သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆားမလောက် အ.ထ.ကကျောင်း ရှိ ကျောင်းမုန့်ဈေးတန်းရှိမုန့်များ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့်အတူ ညောင်တုန်းမြို့နယ် ဆားမလောက်(အ.ထ.က)ကျောင်းတွင် နေ့လယ် (၁၂:၃၀) အချိန်က ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင် (၆)ဆိုင်မှ ဆိုင်ရှင်များအား တစ်ကိုယ်ရည် ကျန်းမာရေးကို အထူးဂရုပြုရန်၊ ဈေးဆိုင်ပတ်ဝန်ကျင် သန်းရှင်းရေးကို နေ့စဉ်ပြုလုပ်ရန်၊ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်သော မုန့်များကိုသာ ရောင်းချရန်၊ ထမင်းသုပ်နှင့် လက်သုပ်မုန့်များကို ရောင်းချပါက ယင်မနားစေရန် အုပ်ဆောင်း၊ လက်အိတ်၊ ခေါင်းစွပ်တို့ဖြင့်ရောင်းချရန်၊ ဆိုးဆေးများပါဝင်သော၊ ကလေးများစားသုံးရန်မသင့်သော တားမြစ်မုန့်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ဈေးဆိုင်များတွင် ရောင်းချသော မုန့်အများစုသည် သတ်မှတ်ချက်များအတိုင်း ပြည်စုံစွာပါဝင်သော စားသုံးရန်သင့်သော မုန့်များရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက် ပစ္စိမာရုံ (ဘက) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၈-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊  ပစ္စိမာရုံ (ဘက)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ) နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကြူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိတို့အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ ဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၈-၉-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးတွင် ရောင်းချပေးနေသောစားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံသည် ဗိုလ်ချုပ်ဈေးတွင် လက်လီ/ လက်ကားရောင်းချနေသော ဆီဆိုင်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများကထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး ရရှိသောစားအုန်းဆီခွဲတမ်းများကိုလည်း စနစ်တကျဖြန့်ဖြူရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မစျေး၌ (၉.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေး အတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုး သုံးစွဲစေရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ ချောက်မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့် ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကုန်စွာ ပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်လိုတိုင်းဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်များတင်ပို့နိုင်ရေးအတွက် ၂၀၂၄ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ ဆန်တင်ပို့မည့် MV - ရတနာမယ် ရေယာဉ်တွင် ဧည့်မထဆန် (၈၄၀၀)အိတ်၊ ကောက်ညှင်း(၁၁၀၀)အိတ်၊ စုစုပေါင်း(၉၅၀၀)အိတ်၊ MV - တော်ဝင်လင်း ရေယာဉ်တွင် ဧမထဆန်(၉၈၀၀)အိတ်၊ ကောက်ညှင်းဆန် (၂၀၀)အိတ်၊ စုစုပေါင်း (၁၀၀၀၀)အိတ်၊ MV - ဓနရွှေလမင်း ရေယာဉ်တွင် ဧည့်မထဆန်(၇၀၀၀)အိတ်၊ ကောက်ညှင်းဆန်(၁၀၀၀)အိတ်၊ စုစုပေါင်း(၈၀၀၀) အိတ်တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ စက်မှုသုံးဆီလုပ်ငန်းရှင်များအား ဆီခွဲဝေခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသောလုပ်ငန်းရှင်များအား ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးရုံး၌ စက်မှုလုပ်ငန်းသုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဆီခွဲဝေရရှိမှုနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

           ထိုသို့ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဒု-ဦးစီးမှူးက တက်ရောက်လာသော လုပ်ငန်းသုံးဆီရရှိသည့်လုပ်ငန်းရှင်များကို မိတ်ဆက်စကားပြောကြားခဲ့ပြီး မိမိတို့လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ရရှိလာသောဆီခွဲတမ်းများကို အညီအမျှခွဲဝေပေးမည်ဖြစ်ပြီး လူဦးရေပေါ်မူတည်၍ ခွဲဝေပေးမည်ဖြစ်ကြောင်း၊ ပြင်ပသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် သတိပေးဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ စက်မှုလုပ်ငန်းသုံးဆီလုပ်ငန်းရှင်(၆၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

        ကျောင်းသားလူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာအချက်အလက်များကို ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်ရည်ရွယ်၍ (၇.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ စိုးမေတ္တာခန်းမ၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

     မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက “စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများ၊ ကုန်အညွှန်းအမှတ်အသား၏ သတ်မှတ်ထားသော အချက်များ”ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိက “ကလေးအလုပ်သမားပပျောက်‌ရေးဆိုင်ရာ သိကောင်းစရာများ” ဒုတိယမြို့နယ် ဥပဒေအရာရှိက “ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများ” ကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ နံနက်(၀၉ꓽ၀၀)နာရီအချိန်၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံအထက်တန်းကျောင်းအတွင်းရှိ မုန့်အရောင်းဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ်သည့်ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့၊ နံနက် ၀၉:၄၅ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ  ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကိုဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ ဂွတ်ဒီဟင်းရွက်ဆီ (အဆင့်မြင့်သန့်စင်ထားသောစားအုန်းဆီ)တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရသည်။ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောစားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃)ဦးတို့ဦးဆောင်၍  တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ဝန်ထမ်း(၁)ဦး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦးတို့သည် (၉-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းများ၏ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွန်းအမှတ်အသားများအကြောင်းကိုပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ဆေးနှင့်ဆေးပစ္စည်းများအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ