သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား စားသုံးရန်သင့်/မသင့်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အကျော် (အ.ထ.က) စာသင်ကျောင်းတွင် ပညာသင်ယူသူလူငယ်များ ပစ္စုပ္ပန်တွင်သာမက ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
         ဓနုဖြုမြို့အကျော် အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသည့် မုန့်ဆိုင် ၆ဆိုင်ရှိ အစားအသောက်နှင့်မုန့်များတွင် FDA မှတားမြစ်ထားသော မုန့်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်မုန့်များကိုစစ်ဆေးခြင်း၊ မသန့်ရှင်းသော အစားအသောက်များရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ မိုးရာသီဖြစ်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်သည့်အတွက် ယင်နားစာများကိုမရောင်းချကြရန်၊ အုပ်ဆောင်း၊ စကာ၊ အဖုံးများအုပ်၍ရောင်းချကြရန်၊ မြန်မာမုန့်ရောင်းချသူများအနေဖြင့် ခေါင်းစွပ်၊ လက်အိတ်များအသုံးပြု၍ မြန်မာမုန့်များကို ကိုင်တွယ်ရောင်းချကြရန်၊  တစ်ကိုယ်ရည်သန့်ရှင်းကို အထူးဂရုစိုက်ကြရန်၊ မုန့်ဈေးတန်းပတ်ဝန်ကျင်အနီး ရေဝပ်ခြင်းများမရှိရန်နှင့် ခြင်မပေါက်ဖွားစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အချက်များကို အပတ်စဉ်စစ်ဆေးမှုများလုပ်ဆောင်ကြရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ညောင်တုန်းမြို့နယ်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နယ်မြေစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၁၅-၈-၂၀၂၄ ရက်နေ့၊ ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြသည်။

      ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး မိုးတွင်းကာလ မိုးများရွာသွန်းသဖြင့် ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ စက်သုံးဆီများကို  သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊  မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်းရှိ/မရှိ၊ စက်သုံးဆီလက်ကျန်ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချရန်အလို့ငှာ အကြိမ်ကြိမ်လာရောက် တန်းစီဝယ်ယူမှုများမရှိစေရေးနှင့် တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများမရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်များအား သတိပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ပုဒ်မ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်သည်ကို ဆီဆိုင်ရောင်းချသူလုပ်ငန်းရှင်များသိရှိနိုင်ရန်နှင့် အပတ်စဉ် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် Talk Show ကျင်းပပြုလုပ်ခြင်း

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ၂၀ ရက်နေ့၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးသည် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “အွန်လိုင်းမှ စျေးဝယ်ခြင်းနှင့် ပတ်သက်သော အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ Online မှ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများမှာ အများအပြားတွေ့ကြုံလာကြသဖြင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Online မှ စျေးဝယ်ယူရာတွင် သတိပြုသင့်သည့် အချက် ၁၂ ချက်၊  အွန်လိုင်းမှဝယ်ယူရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း၊ အခြားကုန်စည်နှင့်ဝန်ဆောင်မှုများအား သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိလာပါကလည်း တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုများအား စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ Consumer call center 1535၊ www.doca.gov.mm တွင်လည်း တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်း အသိပညာပေးခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပြည်တွင်းဆန်စျေးနှုန်း တည်ငြိမ်စေရေး အစည်းအဝေးသို့ တတ်ရောက်

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့၊  နံနက်(၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပြည်တွင်းဆန်စျေးနှုန်း တည်ငြိမ်စေရေး အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် ထားဝယ်ခရိုင်ဆန်စပါးကုန်သည်အသင်း ဒုဥက္ကဋ္ဌ တို့မှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြား၍ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံတော်၏ စီးပွားရေးလမ်းညွှန်ချက် ၁၀ ချက်မှ အချက် ၂ ချက်ဖြစ်သည့် လုပ်ငန်းရှင်များအား ထိန်းကျောင်းစေရေးနှင့် အသင်းအဖွဲ့များ ခိုင်မာစွာ ဆောင် ရွက်နိုင်ရေးအား ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ အသင်းများအား တစ်လ ၁ ကြိမ် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ အသင်းအဖွဲ့ စည်းမျဥ်း/ စည်းကမ်း များ၊ အရန်ဆန်ကိစ္စ၊ MyRo ကိစ္စများဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ မြန်နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များဥက္ကဋ္ဌ၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ ရန်ကုန်တိုင်းဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌများမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ အထွေထွေဆွေးနွေးမှုအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ဝန်ထမ်းများ၏ လစာစရိတ် Digital Payment ဖြင့်ထုတ်ယူနိုင်ရေး ဆောင်ရွက်

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ်(၁၄း၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့တွင် ဝန်ထမ်းများ၏ လစာစရိတ်(Payroll)များအား Digital Payment စနစ်ဖြင့် ပြောင်းလဲထုတ်ယူနိုင်ရေးအတွက် ထားဝယ်မြို့ရှိ AYA Bank နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။

    ချိတ်ဆက်ဆောင်ရွက်မှုကြောင့် ထားဝယ်မြို့၊ AYA Bank ဝန်ထမ်းများမှ တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လာရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား AYA Pay Wallet များအား လျှောက်ထားပေးခြင်း၊ ATM card နှင့် Savings Passbook များ လျှောက်ထားရန် လိုအပ်သော အချက်အလက် form များ ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

      တနင်္သာရီတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား အား (၁၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး နံနက်(၀၉:၃၀)အချိန်တွင် အခမ်းအနားပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

သရက်မြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်မြို့၊ မြခဲတောင် ဘုရားအနီး၌ ရွှေကမ္ဘာ အမှတ်တံဆိပ်နှင့် ဇော်ဂျီရပ်ကွက်ရှိ လှ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသော ပဲကြော်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။

    စားသုံးသူကာကွယ်ရေးဥပဒေအမှတ် (၂/၂၀၁၉) အခန်း(၁၈)တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာထုတ်လုပ်ရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များကို ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

သရက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေး

    မကွေးတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံးမှဝန်ထမ်းများနှင့်  သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူများအခွင့်အရေးများ သိရှိစေရန်နှင့် ရယူတောင်းဆိုတတ်စေရန်၊ အစားအသောက်များကို ဘေးအန္တရာယ်ကင်းစွာ စားသောက်တတ်စေရန် ရည်ရွယ်၍ (၁၆-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် သရက်ခရိုင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     ဒုတိယခရိုင်မှူးမှ ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအကြောင်းကိုလည်းကောင်း၊ မကွေးတိုင်းဦးစီးမှူးရုံး စားသုံးတာဝန်ခံမှ စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊စားသုံးသူမှနစ်နာဆုံးရှုံးမှုကိုတိုင်ကြားလိုပါက တိုင်ကြားနိုင်ခြင်း၊ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုအကြောင်းအရာများကိုလည်းကောင်း၊ ထုတ်လုံတာဝန်ခံမှအခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်စေရေး ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်(၈)ချက်ကိုလည်း ကောင်း၊ ခရိုင်FDA တာဝန်ခံမှ အစားအသောက်များတွင် ခွင့်မပြုသည့်ဓာတုပစ္စည်းများ၊ ကျန်းမာရေးအန္တရာယ်ဆိုးဝါးစွာထိခိုက်နိုင်သည့် အစားအသောက်များကို အန္တရာယ်ကင်းစွာကျင့်ကြံ စားသောက်ရ မည့်အကြောင်းများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ အခွန်လွတ်ဈေး၌ အခြေခံစားကုန်ရောင်းချခြင်းအား ကြီးကြပ်ဆောင်ရွက်

    ၁၇.၈.၂၀၂၄ ရက်နေ့နှင့် ၁၈.၈.၂၀၂၄ ရက်နေ့တို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အခွန်လွတ်ဈေးတွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချခြင်းအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကြီးကြပ်ဆောင်ရွက်ရာတွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီများ၊ ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ ရောင်းချရာတွင် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်စေရေး၊ အလေးချိန်မှန်ကန်စေရေး၊ ဝယ်ယူသူများမှလည်း စနစ်တကျတန်းစီဝယ်ယူနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်၌ သက်သာဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

     ၁၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ မြို့မဈေးတွင် ဆန်/စပါးလုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ် အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

     အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀) မှတ် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၇၀၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

     ထိုကဲ့သို့ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင်လည်း အလှည့်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်‌ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ