သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် အတွက်  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီထုတ်လုပ်  ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်( ၂၀  )ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက စားသုံးဆီ အမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ပါကြောင်း၊ အသားတင် ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်သာ တိကျစွာဖော်ပြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကုန်စည်များကို စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှ သာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များလည်းရှိပါကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ ညွှန်ကြား ချက်(၁ /၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အဆိုပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှုပြစ်ဒဏ်များကျခံရမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များကလည်း သိရှိလိုသည်များကို  အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒုခရိုင်ဦးစီးမှူးသည် (၁၄.၂.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်  ကြို့ပင်(မြောက်)ကျေးရွာအုပ်စု၊ အ.မ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းမှုအခြေအနေ၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စားသုံးသူ‌ရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုရမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့်  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၂၁-၂-၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့အတွင်း  ပဲငပိကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွား‌ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွား‌‌ရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ခြင်းစသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေးကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကချင်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၁-၂-၂၀၂၃ ရက်နေ့၊ ၁၁:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကုန်စုံဆိုင်(၄)ဆိုင်သို့သွားရောက်၍   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် "Julie’s (OAT25) Ten Grains" (ဘီစကစ်) အမှတ်တံဆိပ်ပါအသင့်စားမုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသားထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိခြင်းတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကချင်)

   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

         ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် အမျိုးသမီးအသက်မွေးအတတ် ပညာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာဆရာမများနှင့်ကျောင်းသူစုစုပေါင်း (၄၀)ဦးခန့်တက်ရောက်ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက် သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့် သိရှိ သင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များအား ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူ အခွင့်အရေး (၈)ချက်ကို ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၄:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

ပြည်သူများအနေဖြင့်ဝယ်ယူစားသုံးသည့် ကုန်စည်၊ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှုမရှိစေရန် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ၏ သတင်းအချက်အလက် များကို ကြိုတင်သိရှိထားရန် အထူးလိုအပ်လျက်ရှိ

           စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန်(ရုံးအကူ)တို့သည် ဟားခါးမြို့၊ ဈေးကွက်ရပ်ကွက်ရှိ  ကုန်စုံဆိုင်များအား (၁၇.၂.၂၀၂၃) ရက်နေ့၊(သောကြာနေ့)နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် ကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍  မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုခု ဖော်ပြထားခြင်းရှိ/မရှိ၊ Expire Date သက်တမ်းကုန်ပစ္စည်းများဈေးကွက်အတွင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနကတရားမဝင် ကုန်ပစ္စည်းအဖြစ်ကြေညာထားသည့်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုရှိ/မရှိ စသည့်အခြေအနေတို့ကို စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စုံဆိုင်ရောင်းချသူများအားကုန်ပစ္စည်းများကို မှာယူရာတွင် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ၏ နေရပ်လိပ်စာ သို့မဟုတ်  ကုမ္ပဏီနှင့်ပတ်သက်သော တိကျမှန်ကန်သည့်သတင်းအချက်များကို ကြိုတင်သိရှိရန် အထူးလိုအပ်ပါကြောင်း၊ သို့မှသာလျှင် ဘေးအန္တရာယ်ရှိသည်ဟုယူဆရသော ကုန်စ္စည်းများကို ပြည်သူများ၏ လက်ဝယ်သို့မရောက်ခင် ကြိုတင်အချိန်မီကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်းနှင့်မိမိတို့ သက်ဆိုင်ဌာန၏ လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ် ပူးပေါင်းလိုက်နာဆောင်ရွက်သွားကြစေလိုကြောင်းနှင့်စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ရှေးရှုပြီးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(Chin)

 

 

စားသုံးဆီများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးသယ်ယူရောင်းချနိုင်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

      ၁၁-၂-၂၀၂၃ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်သည် ကြည့်မြင်တိုင်မြို့နယ်၊ KIP ဆိပ်ကမ်းရှိ စားသုံးဆီကန်များသို့သွားရောက်၍ ပြည့်ပမှတင်သွင်းလာသည့် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် စားသုံးဆီထည့်သွင်းသည့်ပေပါများပေါ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီက ခွင့်ပြုပေးထားသည့် သက်ဆိုင်ရာကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ် (Logo)ပါ Cap Seal များ ချိတ်ပိတ်ထားခြင်း ရှိ/မရှိ၊ သန့်စင်သောပေပါ (Food Grade Clean Drum) များဖြင့်လည်းကောင်း၊ Food Grade Bowser Truck  ဖြင့်လည်း‌ကောင်း၊ ဆီလုပ်ငန်းရှင်များကလည်း ဆီလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့်အဝါရောင်ပေပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီးသောအဝါရောင်ပေပါများဖြင့် သယ်ယူ/ထုတ်ပေးနေခြင်းအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

         

 

မုံရွာမြို့၊ ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူအသိပညာပေးဟောပြော

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပါသည်။

 ထိုသို့အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူး၊ ဒေါ်တိုးတိုးချွန်က စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်လုပ်ဆောင်ချက်များ ကွဲပြားပုံအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ် အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲတိုင်ကြား ကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့် အလေ့အကျင့်များရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့် တာဝန်များကို လိုက်နာကြရန် လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကြောင်းရှင်းလင်းပြောကြားပြီး ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် ပတ်သက်၍နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာသော ကိစ္စရပ်များအားလည်းဌာနမှ ညှိနှိုင်းပေး သဖြင့် အဆင်ပြေသွားသည့်အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် မုန့်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်း ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့်ကုန်စည် အပေါ်တာဝန်ရှိမှုကိုသိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ ၍ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်စည်ကို ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်လိုပါက ဌာနမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းနှင့် တွေ့ဆုံ၍ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ကရင်စားသုံး

        စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်သည် ၁၈-၂-၂၀၂၃ ရက်နေ့၊ စနေနေ့၊ ၁၇:၀၀ နာရီ အချိန်တွင် Hotel Perfect ၌ ကရင်ပြည်နယ်အတွင်းရှိကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီလုပ်ငန်းရှင်များအသင်း၊ ပဲ၊ ပြောင်း၊ နှမ်းလုပ်ငန်းရှင်များအသင်းနှင့်ညီနောင်အသင်းများအားတွေ့ဆုံ၍ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြောင်းသိရသည်။

        အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က ဌာနမှဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ အထောက်အကူဖြစ်စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာကိန်းဂဏန်း အချက်အလက်များနှင့်သီးနှံဈေးနှုန်းဈေးကွက်နှင့်အခြေခံစားသောက်ကုန် ဈေးနှုန်းနှင့်ပတ်သက်၍ ဌာန၏ website တွင်လွှင့်တင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသူကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ညီနောင်များအသင်းမှ ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှုတာဝန်ခံများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှု ဗဟိုဌာနပြည်နယ်တာဝန်ခံ၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများအသင်း၊ ကရင်ပြည်နယ်ပြောင်းအသင်း၊ ညီနောင်အသင်းအပါအဝင် စုစုပေါင်းလူဦးရေ  (၁၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ