သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၇.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အ.မ.က(ဈေးကြိုဆန်တန်း) ကျောင်းနှင့် အ.မ.က(ဒေါင်းဇရပ်) ကျောင်းတို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဦးစီးမှူး ဦးမင်းနောင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူတို့၏ အခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန် (၄) ချက်ကို လည်းကောင်း၊  စားသုံးသူများအနေနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းနှင့် တိုင်ကြားနိုင်သည့်နေရာများ call center ဖြင့် တိုင်ကြားနိုင်မှုများ၊ ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန် စားသုံးရန် မသင့်သောအစားအသောက်များ အကြောင်း ဆိုးဆေးပါဝင်သော အစားအသောက်များ ရှောင်ကြဉ်စားသုံးကြရန် အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်မြန်မာစိုး စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးခြင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ (၁)ဦး၊ တိုင်းဒေသကြီး ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၄) ရက်နေ့ တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ပြည်မြန်မာစိုး စက်သုံးဆီအရာင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြုးသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပြောကြားခဲ့ပြီး တရားမဝင်သွင်း ကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးဖွဲ့ စစ်ဆေးဖော်ထုတ်အရေးယူနေကြောင်း၊ စက်သုံးဆီသယ် ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့်  လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများအား တင်သွင်း ဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ စက်သုံးဆီများကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနက နေ့စဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် ညွှန်ကြားချက်များအတိုင်း ရောင်းချကြရန် ပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကံမမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၂၂.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင် ကံမမြို့အတွင်းရှိ မြို့မစည်ပင်ဈေးနှင့် အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် မလေးရှားနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် သွားတိုက်ဆေး၊ ကော်ဖီတို့တွင် တရားဝင်ရောင်းချခွင့်ရှိသည့်ပစ္စည်းများ မှန်ကန်မှုရှိ/မရှိနှင့် Mistine အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက် Hologram (ရောင်ပြန်) Stricker နှင့် မြန်မာဘာသာ Labelling    များမပါရှိဘဲ ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချမှုရှိ/မရှိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များအား ဖော်ပြရန်ရှင်းလင်းပြောကြားခြင်းနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အာမခံချက်များအား ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်၊ ဂွေးပင်ကြီးကျေးရွာ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် အိမ်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး) တို့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစိုးလွင်(ဒု-ဦးစီးမှူး)၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလတ်တို့နှင့်ပူးပေါင်းပြီး း(၂၂.၇.၂၀၂၂) ရက်နေ့တွင် ချောက်မြို့နယ် ဂွေးပင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ကျေးလက်နေပြည်သူများသိသင့်သည့် စားသုံးသူကာကွယ်ပေးရေးအကြောင်း သိကောင်းစရာများဆွေးနွေးခြင်းနှင့် ကျေးရွာရှိအိမ်ဆိုင်များတွင် စားသုံးရန်မသင့်သောကြောင့် တားမြစ်ထားသော အစားအစာများ၊ မှိုတက်နေသော  သက်တမ်းလွန်နေသော အစားအစာများနှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော အစားအစာများ ရောင်းချမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး း(ဌာနခွဲစာရေး) မှ စားသုံးသူကာကွယ်ရေးဥပဒေ - ၂၀၁၉ ပါ စားသုံးသူအခွင့်အရေး (၈ )ချက်နှင့် တာဝန် (၄) ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး) မှ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်‌ပေါ်ပါက မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသော Consumer Information and Complaint Center (CICC) သို့လည်းကောင်း၊ Facebook စာမျက်နှာများတွင် စားသုံးသူရေးရာဦးစီးဌာန Page တွင်လည်းကောင်း၊ Mobile Application များတွင် DOCA Myanmar နှင့် Consumer Call No,1535 သို့ Mytel, Oreedoo, Telenor, MPT Sim Card  များဖြင့် ခေါ်ဆိုတိုင်ကြားနိုင်သလို၊ မြို့နယ်တာဝန်ခံများထံလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုပါက www.doca. gov.mm သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

“သပေါ့ဖျာလုပ်ငန်းအားကွင်းဆင်းလေ့လာ”

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစားအလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာအုပ်စု၊ ဆင်ဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုယက်လုပ်၍ မိသားစုအပိုဝင်ငွေရရှိအောင် ယက်လုပ်ရောင်းချလျက်ရှိပါသည်။ သပေါ့ဖျာ (သို့) ဆက်သွားဖူးဖျာများအား ယက်လုပ်ရာတွင် ပထမဦးစွာ ဆက်သွားပင်မှ ဆက်သွားများကို ခုတ်ယူ၍ ဘေးဆူးများသင်ကာ နေလှန်းရပါကြောင်း၊ ခြောက်လာသော ဆက်သွားပင်များကိုထုံးပြီး အရွယ်တူဆိုက်တူသော ဆက်သွားပင်များကိုရွေးချယ်ပြီး ဖျာတစ်ချပ်စာ (၁) ထုံးအား ရေစိမ်၍ အခွေလေးများခွေရပါကြောင်း၊ ခွေပြီးသားအခွေများကို ဖျာယက်လုပ်ရန်အတွက် သင့်တော်သောဆိုဒ်များရရှိအောင် ခွဲခြမ်းစိပ်ဖြာပေးရပါသည်။ အရောင်လှရန်အတွက် ဆိုးဆေးများအသုံးပြု၍ မိမိလိုချင်သော အရောင်များထည့်ကာ ဆက်သွားပင်များကို ရေနွေးပွတ်ပွတ်ဆူထဲတွင် ထည့်၍ပြုတ်ရပါကြောင်း၊ သို့မှသာ မိမိလိုချင်သော အရောင်အသွေးစုံလင်၍ ဒီဇိုင်းလှသော သပေါ့ဖျာမျာ းရရှိမည်ဖြစ်ပါသည်။ သပေါ့ဖျာတစ်ချပ်လျှင် ဆက်သွားပင် (၁၀၄) ပင်ဖြင့် ယက်လုပ်ရပြီး တစ်ယောက်အိပ်ဖျာတစ်ချပ်လျှင် အလျား ၅ပေ ၊ အနံ ၃ ပေရှိပြီး နှစ်ယောက်အိပ်ဖျာတစ်ချပ်လျှင် အလျား ၆ ပေ၊ အနံ ၄ ပေဖြင့် ဆက်သွားပင်ပေါ်မူတည်၍ ဖျာအတို၊ အရှည်ခွဲ၍ ယက်လုပ်ကြကြောင်း၊ အပင်ပေါ်မူတည်၍ ဖျာအမျိုးမျိုး ယက်လုပ်ရောင်းချကြပြီး အော်ဒါများမှာယူပါကလည်း ယက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဖျာစျေးနှုန်းများအနေဖြင့် နှစ်ယောက်အိပ်ဖျာတစ်ချပ် လျှင် (၅၅၀၀/-) ကျပ်၊တစ်ယောက်အိပ်ဖျာတစ်ချပ်လျှင် (၃၅၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း၊ ဆက်သွားဖူးဖျာ (သို့) သပေါ့ဖျာများကို နှစ်ယောက်ယက်လုပ်လျှင် တစ်ရက် (၅) ချပ်နှုန်း ယက်လုပ်နိုင်ပြီး မိသားစုတစ်နိုင်တစ်ပိုင် ဆယ့်နှစ်ရာသီယက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အခြေခံလူတန်းစားများအတွက် အပိုဝင်ငွေရရှိသော  လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)                                                                                         

“စျေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများစျေးကွက်စောင့်ကြည့်စစ်ဆေး”

             ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး (၂၂-၇၂၀၂၂) ရက်နေ့တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားနှင့် တံတားဦးမြို့နယ်များရှိ Shopping Mallများ၊ စတိုးဆိုင်များနှင့်အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်များတွင် ရောင်းချနေသည့် Mistine အလှကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ စျေးကွက်အတွင်းရောင်းချနေသော Mistine အလှကုန်ပစ္စည်းများအား Thiri Cosmetic Co,Ltd မှ မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် FDA ၏ထောက်ခံချက်များဖြင့် စျေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ကုမ္ပဏီမှထုတ်လုပ်သောပစ္စည်းများမှာ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ယခုအခါတွင်  စျေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချလျက်ရှိသော Mistine အလှကုန်ပစ္စည်းများ၌   Hologram   (ရောင်ပြန်)  စတစ် ကာနှင့် မြန်မာစာ Labelling ကပ်နှိပ်ထားခြင်းမရှိသည့်အတွက် အရေးယူဆောင်ရွက်ရန် တိုင်ကြားလာမှုအရ စျေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊ အလှကုန်ပစ္စည်းများရောင်းချသည့်ဆိုင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၌ပါရှိသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များ ပြည့်စုံစွာပါရှိသည့်ကုန်ပစ္စည်းများကိုသာ ရောင်းချရန်လိုအပ်ကြောင်းနှင့် Mistine အလှကုန်ပစ္စည်းများအား ရောင်းချရာတွင် ကုမ္ပဏီမှတရားဝင်တင်သွင်းရောင်းချသည့် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ပါရှိသောကုန်ပစ္စည်းများကိုသာရောင်းချရန် ညွှန်ကြားခဲ့ပြီး ဆိုင်အတွင်းရှိ ရောင်းချနေသော Mistine အလှကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“သဘာဝမလိုင်ဒိန်ချဉ်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး”

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ (၂၁-၇-၂၀၂၂) ရက်နေ့တွင် တံတားဦးမြို့နယ်၊ ခေါင်းကွဲကျေးရွာရှိ “သန်းထွန်းငြိမ်း” သဘာဝမလိုင်ဒိန်ချဉ်လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပါသည်။ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ပါကြောင်း၊ ၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏ အမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များအား ထည့်သွင်းဖော်ပြရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

“စားအုန်းဆီများလက်လီလက်ကားဖြန့်ဖြူးရောင်းချမှုအားစျေးကွက်စောင့်ကြည့်စစ်ဆေး”

               ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သောဝန်ထမ်းများသည် (၂၁-၇-၂၀၂၂) ရက်နေ့တွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးနှင့်မြို့မစျေးတို့တွင် စားအုန်းဆီမျာအား လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းမျာ းဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိတို့ဝန်ကြီးဌာနမှ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအား သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိကြောင်း ၊ ယခုဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်စျေး၊ ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ်  သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော စျေးနှုန်းဖြင့်ရောင်းချရ မည်ဖြစ်ပြီး စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းချစေရေး ၊ စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချြခင်းများ မပြုလုပ်စေရေးတို့အတွက် မိမိတို့အဖွဲ့မှ ကွင်းဆင်းပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောက်ဆည်မြို့ရှိ စားသုံးဆီဝယ်ယူခွင့်ရရှိသူ ဦးဇော်ဇော်ထွန်းမှ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးနှင့်မြို့မစျေးတို့ရှိ နေလသုခဆီဆိုင်များတွင် စားသုံးသူပြည်သူများအား စားအုန်းဆီ (၁) ပိဿာလျှင် (၅၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်း းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

             ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် ၂၅-၇-၂၀၂၂ရက်နေ့ နေ့လယ် (၃:၀၀)နာရီအချိန်တွင်  ကျောက်ဖြူမြို့တွင်းရှိ “7 TOP” ငါးမုန့်ပါပရာလုပ်ငန်းရှင်နှင့် “Snow White” ကိတ်မုန့်/ပေါင်မုန့် လုပ်ငန်းရှင်တို့အား တွေ့ဆုံ၍ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းခဲ့ပါသည်။

           ရှေးဦးစွာ ကျောက်ဖြူခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အရ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းကောင်း၊ မိမိတို့ ထုတ်လုပ်သည့်ကုန်ပစ္စည်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များအား စားသုံးသူများမှ သိရှိနိုင်ရန်အတွက် ပြည့်စုံစွာဖော်ပြရန်လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်စည် အမျိုးအစားအလိုက် ဖော်ပြရန်နှင့် စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဓါတုဆိုးဆေးများ၊ တာရှည်ခံဆေးများ မသုံးစွဲကြရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ပြဌါန်းထားသော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအားလည်းကောင်း ဆွေးနွေးအသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌါန်းချက်များအား သိရှိလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စစ်တွေမြို့ အလက(၆)စာသင်ကျောင်းတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

           ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ)ဦးဆောင်ပြီး၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)နှင့် ဦးဇော်မင်းဦး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၂-၇-၂၀၂၂)ရက် နေ့လည်(၁:၃၀)နာရီအချိန်တွင် စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် အ လ က (၆) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် အ လ က (၆)   ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမိုးက အဖွင့် အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းက စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အခြေအနေများကိုလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၈)ပုဒ်မ(၄၁) တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားရှိမှုများကို ချပြဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးသိန်းအောင်က စားသုံးရန်မသင့်သည့် စံမညီအစားအသောက်များကြောင့် တွေ့ကြုံရမည့်လတ်တလောရောဂါနှင့် ကြာရှည်ရောဂါဖြစ်ပွားနိုင်မှုများနှင့် ထိခိုက်မှုများဖြစ်ပေါ်နိုင်ခြင်းတို့အား ချပြဆွေးနွေးခဲ့ပြီးနောက် ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပုဒ်မ (၁၉၊၂၀) ပါ စားသုံးသူအခွင့်အရေး(၈)ချက်အား စားသုံးသူများ ရရှိခံစားနိုင်မှုများကိုလည်းကောင်း၊ စားသုံးသူများအနေဖြင့်လည်း လိုက်နာရမည့် တာဝန်(၄)ချက်အားလည်းကောင်း ချပြဆွေးနွေးခဲ့ပါသည်။

      ထို့‌‌နောက် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက တိုင်းကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ စစ်တွေခရိုင်တွင် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ဖွင့်လှစ်ထားရှိကြောင်းကိုလည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားရှိမှုအခြေအနေများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ပါသည်။

             ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)  

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ