သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကြံခင်းမြို့နယ်စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကိုတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော  အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားသုံးဆီအရောင်းဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်း သွားရောက်စစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးတို့ ပါဝင်သော အဖွဲ့များသည် ၁၀.၉.၂၀၂၄ ရက် နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV ငွေသဇင်ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ဘီယာ၊ မြေဆီ၊ အထွေထွေကုန်မျိုးစုံများကို တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများပြတ်လပ်မှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်အရ ဈေးကွက်များအတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အား စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ မိတ်ဖက်ဌာနမှတာဝန်ရှိသူတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး ရုံ(ည) အမှတ်(၁/၂) မေခလာဆေးဆိုင်၊ ရုံ(ဈ) အမှတ်(၂/၃) အေးမင်းစိုး ဆေးဆိုင်နှင့် အမှတ်(၂၃၄)ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်တို့တွင် ဆေးဝါးများ ဈေးနှုန်းအခြေအနေ ယခင်လနှင့်ယခုလကွာဟချက်များ ဖြစ်ပေါ်နေမှုအခြေအနေနှင့် ဆေးဝါးဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် ဆီးချို၊ သွေးချိုသမားများ နေ့စဉ်သောက်သုံးရသည့် သွေးထိန်းဆေးနှင့် ဆီးချိုထိန်းဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်နေမှုရှိ/မရှိတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆေးဆိုင်ပိုင်ရှင်များက ဆေးဝါးဈေးနှုန်းများအနေဖြင့် ယခင်လနှင့် ယခုလဈေးနှုန်းသိသိသာသာကွာဟမှုမရှိကြောင်း၊ သွေးထိန်းဆေးနှင့် ဆီးချိုထိန်းဆေးဝါးများအား အလွယ်တကူရရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး တာဝန်ရှိသူများက ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ကြံခင်းမြို့နယ် TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင်  မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက   ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ရရှိသင့်သည့် အခွင့်အရေးများအကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လျှောက်ထားပြီးမှသာလုပ်ကိုင်ရန်၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လ ပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း၊  အွန်လိုင်းစနစ်တွင် အခြေခံဆောင်ရွက်ထားသည့်အချက်များ၊ စနစ်တွင်ပါဝင်သည့် လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များ၊ e-ComReg System ဖြင့် Online Sales  မှတ်ပုံတင်လက်မှတ်လျှောက်ထား၊ ထုတ်ယူမှုအဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ ဆန်ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ ဆန်ရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ စက်တင်ဘာလ (၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဆန်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် အမှတ်(၁၁၉)စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင်ဆန်ဆိုင်၊ စည်ပင်သာယာမြို့မဈေးရုံ(ဈ) အမှတ်(၁၉/၂၀)ရှိ မိဘရိပ်ဆန်ဆိုင်၊ အမှတ်(၁)ရှိ ဦးမြင့်ထူးဆန်ဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ညွှန်ကြားချက်ပါ ဆန်များအား သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်း ရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိ

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၉) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၇၂ ပေပါ (သို့) ပိဿာ ၇၉၂၀ ကို 6L-9521 မော်တော်ယာဥ်ဖြင့်လည်းကောင်း၊ စားအုန်းဆီ ၅၄ ပေပါ (သို့) ပိဿာ ၅၉၄၀ ကို 6L-9513 မော်တော်ယာဥ်တို့ဖြင့်လည်းကောင်း ရန်ကုန်မြို့မှ မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.ထ.ကကျောင်းတွင် အသိညာပေးဆွေးနွေးခြင်း

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၉.၉.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အ.ထ.က သော်ကခန်းမ၌ ကျောင်းအုပ်ဆရာ/ဆရာမကြီး (၂၃၅) ဦးအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးထွန်းမင်းလတ်က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက် များကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဟောပြောရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေလုပ်ငန်းအဖြစ်  အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ဟုခေါ်ဆိုကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ စတင်အာဏာသက်ဝင်ပြီး အခန်း(၈) ခန်းပါဝင်ကြောင်းနှင့် မှတ်ပုံတင် လျှောက်ထားရာတွင် www.ecomreg.gov.mm ကို ဝင်ရောက်လျှောက်ထားနိုင်ခြင်း၊ လျှောက်ထား ရာတွင် လိုအပ်သောအချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၉) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှုရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့် ဆေးဝါးများကို အပတ်စဉ် ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ ဝယ်ယူစုဆောင်း သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအပေါ် သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    (၉.၉.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်သည် ပန်းတနော်မြို့ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်(၁၅)ဦးအား မြို့နယ်တာဝန်ခံရုံးတွင် ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျည်း၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်းပြုလုပ်ခဲ့သည်။

     ထိုသို့ ဆွေးနွေးရာဟောပြောရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ဦးစီးဌာန ၄ခုရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း။ အွန်လိုင်းဖြင့် ကုန်စည်ဝယ်ယူမှုနှင့် စားသုံးသူထိခိုက်နစ်နာမှုကိစ္စရပ်များ ဖြစ်ပေါ်နေ၍ ဥပဒေဖြင့် ကာကွယ်ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းပလက်ဖောင်းတွင် ဖြစ်ပေါ်နေမှုများကို ထိန်းကြောင်းသည့်အနေဖြင့် အွန်လိုင်းမှတ်ပုံတင်ပြီးမှ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရောင်းချရမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

    အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင်  ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့် ကြော်ငြာစာထုတ်ပြီး (၆)လပြည့်သည့် နေ့ရက်မှစ၍  မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်း ဖြင့် ငွေကြေးရယူပြီး ရောင်းချသည့် လုပ်ငန်းရှင်များ မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်၍ အွန်လိုင်းဖြင့် ဈေးရောင်းချသူအားလုံး  မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     အွန်လိုင်းရောင်းချမှုတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို မိမိဖုန်း Google တွင် www.ecomreg.gov.mm ဝင်ရောက်၍ မှတ်ပုံတင်ရမည်။ လုပ်ငန်းအဆင့်ဆင့်ကို ဖြည့်သွင်းပြီးမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပဲ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့တွင် ဆန်စျေးကွက်အတွင်း စျေးနှုန်းမြှင့် တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်စျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များပြတ်လပ်မှုရှိ/မရှိကို ၆.၉.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် စစ်ဆေးရေးဌာနစုံ မအူပင်မြို့ပေါ်ရှိ ဆန်အရောင်ဆိုင်များဖြစ်သော KKKအရောင်းဆန်ဆိုင်၊ ရွှေလင်းယုန် ဆန်ဆိုင်၊ မိဘမေတ္တာဆန်ဆိုင်၊ အောင်ဆန်ရောင်းဝယ်ရေး၊ ဦးလှကြည်၊ဒေါ်သန်းသန်းဆန်ဆိုင်၊ 555ဆန်ဆိုင်၊ ကိုသူရဆန်ဆိုင်၊  များတွင် ဆန်ပြတ်လပ်မှု ရှိ/မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှု အခြေအနေများကို စစ်ဆေးခဲ့သည်။  

    စစ်ဆေးရာတွင် ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ မြောင်းမြပေါ်ဆန်း‌၊ ပုသိမ်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအနည်းငယ်နှင့် ဒေသထွက်ဆန်များကို ရောင်းချလျက်ရှိကြောင်းစစ် ဆေးတွေ့ရှိရပြီး မအူပင်မြို့နယ်တွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ ဆန်အိတ်သိုလှောင်ထားရှိမှု  ဆန်လက်ကျန်၊ နေ့စဉ်ရောင်းချမှု ဆန်ရောင်းအားနှင့် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ရာခိုင်နှုန်းဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်။  ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုရှင်းလင်းပြီး၊ ဆန်ဈေးနှုန်းများကို မြင်သာအောင်ဈေးနှုန်း ဖော်ပြရောင်းချရန်၊ ဆန်ဆိုင်များတွင် ဆန်လက်ကျန် ဆန်အိတ်အရေအတွက် များစွာရှိပြီး ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ