သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မိတ္ထီလာမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများဆက်လက်ရောင်းချပေးလျက်ရှိ”

            စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင်  (၃၁.၇.၂၀၂၂) ရက်နေ့ နံနက် (၀၈:၃၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့ သည် မိတ္ထီလာမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စု လျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          မိတ္ထီလာမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ သက်သာ ချောင်ချိ‌ရေးအတွက် ရန်မျိုးအောင်စျေး၊ ပြည်သာယာစျေး၊ အောင်ဆန်းမြို့သစ်စျေးတို့တွင် တစ်ပိဿာ လျှင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြစ်သော (၄၂၀၀) ကျပ်ဖြင့် ပိဿာချိန် (၁၉၈၀) ပိဿာအား မိတ္ထီလာမြို့နယ်အတွင်းရှိ ပြည်သူများနှင့်မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 

 

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂-၈-၂၀၂၂ ရက်နေ့မှ ၃-၈-၂၀၂၂) ရက်နေ့ထိ၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။

      အဆိုပါဟောပြောပွဲများတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာန အလိုက် အကြောင်းအရာများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇာခြည်အောင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ် စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ဦးရေ (၁၉၀)ဦး တက်ရောက်ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ် ချရမှုရှိစေရေး တို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

 

 

 

ဘားအံမြို့ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းမုန့်ဈေးတန်းများအား အဖွဲ့စုံဖြင့်  ကွင်းဆင်းစစ်ဆေး

          ဘားအံမြို့ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းမုန့်ဈေးတန်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော အစားအသောက်များ ရောင်းချနေမှု ရှိ/ မရှိ၊ ရောင်းချနေသော အစားအသောက်များသည် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/ မရှိကို အသိပညာပေး စစ်ဆေးဆောင်ရွက်သွားရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် နံနက် ၀၈:၃၀ နာရီ အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျောင်း ကျန်းမာရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနမှ တာဝန်ခံ ဒေါ်မေသူနွယ်က ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချ နေသော မုန့်ဈေးတန်း ဆိုင်ပိုင်ရှင်များအနေဖြင့် တားမြစ်ထားသော အစားအသောက်များ ရောင်းချ ခြင်း မပြုရန်၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအသောက် များကို ရွေးချယ်၍ ဝယ်ယူ ရောင်းချပေးရန် မှာကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ပြောကြား ရာတွင် အခြေခံလိုအပ်ချက်များအပေါ် စားသုံးသူ (ကျောင်းသား၊ ကျောင်းသူ)များ စိတ်ကျေနပ်မှု ရှိစေရန်အတွက် အလေးထား ဆောင်ရွက်ပေးရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု မရှိသော မုန့်နှင့် အချိုရည်မျိုးစုံတို့ကို ရောင်းချခြင်းမပြုရန်၊ ဈေးကွက်သို့ ရောက်ရှိပြီး ကုန်စည်များ အပေါ်တွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိသော ကျောင်းသား၊ ကျောင်းသူများ ဆော့ကစားရာတွင် အန္တရာယ်ဖြစ်စေနိုင်သည့် အချွန်အတက်ပါ ကလေးကစားစရာများနှင့် ကော်စေ့ သေနတ်များ ရောင်းချခြင်း မပြုရန်၊ စားသောက်ကုန်များတွင် သက်တမ်း ကုန်ဆုံးရက် ဖော်ပြထားခြင်း ရှိ/ မရှိကို စနစ်တကျ ကြည့်ရှု့တတ်စေရန်နှင့် ရွေးချယ် ဝယ်ယူရောင်းချနိုင်စေရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေး လက်တွေ့သင်ကြား ပြသ၍ ကျောင်းမုန့်ဈေးတန်းများတွင် အဖွဲ့စုံဖြင့် လှည့်လည် စစ်ဆေးခဲ့ရာမှ သက်တမ်းလွန် မုန့်များအား အဖွဲ့စုံဖြင့် သိမ်းဆည်း ဖျက်ဆီးခဲ့ကြသည်။

       စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော ကျောင်းမုန့်ဈေးတန်းစစ်ဆေးရေးအဖွဲ့သည်  ဘားအံ မြို့ရှိ အခြေခံပညာကျောင်း စုစုပေါင်း (၂၄) ကျောင်းအား(၂၆-၇-၂၀၂၂) ရက်နေ့မှ (၂-၈-၂၀၂၂) ရက်နေ့အထိ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။                                        

DOCA(ကရင်)

ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ (၂-၈-၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် (expire date) သက်တမ်းကုန်ပစ္စည်းများ ရှိ/မရှိ၊ မလေးရှားနိုင်ငံထုတ် (Gano) အမှတ်တံဆိပ်ဖြင့် သွားတိုက်ဆေး၊ ကော်ဖီ၊ ဖြည့်စွက်အစားအစာ စသည့် တရားဝင်ရောင်းချသည့်ပစ္စည်းများ မှန်ကန်မှု ရှိ/မရှိနှင့် (Mistine) အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက် Halogram(ရောင်ပြန်)strickerနှင့်  မြန်မာဘာသာ (labelling)များမပါဘဲ  တရားမဝင် ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ လုံခြုံ စိတ်ချရသော ကုန်စည်နှင့်ဝန်ဆောင်မှုများရရှိစေရရန် စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အကာကွယ်ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်ဌာနများအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများ ဈေးကွက် အတွင်းသို့ ဝင်ရောက်မှုမရှိစေရေး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ လစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့်လည်း တရားမဝင်ကုန်ပစ္စည်း များ ဝင်ရောက်လာမှုမရှိစေရေး ဝိုင်းဝန်းတားဆီးဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(Chin)

ပြည်နယ်ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လာဘ်မီးအိမ် စားသောက်ဆိုင်၌ ပြည်နယ်ဆန်၊ စပါးရောင်းဝယ်ရေး ဈေးနှုန်းဈေးကွက် အခြေအနေနှင့် စပ်လျဉ်း၍ ပြည်နယ်ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်(၁၃)ဦးနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များအားလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ ဆန် အရည်အသွေးမြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်များအနေဖြင့် ဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ ဆန်စပါးအသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သောအချက်အလက်များကို လိုအပ်သလို ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ဆန်ကြိတ်ခွဲစက်အချို့မှာရပ်နား ထားရကြောင်း၊ ဆန်သယ်ယူရာတွင်လည်း ယခုအခါလွယ်ကူမြန်ဆန်ကြောင်း၊ ဒေသထွက် စပါးများကိုလည်း လက်ရှိပေါက်ဈေးအတိုင်းသာ ဝယ်ယူလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ပုဏ္ဏားကျွန်းမြို့၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းသားများအား စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၂-၈-၂၀၂၂)ရက် နေ့လည်(၁:၀၀)နာရီ အချိန်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုဏ္ဏားမြို့နယ်တာဝန်ခံ ဦးလှမောင်အေး(ဒု-ဦးစီးမှူး)မှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ အစားအသောက်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်ဆိုင်ရာဌာန၏ ဘေးအန္တရာယ်ကင်းရှင်းကြောင်းပါရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့် ဝန်ဆောင်မှု နှင့်ပတ်သက်၍လည်းကောင်း အစားအသောက်နှင့်ပတ်သက်၍လည်းကောင်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ( CICC) ရုံး ဖွင့်လှစ်ထားရှိရာ စစ်တွေခရိုင်ရုံးတွင် တိုင်ကြားနိုင်သလို www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း၊ Doca Myanmar မိုဘိုင်းဖုန်းအက်ပလီကေးရှင်းမှာလည်း တိုင်ကြား နိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရခိုင်)

စားသုံးသူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် ဆန်ရောင်းချပေးမည့် အစီအစဉ်

        မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း၊ ရက်(၉၀) စသည့် အရည်အသွေး ကောင်းမွန်သောဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်ကန်စွာဖြင့် (၃.၈.၂၀၂၂) ရက်နေ့မှစတင်၍ နေ့စဉ် နံနက် (၀၉:၀၀) နာရီမှ ညနေ (၀၃:၃၀)နာရီအထိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မန္တလေး-ဘင်္ဂလားဒေ့ရှ်တို့အကြား စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးဆွေးနွေး

        ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ Ruby Room တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Mr. H.E Manjurul Karim Khan Chowdhury၊ စီးပွားရေး ကောင်စစ်ဝန် Mr. Shahedul Akber Khanတို့နှင့်တွေ့ဆုံကျင်းပသည့် မန္တလေး-ဘင်္ဂလားဒေ့ရှ် တို့အကြားစီးပွားရေးလုပ်ငန်းများမြှင့်တင်နိုင်ရေးဆွေးနွေးပွဲသို့မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းသူ/သားများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကြာမြင့်သောဆက်ဆံရေးရှိခဲ့ပြီးအာဆီယံ ဆွေးနွေးပွဲများတွင် အတူတက်ရောက် ဆွေးနွေးမှုများလည်းရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် UK၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊  အိန္ဒိယ၊ အရှေ့ တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ တင်ပို့မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့်လည်း စီးပွားရေးအရ ကုန်သွယ်မှုများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာနိုင်ငံတို့သည် ပထဝီအနေအထားအရတူညီမှုရှိပြီး စိုက်ပျိုးရေးလုပ်ဆောင်သည့် နိုင်ငံများ ဖြစ်သောကြောင့် MRCCI အသင်းနေဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ဘင်္ဂလားဒေ့လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးဆောင်ပေးစေလိုကြောင်း၊ (၂)နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးအခွင့်အလမ်းများအားပိုမို သိရှိနားလည်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖိတ်ခေါ် ဆွေးနွေးမှုများ၊  လုပ်ငန်းခွင်များသို့ လာရောက်လေ့လာမှုများ၊ Trade Fair များ၊ Business Matchingများ ကျင်းပပြုလုပ်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပေးမည်ဖြစ်သလို မြန်မာလုပ်ငန်းရှင်များနှင့်  MRCCIဘက်မှလည်း မိမိတို့ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်နှင့် ကြက်သွန်နီများအား ဝယ်ယူလိုကြောင်းနှင့် Transportation  ပြုလုပ်ရာနှင့် Custom Duty ပြုလုပ်ရာတွင်ခက်ခဲမှုများအား အဆင်ပြေချောမွေ့စေမည့် လမ်းသစ်ပေါ်ပေါက်လာရန် မျှော်လင့်ကြောင်း၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား Government to Government၊ Business to Business စသည့် သဘောတူစာချုပ်များ ချုပ်ဆိုလိုကြောင်း၊ Private Sector  အချင်းချင်း ကြက်သွန်နှင့်ဆန်အပြင် အခြားသောကုန်စည်များကိုလည်း  ဝယ်ယူလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

       MRCCI ဥက္ကဌ ဦးဝင်းဌေးမှဆွေးနွေးရာတွင် MRCCI အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့ သည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီး အသင်းသား၃၀၀၀ကျော်ခန့်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ၏ အဓိကထွက်ကုန်များမှာ စိုက်ပျိုးရေးအခြေခံထွက်ကုန်များ ဖြစ်ကြောင်း၊ MRCCI အသင်းအနေဖြင့် အခြားနိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များဖြင့် MoUထိုးကာ ကုန်သွယ်မှုများပြုလုပ်နေသောကြောင့် ဘင်္ဂလားဒေ့ရှ်ကုန်သည်အသင်းများဖြင့်လည်း MoU ထိုးကာ ကုန်သွယ်မှုပြုလုပ်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နှင့်ဆန်အပြင် ပဲမျိုးစုံနှင့်နှမ်း တို့ကိုပါ နယ်စပ်ကုန်သွယ်ရေးနှင့် Over Seaတို့မှ တိုက်ရိုက်တင်ပို့နိုင်လျှင် နှစ်နိုင်ငံပိုမို အကျိုးအမြတ်ရရှိလာမည် ဖြစ်ကြောင်း၊ ကုန်ချောများထုတ်လုပ်ပြီး တင်ပို့နိုင်ရေးအတွက်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်မှုဇုန်များရှိသောကြောင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ဆွေးနွေးခဲ့ ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဇော်ဦးမှ ဆက်လက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၊တရုတ်၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နဲ့ ကုန်သွယ်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မရှင်အစည်းအဝေးများကို (၂၀၀၃)ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုအနေဖြင့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၃၃) သန်းကျော်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းအမေရိကန်ဒေါ်လာ(၄၃) သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၉၂)သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ(၉၁)သန်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ (၁၂၁)သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ (၁၆၂)သန်း၊၂၀၂၁-၂၀၂၂ (Mini Budget ၆ လတာ) ကာလအတွင်း အမေရိကန်ဒေါ်လာ (၇၁) သန်းရှိခဲ့ပြီး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်နေ့မှ ဇွန်လ) အထိ အမေရိကန်ဒေါ်လာ (၂၁) သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ လစဉ်ကုန်တင်ယာဉ် ၄၀၀-၅၀၀ စီးခန့်ဖြင့် ကုန်စည်များ ပို့ဆောင်လျက် ရှိပြီးမြန်မာနိုင်ငံမှ ငါးခြောက်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်နီ၊ ကျွန်းသစ်၊ အထပ်သား၊ ဇီးချဉ်၊ အုန်းသီးတို့ကို အဓိကတင်ပို့ကာ အာလူး၊ ဘိလပ်မြေ၊ ပလတ်စတစ်ပစ္စည်း၊ အဝတ်အထည်၊ အချိုရည်၊ ဘီစကွတ်စတဲ့ စားသောက်ကုန်များ တင်သွင်းလျက်ရှိကြောင်း၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် ပြည်ပတင်ပို့ရန် အလားအလာရှိသည့် သီးနှံများဖြစ်သော သရက်၊ ဖရဲ၊ သခွား၊ ထောပတ်၊ ကော်ဖီ၊ ပိုးစာနှင့်လျှော်ဖြူများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကို ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှ အဓိက ထွက်ရှိသော ကျောက်ဆည် (မြစ်သား) ကြက်သွန်နီနှင့် မြင်းခြံ ကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရာတွင်လည်း ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေရန်အတွက် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို နားလည် သဘောတူညီကြရန် လိုအပ်သလို တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား စီးပွားရေးမူဝါဒများ၊ ရင်းနှီးမြုပ်နှံမှုဥပဒေများ၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒနှင့် အခွန်ကိစ္စရပ်များကိုပါ သိရှိနားလည်ရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် နှစ်ဖက်ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးတက်စေရေးအတွက် အားပေးကူညီထောက်ပံ့များကို ဆောင်ရွက်ကြရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်မှုများတိုးမြှင့်စေရေး နှစ်နိုင်ငံသဘောတူ စာချုပ်များချုပ်ဆိုရန်၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းအဖွဲ့များ အပြန်အလှန်သွားရောက်လေ့လာ ရန်၊ကုန်စည်ပြပွဲများတွင်အပြန်အလှန်ပါဝင်ပြသရန်၊ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချလုပ်ငန်းအဆင်ပြေလွယ်ကူ ချောမွေ့စေရန်စသည့် ကိစ္စများရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

        စီးပွားရေးကောင်စစ်ဝန် Mr. Shahedul Akber Khan မှလည်း နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင်သင်္ဘောလိုင်းများ၊ဘဏ်များနှင့်ဆောက်လုပ်ရေး လုပ်ငန်းများကိုပါ ထည့်သွင်းပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူ စာချုပ်များချုပ်ဆို၍ ကုန်သွယ်မှု တိုးတက်အောင် ဆောင်ရွက်လိုပါ ကြောင်း၊ နှစ်နိုင်ငံအကြား Trade fair များ၊ Business Matching များ ဖိတ်ခေါ် ကျင်းပ ပြုလုပ်လိုကြောင်း ထပ်လောင်းဆွေးနွေးခဲ့ပါသည်။

          မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ရှီလာကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကျောက်မျက် ရတနာအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ လိုပါကြောင်း၊  ဖိုးဝ၊ ကျော်ကြားနှင့် ဆန်းမီ စသည့်ယိုစုံလုပ်ငန်းရှင်များမှလည်း  ၎င်းတို့၏ ထုတ်ကုန်များအား မိတ်ဆက်ပြသပြီး Export တင်ပို့ရန်ကြိုးစာနေကြောင်းတင်ပြရာ သံအမတ်နှင့် ကောင်စစ်ဝန်တို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုလာရောက်ဆွေးနွေးပြီး ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိသည်ကို ကြားသိရသည့်အတွက် များစွာဝမ်းမြောက်ပြီး လိုအပ်သည်များကို ဝမ်းမြောက်စွာကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ် ၁၂:၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

          ယခုကဲ့သို့ မြန်မာ့ထွက်ကုန်များအား ဝယ်ယူရန်ကမ်းလှမ်းမှုများ ရှိလာသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို Export တင်ပိုနိုင်ရေးအရည် အသွေးပြည့်မီအောင် စီမံဆောင်ရွက်ထားနိုင်စေရေး ပြည်ပပို့ကုန်တင်ပို့ရောင်းချမှု မြှင့်တင်နိုင်ပြီး နိုင်ငံခြားဝင်ငွေတိုးပွားစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်စေရေးနှင့် နိုင်ငံတကာနှင့်ကုန်သွယ်မှု Network ချိတ်ဆက်နိုင်ရေးအတွက် သတင်းစကားမျှဝေပေးလိုက်ရပါသည်။

DOCA(မန္တလေး)

 

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန် ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှု ရှိ/မရှိ၊ ရည်ညွှန်းဈေးအတိုင်းရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန်မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကိုပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ကိတ်မုန့်၊ပေါင်မုန့်နှင့် အကြော်မျိုးစုံလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့် နှင့် ဒု-ဦးစီးမှူး ဒေါ်ခင်မေဝင်း တို့မှ  (၃-၈-၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် တောင်ကုတ်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၌ ကိတ်မုန့်၊ ပေါင်မုန့်နှင့် အကြော်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်(၇)ဦးအား စားသုံးသူကာကွယ် ပေးရေးဆိုင်ရာ ဥပဒေအကြောင်း အရာများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ရှေးဦးစွာ တောင်ကုတ်ခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအပေါ် စားသုံးသူ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်အပေါ်တာဝန်ရှိမှု ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ခြင်းများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ထို့နောက် ဒု-ဦးစီးမှူး ဒေါ်ခင်မေဝင်းမှ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုများအား ဆက်လက်ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ