သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)မှာ ဇူလိုင်လ ဒုတိယပတ်အတွင်း တွေ့ဆုံခဲ့ပါသည်။ထို့သို့တွေ့ဆုံခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် Contract Farming စနစ်ဖြင့် အကျိုးတူ နေကြာ စိုက်ပျိုးရေး ၊ ပုဂ္ဂလိက ဆီစက်များအဆင့်မီကြိတ်ခွဲနိုင်ရေး ဆီစက်လုပ်ငန်းများတွင် ကုမ္ပဏီလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံနိုင်ရေးအတွက် ရည်ရွယ်၍ယခုလိုတွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက်လည်း ဇွန်လ(၁)ရက်နေ့မှ စတင်၍ ကြံခင်း ၊ မြန်အောင် ၊ အင်္ဂပူမြို့နယ်များတွင် နေကြာမျိုး ဧက (၃၀၀၀)စိုက်ပျိုးထားပြီး ထွက်ရှိလာသော နေကြာမျိုးများအား ဆောင်းရာသီတွင် ဧက(၂)သိန်း စိုက်ပျိုးရန် လျာထား ထားကြောင်း စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့တိုင်းဒေသကြီးအတွင်း နိုင်ငံတော်အကြီးအကဲ လာရောက် စဉ်ကလည်း ပဲ ၊ ပြောင်း ၊ နေကြာ ၊ ပဲပုတ်များ ပိုမို စိုက်ပျိုးရန် လမ်းညွှန်ခဲ့ ပါကြောင်း စားအုန်းဆီ နေရာတွင် အစားထိုးရန်အတွက် နေကြာဆီထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။   

              စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က တိုင်းဒေသကြီးအတွင်း နေကြာစိုက်ပျိုးရေး စီမံကိန်းများ ဆောင်ရွက်နေသလို တက်ရောက်လာသော လုပ်ငန်းရှင်များ၊ စက်ပိုင်များကလည်း ဆီကြိတ်ခွဲနိုင်ရေးဆောင်ရွက်ရန်နှင့် အသစ်တည် ဆောက်မည့်လုပ်ငန်းရှင် (၃/၄)ဦးရှိပြီး ထပ်မံတိုးချဲ့မည့် ဆီစက်များမှလည်း ခေတ်မီနည်း စနစ်များဖြင့် အဆင့်မြှင့်တင်ထားရန် ၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် Export လုပ်သော လုပ်ငန်းရှင်များအနေဖြင့် နေကြာဆီကြိတ်ခွဲ ထုတ်လုပ်ရေးသာမက နေကြာစိုက်ပျိုးခြင်းကို Contract Farming ဖြင့် အကျိုးတူလုပ်ကိုင်နိုင်ရေး ပေါင်းစပ်စီမံပေးရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

              စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် Contract Farming စနစ် လုပ်မည်ဆိုပါက ကုမ္ပဏီရှိရမည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီအတွက် SOP လုပ်ထားပြီး SOP ပါအချက်အလက်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း Contract Farming စနစ်ဆောင်ရွက်ရန် ရည်ရွယ်ချက်က သီးနှံဖွံ့ဖြိုးပြီး တောင်သူများ အတွက်ဖြစ်ကြောင်း အရည်အသွေးကောင်းမျိုးများစိုက်ပျိုးရန်နှင့် ကြိုတင်ညှိနှိုင်းထားသည့် အတိုင်းအာမခံထားရန် ရည်ရွယ်ပြီး တောင်သူများအတွက် အစားအစာ ဘေးကင်းလုံခြုံရေး (Food Safety) GAP စနစ်ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန် SOP ရေးဆွဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

            ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီဖူလုံသည့်အပြင် ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်နှင့် ပြည်သူများ ကျန်းမာရေးညီညွှတ်စေရန် သာမက ပြည်ပသွင်းကုန်အစားထိုး နိုင်ငံခြား သုံးစွဲငွေ လျော့ကျစေနိုင်ပြီး နေကြာစိုက်ပျိုးခြင်း လုပ်ငန်းများအတွက် Contract  Farming စနစ်တွင် ပါဝင်သည့်လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ အသိပညာများ ဖြန့်ဝေပေးခြင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် ခေတ်မီသည့် စက်ယူနစ်များဖြင့် အဆင့်မီ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်နှင့် ဆီစက်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ရေး အားပေးကူညီရန်နှင့် ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများကို တိရိစ္ဆာန်မွေးမြူရေးအစာ ကုန်ကြမ်း အသုံးပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တက်ရောက် လာသော ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များမှ ဝိုင်းဝန်းဆွေးနွေး၍ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများနှင့် ဆီစက်လုပ်ငန်းရှင်(၁၉)ဦး စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

" အနာဂတ်ကြယ်ပွင့်လေးများ ပျော်ရွှင်ကျန်းမာရေး စာသင်ကျောင်းများသို့အသိပညာပေး "

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၂ ခုနှစ် ၊ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အ.ထ.က(၁)ကျောင်း၌ လည်းကောင်း၊ (၂၃)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အ.ထ.က(၂)ကျောင်း၌လည်းကောင်း၊ (၂၅)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အ.ထ.က(၃)၌လည်းကောင်း စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ ၊ ဌာန၏မျှော်မှန်းချက် ၊ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ခွင့်မပြုဆိုးဆေးများ၏အန္တရာယ်များအကြောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) အားဖွင့်လှစ်ထားရှိမှုအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်း အမှတ်အသားများနှင့် စပ်လျဉ်းသည့်သိရှိရမည့်သတင်းအချက်အလက်များ၊  ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိသောကုန်စည်များအား အသိတရား၊ သတိထား၍ သုံးစွဲစေလိုကြောင်း၊ စားသုံးသူ ထိခိုက်နစ်နာမှု နှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အားဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို ရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများ မရှိဘဲ နောင်အနာဂတ်တွင် ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏ တာဝန်များ လည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတင်းအချက်အလက်များ ပြည့်စုံစွာရယူ၍  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ပြီး စိတ်ကျေနပ်မှုများရရှိစေလိုကြောင်း၊ အမှန်တကယ် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက အထောက်အထား များနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ Online Shopping ဝယ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သောကြောင့် စိစစ် အသုံးပြုစေလိုကြောင်း၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်းအား ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ မေးမြန်းခြင်းအပေါ် ဖြေဆိုနိုင်သောကျောင်းသား/သူများအား ဆုချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ဝက်လက်မြို့၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟု သုတများရရှိစေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဝက်လက်မြို့နယ်၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊ စားသုံးသူ၏အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်းထားကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ ဉပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ မိမိတို့ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူရာတွင် ဉပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှ ဝယ်ယူရမည် ဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၃၃၅)ဦး နှင့် ဆရာ/ ဆရာမ(၃၃)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် (၃၆၈)စောင်ဖြန့် ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

ရက်စွဲ၊ ၂၇.၇.၂၀၂၂

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်း(၃)ဦးသည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်ရှိ နေလ စတိုး၊ မြို့မ စတိုးနှင့် ခိုင်ဆွေသန်း စတိုး၊ ပန်းဘဲတန်းရပ်ကွက်ရှိ မြကျွန်းသာ စတိုးဆိုင်များသို့ ကွင်းဆင်း၍  Mistine အလှကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိနှင့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ကော်ဖီ ( 3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ  ဈေးကွက်အတွင်း တရားမဝင် တင်သွင်းရောင်းချနေမှု  ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Mistine အလှကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။ စစ်ကိုင်းမြို့တွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ(3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး စစ်ကိုင်းခရိုင်ဦးစီးမှူးက ဆိုင်ပိုင်ရှင်များအား တရားမဝင်တင်သွင်း ရောင်းချနေသည့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ကို ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုန်မျိုးစုံနှင့် မုန့်မျိုးစုံအရောင်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၆.၇.၂၀၂၂) ရက်နေ့ နံနက်(၁၂:၀၀) နာရီအချိန်က အမှတ်(၂)ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေး မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါပြစ်မှုပြစ် ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခု(သို့)တစ်ခုထက် ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ညောင်တုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ကျင်းပပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးနှင့် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြု လုပ်ခဲ့ ကြပါသည်။

          ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူး ဒေါ်အမာရှိုန်နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်တို့က Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုရှင်းလင်းပြေားကြားပြီး၊ စားသုံးသူရေး ရာဦးစီးဌာနမှလည်း စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့် အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများ အနေ ဖြင့် သတိပြုရမည့် အချက်များ၊ စားသုံးသူများအနေဖြင့်  ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင်လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ အနေဖြင့် လည်းကောင်း နစ်နာဆုံးရှုံးမှုရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့် စားသုံးသူရေးရာအသိပညာပေး အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် စားသုံးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော

           ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာတန်ခံဦးမင်းဇော်တို့က ဇူလိုင်လ(၂၇)ရက်နေ့၊ နေ့လယ်(၁၆:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ် စားသုံးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)တို့အားခရိုင်ဦးစီးမှူးရုံးခန်း၌စားသုံး သူကာ ကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဟောပြော၍ လည်းကောင်း၊မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၉)ပုဒ်မ(၄၁)(၄၃)နှင့် ဟင်းသီးဟင်းရွက်ဆီ( Vegetable  Oil, Cooking Oil )နှင့်စပ်လျဉ်း၍ညွှန်ကြားချက်(၁/၂၀၂၁)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြပေးရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း ၊ယခုဈေးကွက်အတွင်းစစ်ဆေးရာတွင်MeiZan ၊ဇွဲ၊ ဇာမနီ၊ စသည့်ဆီဘူးများတွင်တိတိကျ ကျမြန်မာဘာသာဖြင့်ဖော်ပြပြီး ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုရှိသည်ကိုတွေ့ရှိရသော်လည်း Goody ဆီဘူးတွင် ပိဿာ၊ကျပ်သားဖော်ပြရာ၌ တိတိကျကျဖော်ပြထားမှုမရှိညဲပိဿာခန့်၊ ကျပ်သားခန့်ဟုဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း။ “ ခန့်” ဆိုသောစကားရပ်သည်မည်သည့် ပမာဏရှိသည်ကို မသိပါကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်ရောင်းဝယ်ဖောက်ကားရာတွင်ကိန်းက ဏန်းများတိတိကျကဖော်ပြရန်လိုပါကြောင်း၊ ဟောပြောဆွေးနွေးပါသည်။

          ထိုနောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်သူလုပ်ငန်းရှင်(၆)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

         ဖျာပုံခရိုင်ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖြိုးငါးဒိုင်တွင် မြို့နယ်ငါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဇော်ဝင်းနှင့်တွေ့ဆုံ၍ အသင်း၏လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေိ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ပါသည်။

          ထိုနောက် ဒေးဒရဲမြို့နယ်ငါးလုပ်ငန်းရှင်များအသင်းအနေဖြင့် ၂၀၀၈ခုနှစ် နာဂစ်လွန်ကာလများ တွင် အသင်းသားများအား ပိုက်၊ လှေ၊ စက်များကို အစိုးရ၊ NGO၊ INGO အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပံ့ပိုးကူညီနိုင်ခဲ့ပါသည်။ COVID-19 ရောဂါဖြစ်ပွားခဲသောကာလများတွင်ပံ့ပိုးကူညီဆောင်ရွက်နိုင်မှုမရှိ ခြင်းအသင်းသားများအနေဖြင့်လည်း သားငါးအရနည်းပါးခြင်းများကြောင့်အသင်းအပေါ်စိတ်ဝင်စားမှူ နည်းပါးလာသဖြင့် ကြိုးစား၍စည်းရုံးဆောင်ရွက်လျှက်ရှိပြီး အသင်းသားအချင်းချင်း ဖေးမကူညီဆောင် ရွက်ပေးလျှက်ရှိပါသည်။ ငါးလုပ်ငန်း ဖမ်းဆီး၊ ထုတ်လုပ်တင်ပို့ရောင်းဝယ်ရာတွင် စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းဈေးကြီးခြင်း၊ လုပ်သားရှားပါးမှုစသည့် အခက်အခဲမှုများနှင့် တွေ့ကြုံ နေရပါသည်။ သို့ဖြစ်ပါ၍ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို ထိန်းညှိဆောင်ရွက်ပေးနိုင်ပါက ငါးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ပြီး အသင်းရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါကြောင်း မြို့နယ်ငါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဇော်ဝင်းမှ ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် မြို့မဈေးအတွင်းအပြင်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးမှူးဦးသိန်းမောင် ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇူလိုင်လ(၂၆)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ နယ် မြို့မဈေးအတွင်းအပြင်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၁၅) (ခ)စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         ယင်းသို့စစ်ဆေးရာတွင် မြို့မဈေးအပြင်တန်ရှိကုန်မျိုးစုံအရောင်းဆိုင်များအားကွင်းဆင်းစစ် ဆေးခဲ့ရာ “မေ”သဘာဝနနွင်းတက်၊နနွင်းမှုန့်တွင် ကုန်စည်အသားတင်ပမာဏထုတ်လုပ်သည့် ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ဖော်ပြထားမှုမရှိကြောင်းတွေ့ရှိရသဖြင့် ၄င်း“မေ”သဘာဝနနွင်း တက် ၊နနွင်းမှုန့်ရောင်းချမှုကိုတားမြစ်ခဲ့ပြီး၊ပုဒ်မ(၅၂)အရ အရေးယူဆောင်ရွက်ရန် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဧရာ၀တီတိုင်းဒေသကြီးအသင်းခွဲ) နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

           မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဧရာ၀တီတိုင်းဒေသကြီး)အသင်းခွဲ၏ နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂:၀၀ နာရီမှာ ကျင်းပပြုလုပ်ရာ အသင်းနာယကများ အပါအဝင် အသင်းဥက္ကဌ ဦးသန့်ဇင်၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းသားအသစ်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

        အစည်းအဝေးတွင် ဧရာ၀တီတိုင်းဒေသကြီး အသင်းဥက္ကဌ ဦးသန့်ဇင်မှ မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် အသင်းအဖွဲ့များအားကောင်းရန် လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကို တစ်ဦးတစ်ယောက်တည်း ပြုလုပ်ခြင်းဖြင့် ထိုက်သင့်သလောက်သာ အောင်မြင်မှုများ ရရှိမှာဖြစ် သလို အသင်းအဖွဲ့များကို ခိုင်ခိုင်မာမာ ဖွဲ့စည်းထားရန် လိုအပ်ကြောင်း၊ မိမိတို့အသင်းကို ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) မှာ အသင်း၀င်ထားသလို မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ရန်ကုန်) ဗဟိုမှာလည်း အသင်း၀င်ဖြစ်ကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီးအတွင်း သဘာ၀သယံဇာတ အရင်းအမြစ်များကို အသုံးပြုကာ စိုက်ပျိုးရေးကဏ္ဍကို အဓိကလုပ်ကိုင်လျှက်၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းကဏ္ဍများအပြင် မြေယာနှင့်ပတ်သက်၍လည်း နှစ်ရှည်သီးနှံစိုက်ပျိုးခြင်း၊ အထည်ချုပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးသော ဒေသကြီးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက ဒေသအာဏာပိုင်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် မိမိတို့ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှလည်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း လက်ရှိအိမ်ခြံမြေ ရောင်း၀ယ်မှု စျေးကွက် အခြေအနေ ပင်လယ်ကမ်းခြေဒေသ စျေးကွက်၊ စက်မှုဇုန်စျေးကွက် အခြေအနေများနှင့် အသင်း၀င်ကြေးပေးဆောင်ရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြား၍ တက်ရောက်လာသော အသင်းသူ၊ အသားများမှလည်း မိမိတို့ အသင်းကြီး ခိုင်မာစွာ ရေရှည်ရပ်တည်နိုင်ရေးနှင့် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရေး ဝိုင်း၀န်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ