သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့၊ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊  စားအုန်းဆီ လက်လီ၊ လက္ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတဆီထုတ် လက်ကားကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပြီး စားအုန်းဆီအရောင်းဆိုင် (၁၀)ဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ (၁၁.၃.၂၀၂၅)ရက်နေ့တွင် နံနက်(၉:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပခဲ့ပါသည်။

အခမ်းအနားကို အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပထမပိုင်းအခမ်းအနားကို အစီအစဉ်အစီအစဉ်(၇)ခုဖြင့် ကျင်းပခဲ့ပြီး ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြောင်းနှင့် တစ်နှစ်တာလုပ်ငန်းဆောင်ရွက် ချက်များကိုရှင်းလင်းခြင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့Video Clipပြသခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့ဖြစ်ကြောင်း၊  ဒုတိယပိုင်းအခမ်းအနားကို အစီအစဉ်(၂)ခုဖြင့် ကျင်းပခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းနှင့် အခမ်းအနားပြီးမြောက်ကြောင်းကြေငြာခြင်းတို့ဖြစ်ကြောင်း၊ အခမ်းအနားသို့ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊  ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများ စုစုပေါင်း(၁၆၇)ဦးတက်ရောက်ခဲ့ပြီး  အခမ်းအနားကို (၁၀:၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းမြို့၊ သီလရှင်အပါး(၁၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ပါဝင်လှူဒါန်း

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ၂၀၂၅ခုနှစ်၊ မတ်လ ၁၁ရက်နေ့ နံနက် (၆:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ သီတဂူ အကယ်ဒမီဝိပဿာနာကျောင်း၌ စစ်ကိုင်းမြို့၊ သီလရှင်အပါး(၁၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကုသိုလ်ပြုလုပ်ရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ကုသိုလ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဝက်ဝံ အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်းလင်းဦး(ဦးစီးမှူး) ဦးဆောင်၍ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ ပေါက်ထိုက်ရပ်အတွင်းရှိ “ဝက်ဝံ” အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် “ဝက်ဝံ” အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းသည် စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် “ဝက်ဝံ” အမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက် ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

 

ဇလွန်မြို့နယ် “OT ပွိုင့်” အကြော်စုံလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် (၅.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမိုင်းအုပ်စု၊ ဆပ်အိုင်ကျေးရွာရှိ  “OT ပွိုင့်” အကြော်စုံလုပ်ငန်းသို့  ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာက လုပ်ငန်းရှင် ဦးစန်းလွင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“စန်းရေ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ နောင်ကျောက်ရပ်၊ ရပ်ကွက် (၂) အတွင်းရှိ “စန်းရေ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “စန်းရေ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Talk Show ကျင်းပဆောင်ရွက်ခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့မှ ဦးစီးမှူး ဦးအောင်လင်းဦးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲ၌ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၁)၊ ပုဒ်မ (၂၂)နှင့် ပုဒ်မ (၂၃)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်များအား သိရှိစေရန်အတွက် လေ့လာစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာ ပါက တိုင်ကြားနိုင်မည့်နေရာများနှင့် နည်းလမ်းများအကြောင်းအား ပြည်သူများသိရှိစေရန် ဆွေးနွေး  ခဲ့ကြပါသည်။

DOCA(ရှမ်း)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၆.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိ၊  အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှုရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော အိမ်သုံးဆေးဝါးများ၊  အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဇလွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကုမ္ပဏီမှ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ဝယ်ယူသူများအား ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင်(ဦးစီးမှူး) ဦးဆောင်၍  မြို့နယ်စည်ပင် သာယာရေးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစား သောက်ကုန်အရောင်း ဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ငရုတ်ခြောက်ရှည်၊ ကုလားပဲ၊ ပဲနီလေး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ(ကြူကုတ်)တို့မှာ ဈေးနှုန်းများအနည်းငယ် ကျဆင်းလာပြီး ထိုကဲ့သို့ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ငရုတ်ခြောက်ရှည် ကုလားပဲ ပဲနီလေးနှင့် ခရမ်းချဉ်သီးတို့မှာ ရာသီပေါ်ချိန်ဖြစ်သောကြောင့်နှင့် ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းကျဆင်းလာရခြင်းမှာ တရုတ်(ယွမ်)ငွေ ဈေးနှုန်းကျဆင်းလာသောကြောင့် ဖြစ်ပါသည်။ မန်ကျည်းသီးဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရ ခြင်းမှာ ဝယ်လိုအားများသောကြောင့်ဖြစ်ပါသည်။

  ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဒေသတွင်းဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ (၁၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ပြည်တွင်းဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့၊ ဒေါင်းငူရပ်၊ ဘုံမ္မော်ရပ်ရှိ ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး အတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ