သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

      စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့၌ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး သည် စိုက်ပျိုးရေးအားဖြင့် အရေးပါသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပြီးသည့်အတွက် ဒေသတွင်း ဆန်ဖူလုံမှုမှာ ၂၁၂.၇၉ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှုမှာ ၅၀၄.၃၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ၉၆၄.၃၀ ရာခိုင်နှုန်း ရှိသည့်အတွက် တိုင်းဒေသကြီးစီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးအပေါ် မှီခိုနေပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ စုစုပေါင်းမြေရိယာ ၂၃၁ သိန်းကျော် ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းကျော်ရှိပြီး သီးထပ်၊ သီးညှပ် ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ အဟာရပြည့်ဝပြီး ဈေးနှုန်းချိုသာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များအား ပြည်သူများပေါများစွာ စားသုံးနိုင်ကြရန်အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျောက်တွင် ပါဝင်သူများအားလုံးပူးပေါင်း၍ စံချိန်စံညွှန်း ပြည့်မီသည့် အရည်အသွေးကောင်း ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပြီး ရေရှည် တည်တံ့သော စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများပေါ်ထွန်းလာစေရေး ကြိုးပမ်းရန် လိုအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

     ဆက်လက်၍ တက်ရောက်ကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည် စက်မှုလုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုများနှင့် အစီအမံများ၊ ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စိုက်ပျိုးရေးနှင့် ဒေသထုတ်ကုန်များ ထုတ်လုပ်ပိုလျှံမှုဈေးကွက်လက်ကျန်၊ ကုန်သွယ်နိုင်မှုအခြေအနေ၊ လက်ရှိဈေးနှုန်းနှင့် ဈေးကွက်အလားအလာများအားဆွေးနွေးပါသည်။ မြန်မာကုန်သွယ်မြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်နှင်းပန်းဖြူက လယ်ယာထွက် ကုန်များ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ ပြည်ပကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ချိတ်ဆက်မှုများကို ဆွေးနွေးပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်၍ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                 

ကိတ်မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် ဆွေးနွေးအသိပညာပေး

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ) သည် ၈.၉.၂၀၂၂ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာမှ လမင်းအမှတ်တံဆိပ်(ကိတ်မုန့်မျိုးစုံ)ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာအောင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့် အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူလိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်းတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် 2/2019 အရ ကိတ်မုန့်မျိုးစုံသည် ကုန်စည်အုပ်စု(က)တွင်ပါဝင်ပြီး အသင့်စားမုန့်အမျိုးမျိုးတို့၌ ပါဝင်သည့်အတွက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဆားထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခြင်းနှင့် ဈေးကွက်စောင့်ကြည့်  စစ်ဆေးခြင်း

       ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်၊ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် အမ်းမြို့နယ် အမှတ် (၃)ရပ်ကွက်ရှိ “ဘကြီးအောင်” ဆားစက်ရုံသို့ သွားရောက်၍ ဆားထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်းနှင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ဦးအောင်မင်းခိုင်နှင့်ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ “ဘကြီးအောင်”ဆားစက်သည် အိုင်အိုဒင်းဆားတစ်မျိုးတည်းသာထုတ်လုပ်ပြီး (၅၀)ကျပ်သားဝင် ပလတ်စတစ်အိတ်များဖြင့် သေသပ်စွာထုပ်ပိုး၍ “လွင်”အမှတ်တံဆိပ်ဖြင့် တစ်နေ့ ဆား (၄၈၀)ပိဿာခန့်အား (၃၀)ပိဿာဝင် အိတ်များဖြင့်ထည့်ကာ ဒေသတွင်းဖြန့်ဖြူးရောင်းချနေခြင်း၊ ဆား (၅၀)ကျပ်သား တစ်ထုပ်လျှင် စက်ရုံဈေး (၃၀၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချနေခြင်း၊ ထုပ်ပိုးသည့် ပလတ်စတစ်အိတ်ပေါ်တွင်ဖော်ပြထား သည့်ကုန်အညွှန်းအမှတ်အသားများအား ကုန်ပစ္စည်းအမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှု၊ သုံးစွဲပုံနည်းလမ်းများအားလည်း မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်းစိစစ် တွေ့ရှိရပါ သည်။

    ဦးအောင်မင်းခိုင်၊ ဒုဦးစီးမှူးမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်၊ ကုန်ပစ္စည်း အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ စက်ရုံဝန်းကျင်သန့်ရှင်းမှုရှိစေရေးနှင့်ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရေး အသိပညာ‌ပေးပြောကြား ခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

DOCA(ရခိုင်)

 

 

ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၆.၉.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

     အဆိုပါ Talk Show  တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးနေဇင်သက်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေ၏ ရည်ရွယ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို သုံးစွဲခြင်းဖြင့် စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့်နေရာ၊ website၊ Call Center တို့သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် အကြောင်းအရာများအား ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အထက (မင်းတန်း)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး (မော်လမြိုင်)၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ၆.၉.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ အထက (မင်းတန်း) ကျောင်းတွင် ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ်ဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေး (မော်လမြိုင်)မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးအောင်မင်းနိုင်က ရှေးဦးသူနာပြုစုနည်းနှင့် ကြက်ခြေနီအသင်းအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးနေဇင်သက်က စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲ များသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၂၅) ဦး တက်ရောက်ခဲ့ပြီး လူကုန်ကူးမှုနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ပြည်နယ်ဦးစီးမှူးမှ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၃.၉.၂၀၂၂  ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ငန်းတေးရပ်ကွက်၊ လမုတန်းရပ်ကွက်နှင့် ချောင်းဆုံမြို့နယ် ကော့မုပွန်ရပ်ကွက်တို့တွင်လည်းကောင်း၊ ၅.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ပိန္နဲကုန်းရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ အောင်သုခရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ လူမှုကူညီရေးအဖွဲ့ (၂/၂၀၂၂) အစည်းအဝေးကျင်းပ

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ စက်တင်ဘာ ၇ ရက်၊ နေ့လယ် (၁၃:၀၀) နာရီတွင် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း များလူမှုကူညီရေးအဖွဲ့ (၂/၂၀၂၂) အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

   အစည်းအဝေးတွင် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများလူမှုကူညီရေးအဖွဲ့ ဥက္ကဌ ဦးဖေသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာရေးမှူးဖြစ်သော ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းမှ ရန်ပုံငွေအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ အဖွဲ့၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရာတွင် ယခုလက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေသည့်အတွက် ယခင်ကနာရေးအတွက် (၁၀၀၀၀၀) ကျပ် ထောက်ပံ့ပေးခြင်းအစား ယခုနောက်ပိုင်းတွင်နာရေးအတွက် (၂၀၀၀၀၀) ကျပ် ထောက်ပံ့ပေးရန်၊ ယခင်အစည်းအဝေးကို (၄) လတစ်ကြိမ်ကျင်းပရာမှ ယခု (၆) လ တစ်ကြိမ်၊ (၁) နှစ်လျှင် (၂) ကြိမ် ကျင်းပပြုလုပ်ဆောင်ရွက်ရန်၊ ဝန်ထမ်းဟောင်းများအစည်းအဝေးသို့ တက်ရောက်သည့်အခါ အဆင်ပြေစေရန် ကြိုပို့ယာဉ်အားအသင်းမှစီစဉ်ပေးနိုင်ရန်၊ မြို့နယ်များတွင် အသင်းဝင်ရန် ကျန်ရှိနေသော ဝန်ထမ်းဟောင်းများမှ အသင်းဝင်ရောက်နိုင်ရေးအတွက် ကော်မတီမှ စည်းရုံးရေးအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ဖြင့် ပူးပေါင်းဆောင်ရွက် ပေးရန်၊ ရန်ပုံငွေထည့်ဝင်မှုအား Kpay ဖြင့် ပေးသွင်းနိုင်ရေးနှင့် ဝန်ထမ်းဟောင်းများ တစ်ဦးနှင့်တစ်ဦးအဆက်အသွယ်ရှိစေရန် Messenger Group ဖြင့်ဆောင်ရွက်ပေးသွားရန် စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။

     အဆိုပါ အစည်းအဝေးသို့ ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၈) ယောက် တက်ရောက်ခဲ့ပြီး အစည်းအဝေးအား (၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့နယ်အတွင်းရှိ အ.ထ.က (ခွဲ)ကျိုက်မရောတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၆.၉.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် အ.ထ.က (ခွဲ) ကျိုက်မရောကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး မှ လူကုန်ကူးမှုနှင့်ကလေးအလုပ်သမားများအကြောင်း ဟောပြောဆွေးနွေး ခဲ့ပါသည်။ ထို့နောက် စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  စားသုံးသူများတိုင်ကြားနိုင်ရေးအတွက် CallCenter  (1535) ကို ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးလျှက်ရှိသည့် အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဦးနိုင်လင်းထက် မှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်းများဝယ်ယူရာတွင်  ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အဓိကထား ဖတ်ရှုပြီးမှ ဝယ်ယူသင့်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

     ထို့နောက် မော်လမြိုင်မြို့ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ကျောင်းအုပ်ဆရာမကြီးထံ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်းများပေးဖြန့်ဝေခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ သူ (၁၀၀)ဦးရေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပျဥ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို        (၇-၉-၂၀၂၂) ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံ၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား (၁၁း၀၀)နာရီ အချိန်တွင် ပြီးဆုံးခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက် ကြောင်း သတင်း ရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

အထူးဈေးနှုန်းဖြင့်စားသုံးဆီများ ဆက်လက်ရောင်းချပေးနေမှုများ

    Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အစိုးရအဖွဲ့ရုံးများသို့ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့်ဈေးကားနှင့် လှည့်လည်ရောင်းချပေးလျက် ရှိရာ (၅-၉-၂၀၂၂) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဆီပိဿာချိန် (၁၃၀၀)ကိုလည်းကောင်း၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် ဆီပိဿာချိန် (၂၇၆)ပိဿာ ကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့တွင် ဆီပိဿာချိန် (၉၀၀)ကိုလည်းကောင်း၊ ပုဗ္ဗသီရိနှင့် ဇဝနဒီပရပ်ကွက်တို့တွင် ဆီပိဿာချိန် (၁၃၀၀)ပိဿာကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

      ဆက်လက်၍ (၆-၉-၂၀၂၂) ရက်နေ့မှာတော့ Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ မြန်မာ့အလင်းသတင်းစာတိုက်၊ နေပြည်တော် သတင်းစာတိုက်တို့တွင်ဆီပိဿာချိန်  (၁၄၀၀)ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်တွင် ဆီလုပ်ငန်းရှင် ဦးကိုလေးမှ ဦးမင်းဒင်ကျေးရွာတွင်ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း ၊ ဦးခင်မောင်မြင့်မှ အုတ်ကျင်းကျေးရွာတွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a