သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အာဆီယံနိုင်ငံများတွင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသည် တိုးတက်ကျယ်ပြန့်လာသော်လည်း စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်များနှင့် ရင် ဆိုင်ကြုံတွေ့နေရခြင်း

        အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသည် အာဆီယံစီးပွားရေးလုပ်ငန်းများ အတွက် အဓိကမောင်းနှင်အားတစ်ခုအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်မှ စားသုံးသူသို့ အရောင်းအဝယ်ပြုလုပ်သည့်လုပ်ငန်းအသွင်သို့ သိသိသာသာပြောင်းလဲစေခဲ့ပါသည်။

အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသည် ကွန်ပျူတာ click အနည်းငယ်မျှ နှိပ်ရုံဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို သက်တောင့်သက်သာဖြင့် လွယ်ကူစွာဝယ်ယူ နိုင်ပြီး အိမ်အရောက်ပို့ဆောင်ပေးနိုင်ပါသည်။

        အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသည် စားသုံးသူများအား ပိုမိုအဆင် ပြေချောမွေ့စေနိုင်သော်လည်း  ဘေးအန္တရာယ်သစ်များဖြစ်ပေါ်စေနိုင်ပါသည်။

       အွန်လိုင်းစီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းစင်္ကြန်များတွင် အသုံးပြုသည့် “Dark Patterns” ဟုခေါ်သော လိမ်လည်လှည့်ဖြားသည့် ကွန်ပျူတာဒီဇိုင်းပုံစံများသည် စားသုံးသူများ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ထင်ယောင်ထင်မှားဖြစ်စေပြီး လွှမ်းမိုးခြယ်လှယ်မှုများကို ဖြစ်စေနိုင်ပါသည်။ အောက်ပါ .pdf ဖိုင်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

Consumer Affairs

ဘိုကလေးမြို့သာပေါင်းကျေးရွာရှိ “သုခဗလ”ဆန်စက်သို့ ကွင်းဆင်းခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့   သာပေါင်းကျေးရွာရှိ “သုခဗလ”ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs ဖွံ့ဖြိုးရေးအတွက်  ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ဆန် စပါးဈေးနှုန်း/ ဈေးကွက်အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ ၊ အချိန်အတွယ်မှန်ကန်စေရေး၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်  ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး ထုတ်လုပ်မှုပြည့်မီစေရေး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSMEs လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့်  လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ်နိုင်ခြင်းကြောင့်  ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်တော့ဘဲ စားဝတ်နေရေးပြေလည်ကြောင်းနှင့်   ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍လည်း စနစ်တကျစွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့၊နေ့လယ်(၁၄:၀၀) နာရီအချိန်တွင်  စားသုံးဆီဖြန့်ဖြူးရောင်းချသူ  လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းမှ တရားဝင်ထုတ်လုပ်ထားသောပုံးဆီများအား ရောင်းမည်ဆိုပါက မည်သည့်ဆီအမျိုးအစား ရောင်းချမည်ဖြစ်သည်ကို စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းတင်ပြထားရန်လိုကြောင်း၊ (ဥပမာ-ငါးနှစ်ကောင်နှင့်ယုဇနဆီ)  စားသုံးသူပြည်သူများလက်ဝယ်ရရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာများကိုလည်း  သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ(၄၂)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် စပ်လျဉ်းပြီး အမျိုးအစား၊ အမျိုးအမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်ရက်စွဲနှင့်   FDA ထောက်ခံချက်များပါဝင်သည့် ဆီများကိုသာရောင်းချရန်၊ ပုဒ်မ(၄၃)အရမြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းအသိပညာပေး  ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၄.၇.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)နာရီက  လပွတ္တာမြို့နယ် အမှတ် (၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင် (၃)ဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် Lotus အမှတ်တံဆိပ်ဦ သူဌေးမင်း အမှတ်တံဆိပ် ရန်ကုန်ပဲဆီသန့် ဆီဘူးများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားနှင့်  FDA  ထောက်ခံချက်များ ပါ/မပါ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    စားသုံးသူပြည်သူများသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေး နိုင်ပါရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက် ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အုတ်တွင်းမြို့နယ် တဲကြီးကုန်းမူ/လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ တဲကြီးကုန်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် ကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ စုစု‌ပေါင်း ၁၈၇ ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးခိုင်က ကျောင်း မုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော မုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ တောရ အလကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၄.၇.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက မော်ကျွန်းမြို့နယ် တောရအလကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့ စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများလွန်ကဲစွာ ပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ စားသုံးသူအသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တောင်ငူခရိုင် ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ စားသုံးဆီ ရောင်းချသည့် ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တောင်ငူခရိုင်အတွက် ရရှိသည့် စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသည့်နေရာတွင် မြင်သာသော စာလုံးအရွယ်အစားဖြင့် ဗွီနိုင်းချိတ်ဆွဲထားရှိရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန် ထားသည့်အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ရောင်းချ ဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားပါသည်။

         ဆက်လက်၍ တက်ရောက်လာသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၏ ဆွေးနွေး မေးမြန်းချက်များကို ခရိုင်ဦးစီးမှူးမှ ပြည်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ သို့ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း ဥက္ကဌနှင့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် ၂၄ ဦး တက်ရောက်ကာ ဆွေးနွေးပွဲကို နေ့လယ်(၁၄:၄၅) တွင် ရုတ်သိမ်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဘိုကလေးမြို့(၃)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၃ )ရပ်ကွက်နေပြည်သူများအား   မြို့နယ်တာဝန်ခံရုံးတွင်   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောခြင်းတွင် မြိုနယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ကုန်စည်နှင့်  ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊      Call  Center 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေတာရှည်မြို့တွင် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၈ ရက်နေ့တွင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးပြောကြားပါသည်။

              မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စားသုံးသူတိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ပေးနေမှုများကို အသိပညာပေးပြောကြားပြီး တက်ရောက်လာသည့်  စာပေဝါသနာရှင် များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

              စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၈)ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အခြေခံလူတန်းစားများသို့ ဆန်နှင့်စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင် ဆန်ကုန် သည်နှင့်ဆန်စက်ပိုင်ရှင်များက ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း သက်သာသောနှုန်းထားဖြင့် နေ့စဉ် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ အရောင်းဈေးနှင့် ရပ်ကွက်များသို့ mobile မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ရောင်းချပေးလျက်ရှိပါသည်။

                   ၂၀၂၄ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တောင်ငူမြို့ တောင်ငူမြို့ အမှတ်(၈)ရပ်ကွက်၊ အုတ်ကျွတ်တန်း (တောင်)တွင် ဆန် ၁၀ အိတ်နှင့် ဆီပိဿာ ၂၇၀ ကို လူတစ်ဦးလျှင် ဆန် (၂)ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးပါသည်။

              ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆီတစ်ပိဿာလျှင် ၅၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြောင်းနှင့် သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ