သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့ ကုန်တင်/ကုန်ချ ကားကြီးဝန်းအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရရှိခြင်း

            မကွေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမဝင်ကန့်သတ်၊ တားမြစ်ကုန်စည်များနှင့် အကောက်ခွန်မဲ့ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တားဆီးကာကွယ်ရန်အတွက် မကွေးတိုင်းဒေသကြီးအဆင့် တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေး ကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့အား မကွေးမြို့ ကုန်တင်/ ကုန်ချကားကြီးဝန်းအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး (၄.၁၀.၂၀၂၁) ရက်နေ့မှစ၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဆိုင်ရာ ပူးပေါင်းရှာဖွေ တားဆီးစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ ဌာနဆိုင်ရာပူးပေါင်းရှာဖွေတားဆီး စစ်ဆေးရေးအဖွဲ့မှ (၁.၈.၂၀၂၂)ရက်နေ့တွင် မကွေးမြို့ကုန်တင်ယာဉ် ကြီးများရပ်နားစခန်း(ရပ်နား)တွင် လိုက်လံစစ်ဆေးရာ နံနက်(၉:၃၀) အချိန်တွင် ရန်ကုန်မြို့မှ မကွေးမြို့သို့ ကုန်မျိုးစုံ သယ်ဆောင်လာသော (၁၂)ဘီး မော်တော်ယာဉ်ပေါ် တွင် (Ostech Shampoo Cantaloupe, Apple, Fruity, Strawberry) အမှတ်တံဆိပ်ပါ အိမ်မွေးတိရိစ္ဆာန်သုံး ခွေးရေချိုးဆပ်ပြာများအား စစ်ဆေးရာ အဆိုပါပစ္စည်းနှင့် ပတ်သတ်၍ အထောက်အထားများ တောင်းခံရာတွင် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ထပ်မံစစ်ဆေး၍ အကောက်ခွန်မဲ့ တင်သွင်းလာသော ပစ္စည်းများဖြစ်သည့် (Ostech Shampoo Cantaloupe, Apple, Fruity, Strawberry)အမှတ်တံဆိပ်ပါ အိမ်မွေးတိရိစ္ဆာန်သုံး ခွေး ရေချိုးဆပ်ပြာ တစ်ဖာလျင် (၁၂)ဗူးပါဝင်သော (၆၀)ဖာ၊ (၇၂၀)ဗူး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်(၃၂၄၀၀၀၀) (သုံးဆယ်နှစ်သိန်းလေးသောင်းကျပ်)အား  (၂.၈.၂၀၂၂)ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲဖွင့်လှစ်သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာနထံသို့ လွဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

           

မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန(FDA)ရုံးတွင်  ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအား အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ရုံး အစည်းအဝေးခန်းမတွင် Dr.စိုင်းမင်းသူထွန်း (FDA)တိုင်းတာဝန်ခံနှင့်ပူးပေါင်း၍ (၁.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)မှ (၁၂:၀၀)နာရီထိ မကွေးမြို့ ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ရှင်(၄၄)ဦးတို့အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

        Dr.စိုင်းမင်းသူထွန်း(FDA) တိုင်းတာဝန်ခံမှ ဆေးဆိုင်များအနေဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ရန်၊ ဆိုင်များအား လေဝင်လေထွက်ကောင်းစေရေး အပူချိန်(30˚C) ထိန်းထားနိုင်မှသာဆေးများ အာနိသင်ပြည့်ဝမည်ဖြစ်ကြောင်း ဆေးဆိုင်အရောင်းဝန်ထမ်းများအားလည်း ဆေးဝါး ကျွမ်းကျင်သင်တန်းများ တက်ရောက်ထားကြရန်နှင့် ဆေးဝါးများ၏သက်တမ်းကို အမြဲတမ်းဂရုပြု နေကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်နှင့် တားမြစ်ချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရမည့် အချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

“မိတ္ထီလာခရိုင်အတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  (၂၇-၇-၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ခရိုင်ဦးစီးမှူရုံးခန်းအတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စားသောက်ကုန်ဖြန့်ဖြူရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

           အဆိုပါတွေ့ဆုံမှုတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး နည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြောငြာစာအမှတ် (၉/၂၀၂၂)ဖြင့်၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် တာဝန်များကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ဥပ‌ဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး၊ မည်သည့် စီးပွား‌ရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်‌ရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်‌ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးကျင့်ဝန်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စျေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုး ကျေးဇူးများ ရရှိစေလာမည်ဖြစ်ကြောင်း၊ သိရှိလိုသည်များ၊ အခက်ခဲများကို ရင်းနှီးပွင့်လင်း စွာတင်ပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca.gov.mm Websit တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ ကုန်စုံအရောင်းသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ (၂၆.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ Mistine အလှကုန်ပစ္စည်းများ ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချနေမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စစ်ဆေးရာတွင် စျေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများကို FDA ထောက်ခံချက် Hologram (‌ရောင်ပြန်)စတစ်ကာနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရာ ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချနေမှုမရှိပဲ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၂၇-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော အရောင်းဆိုင် (၁၀) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။  

           ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိပဲ ပိတ်ထားသော ဆိုင်များရှိ/မရှိ စစ်ဆေးခဲ့ပြီး မြို့နယ် တာဝန်ခံမှ  အရည်အသွေးပြည့်မီမှန်ကန်သည့် ပစ္စည်းများစျေးကွက်းအတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချရန်နှင့် စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များ စျေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အ‌ရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီရောင်းချမှု အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည်  ဇူလိုင်လ (၂၈) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်းနှင့် ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား တာဝန်ခံဆရာမ ဒေါ်ခင်စန်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဒေါ်ထူးအိန္ဒြာဗိုလ် (အကြီးတန်းစာရေး) က စားသုံးသူအဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော အခန်း (၉)ပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက်နစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးခဲ့ ကြောင်း သိရှိရသည်။

         အဆိုပါ အခမ်းအနားတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ (၂၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

        ဆက်လက်၍  အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်၊ အချိုရည်များနှင့် မုန့်မျိုးစုံတို့ ရောင်းချလျက်ရှိသော ဆိုင်များရှိ ကုန်ပစ္စည်းများကို ဆရာ/ ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ၊ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချမှုရှိစေရေးအတွက် သက်တမ်းလွန် အစား အသောက်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ တို့ကို ဈေးကွက်စစ်ဆေးခြင်း လုပ်ငန်းများကိုပါ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရှမ်း)

 

သီရိမင်္ဂလာဈေးအတွင်းရှိ အသား၊ ငါးများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချမှုစနစ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါး ရောင်းချနေသော ဆိုင်များသို့ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေး‌ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသား/ငါးများမှာ မျက်မြင်အခြေအနေ အရသန့်ရှင်းလတ်ဆတ်မှုရှိပြီး ယင်လုံဇာများ ဖုံးအုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ဒေသငါးများသာမက အခြားဒေသမှ ငါးများပါ မှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသော ဈေးသည်များအနေဖြင့် Mask များ တပ်ဆင်ရောင်းချရန်လိုကြောင်း၊ တစ်ကိုယ် ရေသန့်ရှင်းရေးအနေဖြင့် သွေးစစ်ချက်များ၊ ကျန်းမာရေးထောက်ခံချက်များ ပြုလုပ်ထားရန်လို အပ်ကြောင်း၊ ဈေးအတွင်းသို့ လာရောက်စစ်ဆေးမှသာ ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချခြင်း မျိုးမပြုလုပ်ဘဲ လာရောက်စစ်ဆေးခြင်းမရှိသည့် ပုံမှန်ရက်များ၌လည်း ယင်ကောင်မလာစေရန် ဖုံးအုပ်ရောင်းချသင့်ပါကြောင်း၊ ငါးများမှာယူတင်သွင်းရာတွင် စနစ်တကျ သယ်ယူပို့ဆောင်ရန် လိုအပ်ကြောင်း၊ လတ်ဆတ်မှုမရှိသော အသားငါးများနှင့် ကူးစက်ရောဂါရနေသော အသားများ အား ရောင်းချခြင်းမပြုရန် အသားငါးနှင့်ကြက်ဥဘဲဥ ရောင်းချနေသော ဆိုင်(၂၈)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

                            

တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

        (၂၈-၇-၂၀၂၂)ရက်နေ့ နေ့လယ်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအဖွဲ့ဝင်-၁ ဗိုလ်မှူးတင်ဝင်းထွဋ် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအတွင်းများဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မောင်တောကုန်သည်ကြီးအသင်းမှ တာဝန်ရှိသူများပါဝင်သော မောင်တောမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် မောင်တောမြို့ ကညင်းချောင်း စီးပွားရေးဇုန်အတွင်း အဝင်/အထွက် ကုန်တင်မော်တော်ယာဉ်၊ စက်လှေများအား တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          မောင်တောမြို့နယ် ကညင်းချောင်းစီးပွားရေးဇုန်အတွင်းမှ ပြည်တွင်း/ပြည်ပမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ခြင်းဖြစ်ပြီး တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီရရှိခြင်း မရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအသိပညာပေးဟောပြောခြင်းနင့် အလှကုန်စစ်ဆေးခြင်း

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် (၂၆.၇.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ်ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်ရှော့ပင်းစင်တာရှိ Mistine အလှကုန်ပစ္စည်းများအားကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

          အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက် အပါအဝင် အစားအသောက်များရွေးချယ်ဝယ်ယူစားသောက်ရာတွင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာဘာသာ ဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူထိခိုက်နစ်နာမှုရှိခဲ့ပါ က စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက် ကြည့်ရန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ရေဖြင့်သေချာစွာဆေးကြောပြီးမှစားရန်၊ ပလတ် စတစ်အိတ်များအား အပူဖြင့်ထည့်၍ မစားသောက်ရန်နှင့် ဆိုးဆေးအန္တရာယ်များအား ဟောပြော ပို့ချခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ် ဝန်းကျင်ရှိ မုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မွန်းလွဲ(၂း၀၀)အချိန်တွင် Mistine အလှကုန် ပစ္စည်းများ အတုအပမရှိစေရေး၊ တရားမဝင်တင်သွင်းထားခြင်းမရှိစေရေးအတွက် မြိတ်ရှော့ပင်းစင် တာသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး Working Task Force အဖွဲ့ ညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ (၁-၈-၂၀၂၂)

           တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင် ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်းများ စစ်ဆေးခဲ့မှုအပေါ် စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေး Working Task Force အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁-၈-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS) မှ အုပ်ချုပ်မှုဒါရိုက်တာ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

            အဆိုပါအစည်းအဝေးတွင် Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ (GACC) နှင့် မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) တို့အကြား မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်နိုင်ငံ (GACC) သို့ တင်ပို့နိုင်ရေးအတွက် အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်းများစစ်ဆေးခဲ့မှုအပေါ် စိစစ်ခဲ့ ရာ ပထမအကြိမ်အဖြစ် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီ (၈၆) ခုအား စိုက်ပျိုးရေးဦးစီးဌာနမှ Registration Code အမှတ်များနှင့်အတူ  GACC သို့ပေးပို့ထားပြီးဖြစ်ပါကြာင်း၊ ဆက်လက်၍ ဒုတိယ အကြိမ် ထပ်မံစိစစ်ရွေးချယ်ထားသည့် ကုမ္ပဏီ (၂၂)ခုအား ဆက်လက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြန်လည်စိစစ်ပေးရန် ညှိနှိုင်းလာသည့် ကုမ္ပဏီ (၃) ခုနှင့် အသင်းမှ တင်ပြလာသည့် ကုမ္ပဏီ (၁) ခု၊ စုစုပေါင်း ကုမ္ပဏီ (၄) ခုတို့အား ပြန်လည်စိစစ်ရွေးချယ်ပေး နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြန်လည်စိစစ် ရွေးချယ်ပေးရန် တင်ပြလာသည့် ကုမ္ပဏီ(၄)ခု၏ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ၏ ပြင်ဆင် ဆောင်ရွက်ပြီးမှုအခြေအနေအား ဓာတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်‌ရောက်လာကြ သည့် Working Task Force အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံ (GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဒုတိယအကြိမ်ပေးပို့မည့် ကုမ္ပဏီ(၂၂) ခုစာရင်းတွင် တစ်ပေါင်းတည်း ထည့်သွင်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။

            တရုတ်နိုင်ငံ (GACC) သို့ ပထမအကြိမ်တွင် ကုမ္ပဏီ (၈၆) ခုစာရင်းအား ထားရှိပြီး ယခု ဒုတိယအကြိမ်ပေးပို့ရန် စီစဉ်ရွေးချယ်ထားသည့် ကုမ္ပဏီ (၂၆) ခုရှိသည့်အတွက် စုစုပေါင်းကုမ္ပဏီ (၁၂၂) ခုရှိကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ