သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့ရှိ အ.ထ.က (ဘားကပ်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)တို့သည် (၁၀-၇-၂၀၂၄) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.ထ.က (ဘားကပ်) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၆)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန် များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှုရှိ / မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်း သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

 

တောင်တွင်းကြီးမြို့‌‌ပေါ်ရှိ ဆန်ဆိုင်များအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇင်ညွှန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ဇာခြည်ဝင်း(ဒုတိယဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူး ဦးစိုးမင်းဦး၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေး တို့ပူးပေါင်း၍ (၃.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ အောင်ပင်လယ်(ဆန်ဆိုင်)အပါအဝင် ဆန်ဆိုင်(၈)ဆိုင်အား  သက်သာ‌သောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ဆန်စပါးကုမ္ပဏီများမှ ချမှတ်ထားသည့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးနှုန်းဖြစ်သည့် ဧည့်မထ(၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့်ရောင်းချပေးရန် ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၉.၇.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများ ကုန်အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်း ရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  ဆီအသင်းမှရရှိသော စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူပြည်သူများ မြင်သာထင်သာရှိစေရန် ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲ ထားရှိရန်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှအသက်မွေးဝမ်ကျောင်း သင်တန်းကျောင်းဖွင့်လှစ်ပေးလျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းအတွင်း မြို့နယ်/ကျေးရွာများရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် လက်သမားပန်းရံသင်တန်း၊ အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ၊ အခြေခံစက်ချုပ်သင်တန်း ၊ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်း ၊ လျှပ်စစ်သံဂဟေဆက် သင်တန်း ၊ အဆင့်မြင့်အပ်ချုပ်စက် သင်တန်း ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း တို့ကို ခရိုင် (၈) ခု ၊ မြို့နယ် ၊ ကျေးရွာအတွင်းရှိ အမျိုးသား (၅၅၈) ဦး ၊ အမျိုးသမီး (၃၀၀) ဦး စုစုပေါင်း (၈၅၈) ဦးအား သင်တန်းအကြိမ်ရေ (၃၀)  ဖွင့်လှစ် သင်ကြားပေးရန် လျာထားပြီး လက်ရှိတွင် သင်တန်းအကြိမ်ရေ (၁၂)ခု ဖွင့်လှစ်ပြီးစီး၍ ကျန်ရှိသည့် သင်တန်းများကို ဆက်လက် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်၊၊

      ကျေးလက်နေဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်၍ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအနေဖြင့် ရပ်တည်နိုင်ရန်ရည်ရွယ်၍ အဆိုပါသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ကြောင်း တိုင်းကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ ပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

 

သံဖြူဇရပ်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၁၀.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ “ရှိန်း” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

     ထိုသို့ တွေ့ဆုံရာတွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံက စက်လည်ပတ်မှုအခြေအနေ၊ တစ်နေ့ကြိတ်ခွဲမှု၊ ကုန်ကြမ်းစုဆောင်းမှု၊ ကုန်ချောဖြန့်ဖြူးမှု အခြေအနေများကို ဆွေးနွေးမေး မြန်းရာ “ရှိန်း” ဆန်စက်ပိုင်ရှင်က ဆန်စက်ကြိတ်ခွဲနိုင်မှုမှာ ၂၄ နာရီ ၁၀ တန်ကျပြီး အမှန်တကယ်လည်ပတ်မှုမှာ လျှပ်စစ်မီးအခြေအနေကြောင့် တစ်နေ့လျှင် (၅) နာရီခန့် သာလည်ပတ်ကြောင်း၊ ကုန်ကြမ်းများကို မွန်ပြည်နယ်အတွင်းမှ ဝယ်ယူရရှိကြောင်း၊ ဧည့်မထဆန်ကို အဓိကကြိတ်ခွဲကြောင်း၊ ကုန်ချောများကို သံဖြူဇရပ်မြို့ပေါ်တွင် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

   ဆက်လက်၍ သံဖြူဇရပ်မြို့နယ်တာဝန်ခံက ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဆန်/စပါးသိုလှောင်ရုံများအနေဖြင့် စပါးတင်း ၅၀၀၀/ ဆန်တန်ချိန် ၅၀ နှင့်အထက်ဖြစ်ပါက Myanmar Rice Online (MyRo) တွင်မဖြစ်မနေ မှတ်ပုံတင်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဟင်္သာတမြို့နယ်အတွင်းရှိ ဆန်ဆိုင်လုပ်ငန်းရှင်များအား စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်း

       (၄.၇.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၄:၀၀) အချိန်တွင်  ဟင်္သာတမြို့ ၊  တာငါးဆယ်(မ) ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့နယ် အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ဆန်ရောင်းချမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။  

     ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို  ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ ဧည့်မထ(၁၅%) ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊‌ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ် ဖြင့်ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေး တို့ကိုလည်းအသိပေးဆွေးနွေးပါသည်။ ဆန်ဆိုင်လုပ်ငန်းရှင် (၂၅)ဦးတက်ရောက်ပြီး နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၀.၇.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၌ ရောင်းချနေသောမုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၅.၇.၂၀၂၄)နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင်   ဟင်္သာတမြို့နယ်၊ လိပ်ချောင်း ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်း(ရွာဦး)ကျောင်းတွင် ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၄.၇.၂၀၂၄) ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ကုန်စည်နှင့်စပ်လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ သောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေး

     ၁၀.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ စက်မှုဇုန်ရှိ ဆန်သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စပါး (၅၀၀၀) နှင့်အထက်၊ ဆန်တန်ချိန် (၅၀) နှင့် အထက် သိုလှောင်ရုံများအား သိုလှောင်ရုံ၏ အလျား၊ အနံ၊ အမြင့်၊ အမိုး၊ အကာ၊ အခင်း အခြေအနေများ၊ သိုလှောင်ရုံဝင်ဆန့်နိုင်မှု ပမာဏ၊ လက်ရှိသိုလှောင်ထားမှု အခြေအနေများအားစစ်ဆေးခဲ့ပြီး ဆန်/စပါး သိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ