သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိ

          မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျှက်ရှိရာ မြို့ရွာများတွင် တစ်နိုင်၊ တစ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက်စေရန် ပြုလုပ်ခြင်းဖြင့် မိမိတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သလို ပြည်ပ ဈေးကွက်များသို့ မိမိတို့၏ကုန်ပစ္စည်းများကို ထိုးဖောက်ဝင်ရောက်လာနိုင်လျှင် ကိုယ်တိုင်အကျိုးရှိသလို နိုင်ငံတော် အတွက်လည်း ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို တန်ဖိုးမြှင့် တိုးတက် ထုတ်လုပ် နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း ကူညီပံ့ပိုးပေးလျှက်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် MSME လုပ်ငန်းရှင်ပေါင်း ၅၀ဦးကျော်ရှိပြီး ပြည်မြို့နယ်တွင် ၃၀ဦးကျော်၊ ရွှေတောင်မြို့နယ်တွင် ၁၀ဦးကျော်၊ ပန်းတောင်းမြို့နယ်တွင် ၂ဦး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၀ဦးကျော်ရှိပါသည်။ ပြည်မြို့နယ်အနေဖြင့် စားသောက်ကုန်လုပ်ငန်းများဖြစ်သော နွားနို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် နို့ဆီ၊ မလိုင်လုံး၊ မလိုင်ခဲ၊ ဒိန်ချဉ်လုပ်ငန်းများရှိသလို၊ သဘာဝသစ်သီးများဖြစ်သော ကတွက်သီး၊ သရက်သီး၊ မရန်းသီး၊ ဇီးသီး၊ ချဉ်ပေါင်ဖူး စသည့် အသီးများအားယိုများပြုလုပ်၍ ရောင်းချခြင်း အပြင် ချဉ်ပေါင်ဖူးကို ဂျယ်လီ၊ ချဉ်ပေါင်ဖူးဖျော်ရည်များကိုလည်း ထုတ်လုပ် ရောင်းချရန် တီထွင် စမ်းသပ်နေပါသည်။ ထို့အပြင် ထမင်းသုတ်လုပ်ငန်းများကို တစ်ဆင့်မြှင့်တင်ပြီး တစ်ခါစား အထုတ်များထုတ်လုပ်၍ရောင်းချခြင်း၊ ရှားစောင်လက်ပတ်ကိုယိုပြုလုပ်ခြင်း၊ မြေပဲယို၊ နှမ်းယိုများ ပြုလုပ်ခြင်း၊ ငရုတ်သီးအား အလှော်မှုန့်၊ အကြမ်းမှုန့်၊ အရောင်တင်မှုန့်များအပြင် ကုလားပဲကို ခွဲကြမ်းပြုလုပ်ပြီး ထိုမှတစ်ဆင့် ပဲမှုန့်၊ အကြော်မှုန့်များပြုလုပ်၍ရောင်းချခြင်း စသည့်လုပ်ငန်း များလုပ်ကိုင်ကြပါသည်။ နိုင်ငံ့တော်၏ လယ်ယာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွား ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အချိန်ကုန်လူပင်ပန်း သက်သာ စေရေး လယ်ယာများတွင် အသုံးပြုရန်  ကောက်စိုက်စက်၊ မြေဩဇာချစက်၊ ကြံစိုက်စက်များ ထုတ်လုပ်နိုင်သည့်အပြင် သီးနှံမျိုးစုံ ခြွေလှေ့စက်များကို တီထွင်နိုင်ပြီး ပဲမျိုးစေ့ချစက်နှင့် မတ်ပဲရိတ် စက်များကို ထပ်မံထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေကြပါသည်။ ထိုအပြင် လယ်ယာများတွင် စပါးနှင့်ပဲအထွက်နှုန်း ကောင်းမွန်ရန် အတွက် အသုံးပြုရန်သဘာဝမြေဩဇာများထုတ်လုပ်သည့် လုပ်ငန်းများလည်းရှိပါသည်။ လူအသုံး အဆောင်ပစ္စည်းများဖြစ်သော ဆပ်ပြာဆီကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ထိုမှတစ်ဆင့် အသင့်သုံး ဆပ်ပြာဆီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ မျက်နှာသစ်ဆပ်ပြာများထုတ်လုပ်သော လုပ်ငန်းရှင်ပေါင်း များစွာရှိပါသည်။

          ရွှေတောင်မြို့နယ်အနေဖြင့် လူအသုံးအဆောင်ဖြစ်သော ဝတ်စားဆင်ယင်မှုအနေဖြင့် မြန်မာ့ရိုးရာချည်ထည်လုပ်ငန်းပေါင်းမြောက်မြားစွာရှိပြီး စည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့် ရှိကြောင်း သိရပါသည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ယက်လုပ်ရောင်းချသည့် စက်ရက်ကန်းများ၊ လက်ရက်ကန်းများမှ အဆင့်မြှင့်ထုတ်ကုန် ၂/၁၀၀ချည်၊ ၂/၈၀ချည်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများရှိသလို စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်ထမင်းသုတ်၊ ရွှေတောင် နန်းကြီးသုတ် များကို အသင့်စားသုံး၍ရရှိစေရန် တစ်ခါစားထမင်းသုတ်အထုတ်များအား ထုတ်လုပ် ၍ရောင်းချခြင်းများလည်းရှိပါသည်။ ထိုအပြင် အစာကြေဆေး များအဖြစ် ဆင်တုံးမနွယ် ရှောက်ပေါင်း၊ ရှောက်တောင့်များပြုလုပ်၍ရောင်းချသလို လူ့အသုံး အဆောင်ပစ္စည်းများဖြစ်သော ဝါးမှတစ်ဆင့် ဝါးကုလားထိုင်၊ ထန်းကုလားထိုင်များအပြင် တစ်နိုင် တစ်ပိုင် ခမောက် လုပ်ငန်းများလည်းလုပ်ကိုင်သည့် လုပ်ငန်းများရှိပါသည်။

          ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံအများဆုံး စိုက်ပျိုးသောမြို့နယ်ဖြစ်သလို ဝါသီးနှံလည်း စိုက်ပျိုးခြင်း၊ နှမ်းနှင့်မြေပဲများကိုလည်း စိုက်ပျိုးသည့် မြို့နယ်ဖြစ်သည့်အတွက် ထိုသီးနှံများမှတစ် ဆင့် စားသောက်ကုန်များထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များရှိသလို အဝတ်အထည်လုပ်ငန်း များဖြစ်သော ရိုးရာချည်ထည်များ၊ ဂျပ်ခုတ်စောင်များကိုလည်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် များရှိပါသည်။ ကြံသီးနှံကိုအခြေခံ၍ ကြံမှတစ်ဆင့်မြှင့်ထုတ်ကုန်ဖြစ်သော သကြားအပြင်၊ ကြံမွ၊ မြေပဲကြံသကာ၊ မြေပဲယို၊ နှမ်းယို၊ မြေပဲဆားလှော် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြပါသည်။

          ထိုသို့အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ပြည်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အဆင့်မြှင့်တင် ပြီး ထုတ်လုပ်၍ ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များတွင် ရောင်းချမည်ဆိုပါက လူအများ ပိုမိုသိရှိပြီး ရောင်းအားမြင့်တက်၍ ပြည်တွင်းဈေးကွက်သာမကဘဲ၊ ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်ဝင်ရောက်နိုင်၍ လူမှုစီးပွားရေးဘဝတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါသည်။ ထိုအပြင် စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်လာနိုင်မည်ဆိုပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းလာနိုင်ပြီး အမှိုက်ထဲမှရွှေဖြစ်မည်ဖြစ်ပါသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ရရှိနိုင်သောကောင်းကျိုးများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်မားခြင်း၊ လူနေမှုအဆင့်အတန်းများ တိုးတက်ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီမြုပ်နှံမှုများကြောင့် နိုင်ငံခြားဝင်ငွေရရှိလာနိုင်ခြင်း စသည့်ကောင်းကျိုးများရရှိလာနိုင်မည်ဖြစ်ပါသည်။

          ယခင်က ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ရခြင်းမှာ တစ်ဦးခြင်းဝင်ငွေ ရရှိမှုနည်းပါး ခြင်းလည်းပါဝင်ပါသည်။ ယခုအခါတွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများပါဝင်မှုကြောင့် လုပ်ငန်းစီမံကိန်း အသစ်များ တိုးချဲ့ပြုလုပ်လာနိုင်ကြသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက် များပြားလာကြမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူလာကြရာမှ စီးပွားဖြစ်စိုက်ပျိုးမွေးမြူလာကြသဖြင့် ဝင်ငွေများ များပြားလာ ကြပါ သည်။ ထို့အတူ စက်မှုလက်မှုလုပ်ငန်းများလည်း ပိုမိုထုတ်လုပ်လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရောင်းချနိုင်ခြင်းဖြင့်လည်း ဝင်ငွေ များစွာရရှိလာကြပါသည်။ ထိုကဲ့သို့တစ်ဦးခြင်းဝင်ငွေများ များပြားလာသည့်အတွက် ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုအဆင့်အတန်းများမှ အစမြင့်မားလာနိုင်မည်ဖြစ်ပါသည်။

          ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း၊ စနစ်တကျထုတ်ပိုးနိုင်ပါက နိုင်ငံခြား အထိ ကုန်ပစ္စည်းများထိုးဖောက်ဝင်ရောက်လာနိုင်မည်ဖြစ်၍ မိမိတို့အနေဖြင့်လည်း ဝင်ငွေများတိုးတက် လာနိုင်သလို နိုင်ငံအတွက်လည်း ပြည်ပဝင်ငွေများရရှိလာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ မတ်လ(၁၀)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သီရိမင်္ဂလာဈေးအတွင်းရှိ အိမ်သုံးဆေးဝါးများရောင်းချနေသော ဆေး အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါကုန်အညွှန်း အမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ နှင့် စံမမီဆေးဝါးများ ရောင်းချမှုရှိ/မရှိ မိတ်ဖက် ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးအရောင်းဆိုင်များ တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ် မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသော အိမ်သုံးဆေးဝါးများကိုသာ တင်သွင်း ဖြန့်ဖြူးရောင်းချနေသည် ကို စစ်ဆေးတွေ့ရှိရပြီးဆေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိ သည့်ဆေးဝါးများသာ တင်သွင်းရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်လိုင်စင်သက်တမ်းတိုးဆောင်ရွက်သွားရန်၊  စီးပွားရေး လုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

         

သထုံခရိုင်၊ သထုံမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းသည် (၁၅.၃.၂၀၂၅) ရက်နေ့တွင် (ယာဉ်အမှတ် 4G-7041) ယာဉ်မောင်း ဦးအောင်မျိုးထွဋ်ကျော် မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၄) ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ သထုံမြို့နယ် ဆီကိုယ်စားလှယ် ဦးလှအေး (၁၇) ပေပါ၊ ဦးမျိုးလှိုင်း (၁၇) ပေပါခွဲတမ်းရရှိပြီး ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခနှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချသွား မည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ် စားအုန်းဆီ တစ်ပိဿာလျှင် ၇၆၆၁ ကျပ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကား ကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၄.၃.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၃၄)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့် သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဥ်ကျးမှုအမွေအနှစ်စာရင်းတွင် မြန်မာ့သနပ်ခါး ပါဝင်နိုင်‌ရေး လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ၁၁.၃.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာစိုးက မြန်မာ့ သနပ်ခါးယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထင်ရှားလာအောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက မြန်မာ့သနပ်ခါးဓ‌လေ့၏ သမိုင်းကြောင်း၊ သနပ်ခါး၏အသုံးဝင်မှု၊ အသုံးပြုပုံနှင့်အရေးပါမှု၊ သနပ်ခါးကို အလှအတွက်သာမက မြန်မာ့ရိုးရာတိုင်းရင်းဆေး အတွက်ပါ အသုံးပြုကြပုံ၊ မြန်မာ့သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသား များလည်း လိမ်းခြယ်ကြသည်ကိုတွေ့ရှိရပါကြောင်းနှင့် မြန်မာ့သနပ်ခါး ရိုးရာယဥ်‌ကျေးမှုကို ထိန်းသိမ်းသင့်ပါကြောင်း ပြောကြားခဲ့သည်။

   ထို့နောက် တက်ရောက်လာသူများက မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှား ဆောင်ရွက်မှုအဖြစ် တစ်ဦးနှင့်တစ်ဦး ကိုယ်တိုင်သနပ်ခါးသွေး၍ ပျော်ရွှင်စွာလိမ်းခြယ် ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

 

ပေါင်မြို့နယ်၌ ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဒေသခံ တောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး ဈေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျှက်ရှိသည်။

ပေါင်မြို့နယ်၌ တောင်သူအများစုက မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများအနေဖြင့် ဖူးစားပြောင်း ခရမ်းချဉ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး စသည့် သီးနှံများကို စိုက်ပျိုးကြသည်။

ပေါင်မြို့နယ်၌ ဒေသခံတောင်သူများအား သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုး သကြားပြောင်းဖူးများနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြကြောင်းနှင့် ထွက်ရှိသည့် ပြောင်းဖူးများကို မြို့ပေါ်ရပ်ကွက်ဈေးများနှင့် မော်လမြိုင်မြို့ရှိ ကုန်စိမ်းရောင်းချ သည့်ဈေးများ၌ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၌ ကုလားပိန်းဥ (ထောပတ်ပိန်း) ပင်များ စိုက်ပျိုးလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ လယ်မြေများတွင် ရေသွင်း၍ စိုက်ပျိုးထားသည့် ဒေသအခေါ် ကုလားပိန်းဥ (ထောပတ်ပိန်း)ပင်များအား စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ယခုနှစ် ထောပတ်ပိန်းစိုက်ရာတွင် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်၊ ပိန်းဥစိုက်ရာတွင် ပိန်းဥကို အရင်ဆုံးပျိုးထားပြီး အပင်ပေါက်လေးတွေ ပေါက်လာမှ မြောင်းဖော်ကာ တစ်မြောင်းချင်းစီတန်း၍ စိုက်ပျိုးရကြောင်း၊ ပိန်းဥကိုတပို့တွဲလဆန်းမှ အစပျိုးပီးရက်ပေါင်း ၉၀ကြာထိ စိုက်ရကြောင်း ရေကြိုက်ပြီး နှုန်းမြေများတွင်သာ စိုကိပျိုး၍ရကြောင်း၊ သဲဆန်သောမြေနှင့် အပူပိုင်းဒေသတွေမှာစိုက်၍ မဖြစ်ထွန်းကြောင်း ပိန်းဥ နှစ်လသားအရွယ်ကနေ တစ်ရက်ခြား ရေပေးရပါတယ်၊ ယခုလမှာဆို ဓာတ်ဆီဈေးကြီးသဖြင့် သိမ်းပီးတွက်ချေမကိုက်ပဲ ဈေးကွက်ဝင်သီးနှံဖြစ်ကာ ဒေသခံများက ကြိုက်နှစ်သက်သဖြင့် ရောင်းရလွယ်ကူကြောင်း၊ ကဆုန်လ ဆိုလျှင်စတင်တူးပြီး ရောင်းချသွားမည်ဖြစ်ကြောင်း ပိန်းဥအများအပြား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်နေသူ ရေတွင်းကုန်းကျေးရွာမှ တောင်သူကြီး ဦးဘာဘူကပြောပါတယ်၊ ပိန်းဥကို ကျိုက်မရော မြို့နယ်အတွင်းရှိ တူးမြောင်းနှင့်နီးသည့် ရေရလွယ်သည့်နေရာများတွင် အများအပြား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

DOCA(မွန်)

ပေါင်မြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးရာသီတွင် နေကြာ ၁၅၂၃ ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းရာသီ သီးနှံစိုက်ပျိုးရာသီတွင် နေကြာ (၁၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာတွင် နေကြာဧက (၁၅၂၀) စိုက်ပျိုးရန် လျာထားပြီး  ၂၀၂၄ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ရာ  ယနေ့တွင် နေကြာဧက (၁၅၂၃) စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ ပေါင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာလျာထားချက် ကျော်လွန်ပြီး အောင်မြင်ဖြစ်ထွန်း စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား နည်းပညာ ပေးရေးလုပ်ငန်များ ဆောင်ရွက်ပေးခြင်း၊ တောင်သူအချို့အနေဖြင့်လည်း မနှစ်က စိုက်ပျိုးခဲ့သည့် အတွေ့အကြုံနှင့် လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပေါင်းစပ်ပြီး စိုက်ပျိုးထားကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသည့်နေကြာများ တစ်ဧက ချင်းစီအလိုက် အထွက်နှုန်းကောင်းစေရန်၊ အရည်အသွေးကောင်းနေကြာများ ထွက်ရှိစေရန်၊ မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေး အသုံးပြုနည်းများ၊ ရေအသုံးချမှုဆိုင်ရာများ၊ နေကြာမျိုးကောင်းမျိုးသန့် ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်း စနစ်များ မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

 

သထုံမြို့ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ၁၇.၃.၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ၏ စီမံမှုဖြင့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့သည်။

ထိုသို့ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့ကို သတ်မှတ်ထားသည့်သက်သာသော ဈေးနှုန်းတို့ဖြင့် စနစ်တကျရောင်းချပေးခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက ပျော်ရွှင်စွာ လာရောက်ဝယ်ယူအားပေးခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူတို့က သွားရောက်ကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် (၇၆၆၁) ကျပ်ဖြင့် ပိဿာချိန် (၃၃၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဇော်ဦးသည် ၁၃.၃.၂၀၂၅ ရက်နေ့တွင် (ယာဉ်အမှတ် 9B-8857) ယာဉ်မောင်း ဦးထွန်းထွန်းဝင်းနှင့် ၁၄.၃.၂၀၂၅ ရက်နေ့ (ယာဉ်အမှတ် 4G-2351) ယာဉ်မောင်း ဦးထွန်းထွန်းဇော်တို့၏ မော်တော်ယာဉ်ဖြင့် Kaung Hlyan New Asia Co.Ltd သို့ စားအုန်းဆီ (၃၆) ပေပါ ရောက်ရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကျိုက်ထိုမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချသွား မည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကား ကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ