သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် ဒေါင်းကျကျေးရွာတွင် ပြည်သူအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၂.၇.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ ဒေါင်းကျအုပ်စုရှိ ရွှေပြည်သာ(ရေနံမြေ) ဓမ္မာရုံ၌ ပြည်သူ(၃၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ် ဝယ်ယူတတ်စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များ ကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA  (ဧရာဝတီ)

လေးမျက်နှာမြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၂.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၁)ရပ်ကွက်၊ တနင်္ဂနွေပတ် သံဃာ့ဒါနဆွမ်းချက် ဓမ္မာရုံတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်း မှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိ ဘဲမှန်ကန်စွာ ဆက်ဆံ ခြင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်း၊အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေးရမည် ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူ များမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA  (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌေးဝင်းဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ဟင်္သာတမြို့၊ရုံးကြီးရပ်ကွက်၊ဌေးဝင်းဈေးအတွင်း ရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်း မြှင့်တင်ရောင်း ချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေး ရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက် အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရေး ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား အချက်အလက် ပြည့်စုံသော ကုန်ပစ္စည်းများ၊ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်၍ရောင်းချပေးစေလိုကြောင်း၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့် တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပင်စင်စားများအား ဆီနှင့် ဆန် ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်ရုံးရှိ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်များအသင်းတို့နှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပင်စင်စားဝန်ထမ်းများအား ဆီနှင့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီနှင့်ဆန်များ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆီ(၅၀)သား လျှင်(၃၅၀၀) ကျပ်နှင့် ဧည့်မထဆန်တစ်ပြည်လျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

         ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ၂၃.၇.၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကလေးကျေးရွာမှ စားအုန်းဆီလက်လီအရောင်းဆိုင် လုပ်ငန်းရှင် (၂) ဦးအားခေါ်ယူ၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ သတ်မှတ်အလေးချိန်မှန်ကန်စွာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီ လက်လီ၊ လက်ကား  ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်များအား စားသုံးဆီ ဖြန့်ဖြူးမှု ကြီးကြပ်သည့် ( Software ) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ် အသုံးပြုနည်းသင်တန်းပေးခြင်း

                   ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ကျုံပျော်ခရိုင်အတွင်း မြို့နယ်များရှိ စားအုန်းဆီသတ်မှတ်စျေးဖြင့် ရောင်းချဖြန်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကျုံပျော်မြို့နယ်မှ လက်လီရောင်းချသူ (၁၆၉) ဦးသို့ (၂၁.၇.၂၀၂၅) ရက်နေ့တွင် လည်းကောင်း၊ ရေကြည်မြို့နယ်မှ လက်လီရောင်းချသူ ( ၉၃ ) ဦးနှင့် ကျုံပျော်ခရိုင်အတွင်း လက်ကား ဆီကိုယ်စားလှယ် (၁၀)ဦးသို့ (၇.၇.၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်မှ လက်လီရောင်းချသူ (၁၁၁)ဦးသို့ (၈.၇.၂၀၂၅) ရက်နေ့တွင်လည်းကောင်း Capital Connect Co;Ltd ၏ တာဝန်ရှိသူများမှ EOS စနစ် အသုံးပြုရာတွင် လိုအပ်သောစနစ်ထည့်သွင်းခြင်းနှင့် စနစ်အသုံးပြုနည်းသင်တန်းပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

  ၂၀၂၅  ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့၊ ၁၅း၃၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd နှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၈) ပေပါကို ယာဥ်မောင်း ဦးဌေးဟန်၊ ယာဉ်အမှတ် 1I-6178 / Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၈၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန် လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေး အတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျုံပျော်မြို့နယ်အတွင်းရှိ မုန့်ဟင်းခါးဖိုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့နယ်အတွင်းရှိ မုန့်ဟင်းခါးဖိုလုပ်ငန်းများသို့ သွားရောက်၍ စက်မှုလိုင်စင်ရှိ/ မရှိ၊ စည်ပင်လိုင်စင်ရှိ/ မရှိ၊ ဆန်၊ ဆန်ကွဲ အသုံးပြုမှုအခြေအနေ၊ လျှပ်စစ်အင်ဂျင်၊ စပါးခွံသုံးစွဲမှုအခြေအနေ၊ မုန့်လုပ်ငန်းသုံးရေနှင့် သန့်ရှင်းမှုအခြေအနေနှင့် ဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခြင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်း ညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အပတ်စဉ် သောကြာနေ့၊ ညနေပိုင်း တွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခဲ့ပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှု၊ တိုင်းဦးစီးမှူးရုံး၏ ကြီးကြပ်မှု တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များဖြစ်သော မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့မှ ခရိုင်ဦးစီး မှူးများနှင့် ဝန်ထမ်းများသည်လည်း အပတ်စဉ် အပတ်စဉ် သောကြာနေ့၊ ညနေပိုင်းတွင် နိုင်ငံ့ဝန် ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက် ရွတ်ဆိုကာ နိုင်ငံတော်အလံကို အလေးပြုလျက်ရှိကြောင်း သိရှိပါသည်။

DOCA(တနင်္သာရီ)

 

အွန်လိုင်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရရှိပြီးသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ၁၁း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။

    ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော် ငြာစာအမှတ်(၅၁/၂၀၂၃)ပါ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ အခွင့်အရေးများနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြော ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA( တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ