သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်း‌ဒေသကြီး တိုင်းဦးစီးမှူးသည် ကော့သောင်းခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းနှင့် သီဟိုဠ်စိုက်ပျိုး၊ ထုတ်လုပ်၊တင်ပို့ ရောင်းချသူများအသင်းနှင့် တွေ့ဆုံခြင်း

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့နယ် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစိုးဦး သည် ကော့သောင်းခရိုင် ကွမ်းသီးလုပ်ငန်းရှင်များအသင်းနှင့် သီဟိုဠ် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း မှ အသင်းသူ/အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစိုးဦးမှ ကော့သောင်းခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းနှင့် သီဟိုဠ် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ အသေးစားလုပ်ငန်းများပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခဲ့ကြပြီး တိုင်းဦးစီးမှူးမှ ဖြေရှင်းဆောင်ရွက်ရမည့်နည်း လမ်းများအား အကြံပြု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ချောင်းဆုံမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည်   ၉-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းချောက “Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင်ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့်အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့တွင် စတင်၍အသုံးပြုခဲ့ကြောင်း၊ ထို့နောက် မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည်  ၁၁-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးအတုများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

        ထိုသို့စစ်ဆေးရာ၌ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော Novo Nordisk Production SAS, France ထုတ် Mixtard 30 100 IU/ML Suspension for Injection ဆေးဝါးနှင့် Brand Name ဆင်တူသော ဆေးဝါးအတုများရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ဆေးဝါးအတုများရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၇)မူလွန်ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၇) မူ/လွန်ကျောင်းတွင် ဆရာ/ ဆရာမ၊  ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးက  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်၊ သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကြူးပါဝင်သော အစားအသောက်များရောင်းချခြင်းကိုရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များအား စစ်ဆေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၀)ဦး၊ ကျောင်းသား/သူ(၆၀)ဦး၊ ကျောင်းမုန့်ဈေးသည် (၂)ဦး၊ ပေါင်း(၇၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

           

ကျိုက်လတ်မြို့၊ (၁၃) လမ်း၊ အမှတ်(၈)၊ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ (၁၃) လမ်း၊ အမှတ်(၈) မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါအသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်နှင့် သက်တမ်းလွန်မုန့်များကိုစားသုံးပါက ကင်ဆာရောဂါဖြစ်ပွားနိုင်ပြီး ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း၊ မှိုတက်နေသောအစားအစာများကို ဝယ်ယူစားသုံးခြင်းမပြုကြရန်နှင့် ဆေးသကြားများပါဝင်သော အစပ်မှုန့်နှင့် အချိုရည်များကိုလည်း အလွန်အကျွံသောက်သုံးခြင်းမပြုကြရန်  အမှတ်(၈) မူလတန်းကျောင်းရှိ ကျောင်းသား/သူ ကလေးငယ်များအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များပါ လိုက်လံစစ်ဆေးခဲ့ပြီး ရောင်းချသူများအနေဖြင့် ကလေးငယ်များအန္တရာယ်ဖြစ်စေနိုင်သော မုန့်သရေစာများ ရောင်းချခြင်းမပြုကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနိုင်ရေး ဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် (၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ဈေးကလေးလမ်း၊ တာငါးဆယ်(မ)ရပ်ကွက်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ဆန်ဆိုင်လုပ်ငန်းရှင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနိုင်ရေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးကမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ ဧည့်မထ(၁၅%) ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊‌ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ကျပ်ဖြင့် ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေးတို့ကို အသိပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်အတွင်းရှိ ဆန်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှထုတ်ပြန်သော လအလိုက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) အပေါ်တွင် အမြတ် ၈% ထက်ပို၍ ရောင်းချခြင်းမပြုရန်နှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိ၍ တိုင်ကြားလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူခံရနိုင်ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ဆန်ဆိုင်လုပ်ငန်းရှင်(၂၀) ဦးတက်ရောက်ခဲ့ပြီး နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

City Mart များရှိ ဆန်ဈေးနှုန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန် ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း (၁၀.၉.၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Super One နှင့် Ocean Super Center များအတွင်း ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (KG)ဆန်ဈေးနှုန်းများကို စိစစ်ခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ စားအုန်းဆီစာအုပ်စနစ်ဖြင့် ရောင်းချပေးနေသည့် အစည်းအဝေးကျင်းပ

     မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉.၉.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စားအုန်းဆီစာအုပ်စနစ်ဖြင့် ရောင်းချပေးနေသည့် အစည်းအဝေးကျင်းပခဲ့ပါသည်။

       အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွေးနွေးပြောကြားရာတွင် မိမိတို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုတစ်စု တစ်လလျှင် (၂)ပိဿာ (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေပါကြောင်းနှင့် အိမ်ထောင်စုစာရင်းများ ချန်လှပ်ထားမှုမရှိစေရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက်ဌာနဆိုင်ရာများမှလည်း တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာအသီးသီးမှ (၃၄) ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို ညနေ (၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရန်ကုန်)

 

 

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းရောင်းချသူများအား အသိပညာပေး ဟောပြောခြင်း

    (၁၀.၉.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်  မြို့မဈေးစည်ပင်သာယာခန်းမတွင် အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၆)ဦးအား ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်ခဲ့သည်။

     မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက အသိပညာပေးဟောပြောရာတွင် စားသုံးသူများသည် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ တန်ဖိုးနှင့်အညီ ပေးချေဝယ်ယူကြပြီး "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်အတိုင်း အပြည့်အဝနားလည်စေရန် စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေး အတွက် အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်တစ်ခုဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အွန်လိုင်းမှတ်ပုံတင်မရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းချနေသူများကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဟောပြောကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ