ပြည်ငရုတ်သီးခြောက်ဈေးကွက်
ပြည်မြို့၏ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးခြောက်ကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်များကို မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းဘက်မှ နေစဉ်အဝင်မရှိသော်လည်း ရက်ခြားအဝင်ရှိပါသည်။ ဝင်ရောက်မှုရှိလျှင် အိတ် ၃၀ခန့်လောက် အဝင်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသည့် ငရုတ်သီးခြောက်များကို ဒေသတွင်းလက်လီ/ လက်ကားသမားများက အဝယ်ရှိသလို ရခိုင်ဘက်မှလည်းဝယ်ယူမှုရှိသဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ငရုတ်သီးခြောက် ပွဲရုံ လက်ကား ဈေးနှုန်းအနေဖြင့် မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၅၀၀၀ - ၁၆၀၀၀ ကျပ်၊ ငရုတ်သီးခြောက်ရှည် တစ်ပိဿာလျှင် ၁၈၀၀၀-၁၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ လက်လီဈေးမှာ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၂၂၀၀၀-၂၅၀၀၀ကျပ်ဖြင့် ဈေးကွက်များနှင့် ကုန်စုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းနည်းခြင်း၊ တချို့တောင်သူများမှာ အရင်းအနှီးများသောကြောင့် မစိုက်တော့ခြင်း၊ သွင်းအားစုနှင့် သယ်ယူစရိတ်များမြင့်မားလာသောကြောင့် ဈေးနှုန်းများ မြင့်တက်လာသည်ဟု သိရှိရပါသည်။
DOCA(ပဲခူး)