ့မှစ၍ ဘိလပ်မြေတင်သွင်းမှုရပ်ဆိုင်းထားခြင်းကြောင့် ဘိလပ်မြေဈေးနှုန်းမတည်ငြိမ်ဖြစ်ခြင်း၊ ပစ္စည်း လက်ကျန်နည်းပါးမှုများရှိခြင်းတို့ ကြုံတွေ့နေရကြောင်းနှင့် ဘိလပ်မြေများအား တောင်ကြီးဘက်မှ ဝယ်ယူရောင်းချမည်ဆိုပါကလည်း သယ်ယူစရိတ်ကြီးမြှင့်မှုကြောင့် ယခုရောင်းချနေသည့်ပမာဏ ထက်ဈေးနှုန်းကြီးမြင့်စွာရောင်းရမည့် အခက်အခဲများရှိကြောင်းကို လုပ်ငန်းရှင်များထံမှ သိရှိခဲ့ရ ပါသည်။ ထို့အပြင် ဘိလပ်မြေများကို တာချီလိတ်နယ်စပ်မှ တင်သွင်းမှုပမာဏအနေဖြင့် ပြန်လည် သုံးသပ်ရာ ၂၀၂၁ခုနှစ် ဩဂုတ်လတွင် (၁၆၃၂၅၀၀၀)ကီလို၊ ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် (၁၃၆၇၀၀၀၀)ကီလိုနှင့် အောက်တိုဘာလ(၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ တင်သွင်းမှုမှာ (၈၂၅၀၀၀၀) ကီလိုသာရှိကြောင်း တင်သွင်းမှုရပ်ဆိုင်းလိုက်ခြင်းကြောင့် သက်တမ်းကျန်ရှိသူများမှ လက်ကျန်များ သာတင်သွင်းနေခြင်းနှင့် အရင်လများနှင့်နှိုင်းယှဉ်လျင် ထက်ဝက်ခန့်သာတင်သွင်းမှုရှိခြင်းကြောင့် နောက်ပိုင်းတွင်ပစ္စည်းရှားပါးခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများပို၍ ဖြစ်လာနိုင်မည်ကိုစိုးရိမ်မှုရှိ ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

စားသုံးဆီ ဖူလုံရေးတိုးချဲ့

          ပဲခူးတိုင်းဒေသကြီးအတွင်း  ပဲခူးခရိုင်အနေဖြင့်  မြေပဲစိုက်ဧကမှာ  ၃၆၉၉၅၁ဧကရှိပြီး      အထွက်နှုန်းမှာတစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း(၅၀) ထွက်ကြောင်းသိရှိရပါသည်။ မြေပဲကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ဆွတ်ခူးကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် မြေပဲတောင့်မျိုး  (၁၁)တင်း ခန့်အသုံးပြုပြီး မြေပဲဆံအနေဖြင့် (၂)တင်း ခန့် စိုက်ပျိုးရပါသည်။ တစ်ဧကလျှင် မြေပဲမျိုးအတွက် ၂၀၀၀၀၀ကျပ်ကုန်ကျပြီး၊ ပေါင်းလိုက်ခြင်း၊ မြက်နုတ်ခြင်း၊ အားဆေးအသုံးပြုခြင်းနှင့် မြေပဲနုတ်ချွေခတို့အတွက် ကျပ် ၃၀၀၀၀၀ ကုန်ကျသည့်အတွက် စုစုပေါင်းစိုက်ပျိုးစရိတ်မှာ ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။

          မြေပဲထွက်ရှိချိန်တွင် မြေပဲတောင့်(၅၀)တင်း ထွက်ရှိမည်ဆိုပါက ပိဿာ (၃၀၀) ခန့်ရှိသဖြင့် မြေပဲတစ်ပိဿာလျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် (၇၅၀၀၀၀) ကျပ်ရရှိမညဖြစ်သဖြင့် မြေပဲတစ်ဧကလျှင် အကျိုးမြတ်အားဖြင့် (၂၅၀၀၀၀) ကျပ်ရရှိမည်ဖြစ်ပါသည်။ မြေပဲကို အစေ့အဆံအတိုင်း စားသောက်ကုန်များတွင် အသုံးပြုခြင်း၊ ကျန်၅၀% ခန့်ကိုဆီကြိတ်ခွဲခြင်းတို့ဖြင့် အသုံးပြုကြပါသည်။ ယခုအခါ စားအုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မြေပဲများ ပိုမိုစိုက်ပျိုးနိုင်‌ရေး နိုင်ငံတော်က အားပေး‌ဆောင်ရွက်လျှက်ရှိရာ မြေပဲဆီတိုးတက် ထုတ်လုပ်နိုင်ပါက စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ အသုံးပြုနိုင်သဖြင့် မြေပဲဆီဈေးကွက် ဖွံ့ဖြိုးလာသည်နှင့်အမျှ မြေပဲသီးနှံကို ဦးစားပေးရွေးချယ်စိုက်ပျိုးလာသည်ဟု သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကုန်စည်စီးဆင်းမှုမပြုလုပ်နိုင်သေးသည့် မိုင်းယု-ကျိန်းရဲတံတား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် (၂၂-၇-၂၀၁၆)ရက်နေ့တွင် မိုင်းယု-ကျိန်းရဲတံတား စုပေါင်းစစ်ဆေးရေးဂိတ်အား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အခွန်တိုးတက်ရရှိရေး ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် စတင်ဖွင့်လှစ်စေခဲ့ပြီး နယ်စပ်ချင်းထိစပ်နေသော မိုင်းလား(အထူးဒေသ-၄)မှတဆင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံ ထွက်ကုန်ပစ္စည်း များဖြစ်သည့် ရာဘာ၊ သျှစ်ရှူးငှက်ပျော၊ ရွှေဖရုံသီး၊ ဖရဲသီး၊ ပြောင်းအစရှိသည့် စိုက်ပျိုးရေး ထွက်ကုန် သီးနှံများအား တရားဝင်ကုန်သွယ်မှု ပြုနိုင်ရေးအတွက် နေ့စဉ် ကုန်စည်စီးဆင်းမှု/ ကုန်သွယ်မှုအခြေ အနေများကို ဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုပြုနိုင်စေရန်အတွက် ကြီးကြပ်ဆောင်ရွက်စေခဲ့ပြီးဖြစ်ပါသည်။
(၁၈-၁၂-၂၀၂၀)ရက်နေ့တွင် မိုင်းယု-ကျိန်းရဲတံတားအား မိုင်းလား(အထူးဒေသ-၄)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ပထမအကြိမ်ရက်အကန့်အသတ်မရှိ (ယာယီ) ပိတ်ထားခဲ့ပြီး (၂၀-၁-၂၀၂၁)ရက်နေ့တွင် မိုင်းယု-ကျိန်းရဲတံတားအား ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှုများပြန်လည်စတင်စေခဲ့ပါသည်။ ထို့နောက် ဒုတိယအကြိမ်(၁၉-၇-၂၀၂၁)ရက်နေ့တွင် မိုင်းလား(အထူးဒေသ-၄)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိုင်းယု-ကျိန်းရဲ တံတားအား ရက်အကန့်အသတ်မရှိ (ယာယီ) ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု နှင့်ကုန်သွယ်မှုများရပ်တန့်လျက်ရှိပါသည်။
ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိသေးသောကြောင့် ဒေသထွက် စိုက်ပျိုးရေး သီးနှံထွက်ကုန်ပစ္စည်းများမှာလည်း အိမ်နီးချင်းတရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရာတွင် ဝယ်လိုအားအလွန်နည်းပါးသောကြောင့် စိုက်ပျိုးရေး သီးနှံထွက်ကုန် ပစ္စည်းများ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် အရှုံးဖြင့်ရင်ဆိုင်နေရသည့် အပြင် ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရမှု များကြောင့် စိုက်ပျိုးရေး သီးနှံ စိုက်ပျိုးသည့်တောင်သူ အလွန်နည်းပါးသွားနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းအား အဓိက အားထားသည့်နိုင်ငံဖြစ်သည့်နှင့်အညီ ကုန်စည် စီးဆင်းမှု လွယ်ကူစေရန်အတွက် မိုင်းယု-ကျိန်းရဲတံတားအား ပြန်လည်ဖွင့်လှစ် ပေးမည်ဟုဆိုပါက နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်အခများရရှိမည့်အပြင် တရားဝင်ကုန်သွယ်မှုပြန် လည်လုပ်ကိုင်နိုင်ပြီး စီးပွားရေးအကြပ်အတည်း ကိုကျော်ဖြတ်ကာ ဘာသာရေးအလှူအဒါန်း များအပါအဝင် ဒေသတွင်းနေထိုင်ကြသော တိုင်းရင်းသားရိုးရာပွဲတော်များပါမကျန် ပျော်ပျော် ရွှင်ရွှင် ကျင်းပပြုလုပ်ပါဝင်ဆင်နွဲ့ကာ ကိုဗစ်-၁၉ ရောဂါအား ကြံ့ကြံ့ခံပြီးကျန်းမာပျော်ရွှင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်

ရွှေတောင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ရွှေတောင်မြို့နယ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့၌ ရွှေတောင်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ရောင်းချလျှက် ရှိသော စက်သုံးဆီတို့၏ အရည်အသွေး၊ အချိန်အတွယ် ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် သတ်မှတ် ထားသည့် ခွဲတမ်းများ ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ ရောင်းချသော ကုန်စည်တို့နှင့်ပတ်သက်သော သတင်းအချက်အလက်များအား အများ ပြည်သူတို့ရှင်းလင်းစွာသိရှိနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေကြရန်၊ သတ်မှတ် အရည်အသွေးပြည့်မီသော စက်သုံးဆီများကိုသာရောင်းချကြရန် အထူးဈေးနှုန်းဖြင့် ရောင်းချမည် ဆိုပါကလည်း စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာ ရောင်းချကြရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ