သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 မုံရွာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၂) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စိုပြေ၊ ရေချမ်း၊ နီလာနှင့် ထွန်းဆေးဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ နှင့်သက်ဆိုင်သော အသုံးအဆောင်နှင့် ဆေးဝါးပစ္စည်းများ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဆေးဆိုင်ပိုင်ရှင်များအား ယခု အချိန်အခါ၌ အချို့နိုင်ငံများတွင် ကိုဗစ်-၁၉ BA-4၊ BA-5 ရောဂါများကူးစက်ပြန့်ပွားနေကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ကူးစက်မှုရောက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကာ ဆေးဝါးများ ကြိုတင်ဝယ်ယူစုဆောင်းလာနိုင်ကြောင်း၊ ထိုသို့ဝယ်ယူလာပါက လုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုအားများလာ၍ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးများသိုလှောင်ထားခြင်းမပြုရန် လိုအပ် ကြောင်း၊ လိုအပ်သောဆေးဝါးများကို ပုံမှန်ရောင်းချပေးစေလိုကြောင်း၊ ဆေးဝါးများဝယ်ယူရာတွင်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်းနှင့် မိမိတို့ဌာနမှ သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြ၍ ပူးပေါင်းကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

         ထို့နောက် ဆေးဆိုင်များ၏ လက်ရှိဖြစ်ပေါ်နေသော ဆေးနှင့်ဆေးပစ္စည်းများ၏ မြေပြင် ဈေးနှုန်းဈေးကွက်အခြေအနေ၊ တစ်ပတ်အတွင်းရောင်းချနိုင်မှု၊  လက်ကျန်နှင့်လိုအပ်ချက်အခြေအနေ များကို ‌ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ် တာဝန်ခံနှင့်  ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ ပူးပေါင်း၍ ရွှေဘိုမြို့ ကြည်တော်စုရပ်၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်နှင့် စည်ပင်သာယာဈေးအတွင်း ရုံအမှတ် (၁၂)၊ ဆိုင်အမှတ် (၂၂၊ ၂၃) ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသည် အသစ် ဖွင့်လှစ်ရောင်းချသည့်ဆိုင်များဖြစ်သဖြင့် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုင်စင်အသစ် လျှောက်ထားရာတွင်လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာ အမှတ်၊ ၂၁/၂၀၂၀ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့်အမိန့် ကြော်ငြာစာကို ထုတ်ပြန်ထားပြီး၊ ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အထက်ပါတားမြစ်ထားသည့် ကုန်စည်များကို တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနအား အခွင့်အာဏာအပ်နှင်းထားကြောင်း၊ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဈေးနှုန်းနှင့်လက်ကျန်အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး (၄/၂၀၂၂) ကျင်းပ

        စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး (၄/၂၀၂၂)ကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

      အစည်းအဝေး၌ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ခုနှစ် ဇွန်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျှာထားချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဌာနများက တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဦးစားပေး ကုန်စည်အဖြစ်သတ်မှတ်ခဲ့သည့် ကုန်စည် (၇)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက် မပြတ်ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အသိပညာပေးဟောပြောပွဲများကိုလည်း ကျောင်းများ၊ ဌာနဆိုင်ရာများတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆက်လက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ စားသုံးသူအသိပညာပေးဆောင်ရွက်ရာတွင် အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီ Website ရှိ နယ်စပ်ဖြတ်ကျော်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်နှင့် ပတ်သက်၍လည်း အသိပေးပြောကြားရန်လိုအပ်ပါကြောင်း၊ ပြည်သူများက အရည်အသွေးပြည်မီသည့်စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍လည်း စက်သုံးဆီဆိုင်များက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချကြစေရေး၊ ပြည်သူများဝယ်ယူလိုသည့်ပမာဏအတိုင်းရောင်းချကြစေရေးနှင့် ဆီဆိုင်များ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကြီးကြပ်ကူညီပံ့ပိုးမှုများဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့မှ ပံ့ပိုးကူညီရန် လိုအပ်ပါက အချိန်နှင့်တပြေးညီတင်ပြကြပါရန် ပြောကြားပါသည်။

      ထို့နောက်စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အမှာစာများ ဖတ်ကြားတင်ပြ၍ ကော်မတီ၏အဆုံးအဖြတ်ရယူပြီး ဌာနမှဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရန် လျှာထားသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဗီနိုင်း၊  ဆိုင်းဘုတ်များကို  လူစည်ကားရာနေရာများတွင် ထားရှိနိုင်ရေးကိစ္စများ၊ စားသုံးဆီ၊ စက်သုံးဆီတို့နှင့် ပတ်သက်သောကိစ္စများကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်ကော်မတီဥက္ကဌက လိုအပ်သည်များကို  ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။

         အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁၂:၀၀)နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ပျော်ဘွယ်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စျေးကွက်တွင်း ရောင်းချနေသော ဓါတ်ဆီ၊ ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ ဂါလံများ ပြည့်မီမှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ရမည်းသင်းမြို့နယ်အတွင်းရှိ MGM ၊ Goden Eagle၊ ရှဲဒိုး(၂)၊ နီလာရီုးမနှင့် သိန်းထိုက်သူ(၁၊၂၊၃) ဆီဆိုင်များသို့ သွားရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီ များကိုသာ တင်သွင်း၊ဖြန့်ဖြူးရောင်းချရစေလိုကြောင်း ၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ပစ္စည်းများ ဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူများလက်ဝယ် သို့ ရည်ညွှန်းစျေးများအတိုင်း အမှန်တကယ်ရောင်းချပေးစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

ယင်းဆီဆိုင်များတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ၊ဂါလံများလဲ့ (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူခရိုင်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြန်မာ့မီးရထား ဘူတာ၌ ၂၀၂၂-ခုနှစ် ၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် အသိပညာဗဟုသုတများအား ဟောပြောဆွေးနွေးခဲ့ပြီး ကန့်ဘလူဘူတာမှ မီးရထားဝန်ထမ်း (၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသော မီးရထားဝန်ထမ်းများက သိလိုသည်များကို မေးမြန်းကြရာ  မြို့နယ်တာဝန်ခံမှ ပြန်လည်ဖြေကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 မုံရွာမြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ Mistine အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခြင်း

          ထိုင်းနိုင်ငံရှိ Better Way (Thailand) Co,Ltd မှ ထုတ်လုပ်သည့် Mistine အလှကုန် ပစ္စည်းများကို Thiri Cosmetic Co,Ltd သည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် FDA ထောက်ခံချက်များဖြင့် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်အတွင်းသို့ တရားဝင်ဖြန့်ဖြူးရောင်းချလျှက်ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့်  ယခုအခါ ဈေးကွက်တွင် Mistine အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချနေသည့် ပစ္စည်းများ တွေ့ရှိရကြောင်း၊ ထိုသို့ တရားမဝင်ရောင်းချနေသည့် ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာLabelling ကပ်နှိပ်ထားခြင်းမရှိသည့်အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြလာပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  အဆိုပါကိစ္စနှင့်ပတ်သက်၍ ဈေးကွက်အတွင်းရောင်းချနေသည့် Mistine အလှကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိ၊ FDA ထောက်ခံချက်များဖြင့် ဖြန့်ဖြူး ရောင်းချနေခြင်း ဟုတ်/မဟုတ် စိစစ်၍ ပြန်လည်တင်ပြရန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြား လာမှုကြောင့် မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၂.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည့် မိတ်ဖက်ဌာနဖြစ်သော တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးနှင့်အတူ မုံရွာမြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင် (၆) ဆိုင်သို့ သွားရောက်၍ စစ်ဆေးခဲ့ရာ Mistine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကော့ကရိတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ Talk Show ပြုလုပ်

           ကရင်ပြည်နယ်၊  ကော့ကရိတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးဌာနတို့ ပူးပေါင်း၍ ၂၆-၇-၂၀၂၂ ရက်နေ့  နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

            ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ Talk Show ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ကော့ကရိတ်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးသက်လွင်က ဌာန၏ မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချမှုရှိစေ ရန်” အတွက် ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၃)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များစသည် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

            စားသုံးသူရေးရာဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမူရှိစေရန်နှင့် စားသုံးသူအခွင့်အရေး အပြည်အဝရရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်း ၊ ကုန်အညွှန်းအမှတ်အသား လျှောက်ထားမူများ စစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူနစ်နာမူများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမူလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးဖွင့်လှစ်၍ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြန်ကြားရေးဦးစီးဌန နှင့်ပူးပေါင်း၍   Online Talk Show ပြုလုပ်၍ စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ကရင်)

         

မောင်တောမြို့ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဇူလိုင်လ(၂၆)ရက် နံနက်(၁၁:၀၀)အချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသော ကျောင်းသား/သူ (၅၀)ဦးအား မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရေး အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လာဘ်မီးအိမ် စားသောက်ဆိုင်၌ စက်သုံးဆီဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍  စက်သုံးဆီ လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီနှင့်စပ်လျဉ်း၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု မရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ ကိုလည်း သတိပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း များကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော စံချိန်စံညွှန်းအရည်အသွေးနှင့် အချိန်အ တွယ်ပြည့်မီမှန်ကန်မှုရှိရန်လည်း လိုအပ်ပါကြောင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချ ကြရန်လိုကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများက ထုတ် ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာသွားရန်လိုကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များကို အသီးသီးပြန်လည် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

“မတ္တရာမြို့နယ်စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ”

           မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင် မှုဖြင့်(၂၃-၇-၂၀၂၂)ရက်နေ့၊နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မတ္တရာမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါသည် ။ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စက်သုံးဆီအရောင်းဆိုင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင် ၊ အရည် အသွေးနိမ့်၊ စံချိန်စံညွှန်းမပြည့်မီသောချက်ဆီများ ဝယ်ယူရောင်းချခြင်းမပြုလုပ်ကြရန်၊စက်သုံးဆီစျေးနှုန်းများ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမပြုလုပ်ကြရန် ၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန် ၊ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချကြရန်နှင့်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ၊ မတ္တရာမြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာမှ ပြောကြားရာတွင် စက်သုံးဆီစျေးနှုန်းများ နေ့စဉ်ကောက်ယူနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း ၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ လက်ရှိစားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အမှတ်(၉)ဖြင့်ပြဌာန်းထားပြီးဖြစ်ကြောင်း ၊ ဥပဒေပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန် များအား သေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information and Complaint Center (CICC)များနှင့် Consumer Call Center များဖြစ်သည့် 1535 သို့ခေါ်ဆို၍လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သော www.doca.gov.mmသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ကြောင်းနှင့် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင်(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ