ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ငရုတ်သီးခြောက်နှင့် ငရုတ်သီးစိမ်း

    ငရုတ်သီးခြောက်သည် စားဖိုချောင်သုံးသီးနှံထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ငရုတ်သီးခြောက်ကို အမှုန့်ပြုလုပ်၍ အရောင်တင်မှုန့်၊  အလှော်မှုန့်၊ အကြမ်းမှုန့်ဟူ၍ လူအများ နေ့စဉ် စားသုံးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်သီးခြောက်စိုက်ဧကအနည်းငယ်ရှိသော်လည်း ဈေးကွက်တင်ရောင်းချနိုင်မှုနည်းကြောင်း သိရပါသည်။ ငရုတ်သီးအစိမ်းသာ စိုက်ဧကရှိပြီး အထွက်ရှိသဖြင့် ဈေးကွက်တွင် ရောင်းချကြပါသည်။ ပြည်ဒေသအတွင်း ငရုတ်ခြောက်စားသုံးမှုအနေဖြင့် ငရုတ်ခြောက်အပွနှင့် ဗီယက်နန်ခြောက်အပွကို ဆင်ဖြူကျွန်းနှင့် ရန်ကုန်ဘက်မှ မှာယူ၍စားသုံးရပါသည်။ ဟင်းချက်ရာတွင် အရောင်တင်မှုန့်ပြုလုပ်ကာ အသုံးပြုရသောငရုတ်သီးမှာ ငရုတ်စိမ်းပွဖြစ်ပြီး ဆင်ဖြူကျွန်းဘက်မှ မှာယူတင်သွင်းရသော ငရုတ်သီးဈေးမှာ (ရှယ်) တစ်ပိဿာလျှင် (၃၃၀၀၀) ကျပ်၊ အလတ်စနှင့် အနည်းငယ်ညံ့သောငရုတ်သီးဈေးမှာ တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်ဖြင့်ဝယ်ယူကြိတ်ခွဲကြောင်း သိရပါသည်။ ရန်ကုန်ဘက်မှ မှာယူတင်သွင်းသော ဗီယက်နန်ခြောက်မှာ တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ခန့်ရှိပြီး အနည်းငယ်အစပ်ရှိသောကြောင့် ငရုတ်စိမ်းပွနှင့်ရော၍ကြိတ်ခွဲပြီး အရောင်တင်မှုန့်ပြုလုပ်ကာ ရောင်းချကြောင်း သိရပါသည်။ ယခုကဲ့သို့မိုးရာသီအချိန်တွင် အရောင်တင်မှုန့်ပြုလုပ်ရာ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မှိုပါဝင်မှုနည်းစေရန် အထူးဂရုစိုက်၍ပြုလုပ်ရကြောင်း  လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။ ပြည်ဒေသထွက် ငရုတ်သီးစိမ်းမှာ ဒေသတွင်းစားသုံးမှုရှိသည့်အပြင် ရန်ကုန်နှင့် ရခိုင်ဘက်သို့လည်း တင်သွင်းရောင်းချကြောင်းနှင့် ဈေးနှုန်းမှာ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ပီနန်ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်နှမ်းဈေးနှုန်းတည်ငြိမ်လျက်ရှိ

   ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ဧကမှာ (၉၀၀၀) ကျော်ခန့်ရှိသည်ဟုသိရပါသည်။ ပြည်ဈေးကွက်သို့ ယခုအချိန်တွင် နှမ်းဝင်ရောက်မှုမရှိဘဲ ယခင်လက်ကျန်အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ရံဖန်ရံခါဖြစ်ကြောင်း သိရပါသည်။ ပြည်ဒေသအတွင်း ဆီစက်သမားများက ယခင်လှောင်ထားသည့် နှမ်းလက်ကျန်ကိုထုတ်၍ ဆီများကြိတ်ခွဲနေကြောင်းသိရပါသည်။  နှမ်းနက်နှင့် စမုံနက်နှမ်းကို ဝယ်လက်အဝယ်သိပ်မရှိသဖြင့် အရောင်းအဝယ်မဖြစ်၍ ဈေးငြိမ်နေခြင်းဖြစ်ပါသည်။ မိုးနှမ်းများသည် လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်သဖြင့် မိုးနှမ်းများထွက်ပေါ်ချိန်တွင်  ရာသီဥတုဖျက်ဆီးမှုမရှိလျှင် တောင်သူများအတွက် အမြတ်အစွန်းများရရှိလာနိုင်မည်ဖြစ်ပါသည်။ ယခုဇွန်လ၊ တတိယအပတ်တွင် နှမ်းနီ (၃) တင်းဝင် တစ်အိတ်လျှင် (၂၇၀၀၀၀) ကျပ်၊ နှမ်းနက် (၃) တင်းဝင် တစ်အိတ်လျှင် (၃၀၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်း (၃) တင်းဝင် တစ်အိတ်လျှင် (၃၃၀၀၀၀) ကျပ်ဈေးအမြင့်ဖြင့် ဆက်လက်ငြိမ်နေသည်ကိုတွေ့ရပါသည်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြစ်၍ ဈေးငြိမ်နေကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးအတွင်း ဘဲမွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

     ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ ကောင်းလျက်ရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမို များပြားလာကြောင်း သိရှိရပါသည်။

      ဘဲသည် ကြက်ကဲ့သို့ မဟုတ်ဘဲ မွေးမြူရလွယ်ကူသည့်အပြင် မိုးရာသီဖြစ်သည့်အလျောက် ၎င်းတို့၏ သဘာဝအစားအစာဖြစ်သော ရေမှော်၊ ပိုးမွှားကောင်သေး၊  တီကောင် စသည်တို့ ပိုမိုပေါများသည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း သိရှိရသည်။

       သနပ္ပင်မြို့နယ်အတွင်း လွှတ်ကျောင်းများ ပေါသောကြောင့် တစ်နိုင်တစ်ပိုင် အကောင်ရေ ၃၀မှ ၅၀ မွေးမြူသူများ ရှိသကဲ့သို့ အကောင်ရေ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀ စသည်ဖြင့် စီးပွားဖြစ် မွေးမြူသူ များလည်းရှိကြောင်း သိရှိရသည်။ ဥစားဘဲအနေဖြင့် အကောင်ပေါက် စတင်မွေးမြူသည်မှ ခြောက်လ ကျော်လျှင် ဥစတင်ဥကာ ဥသက်တမ်းမှ တစ်နှစ်၊ တစ်နှစ်ခွဲခန့်ရှိကြောင်း သိရှိရသည်။ ဘဲကောင်ရေ ၁၀၀၀ မွေးမြူလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် တစ်ရက်လျှင် ကျပ် ၇၅၀၀၀ခန့် ကုန်ကျကြောင်း သိရှိရသည်။

    ဘဲဥ ဥသည့် အချိန်ရောက်လျှင် အကောင် ၁၀၀၀လျှင် တစ်ရက်ပျှမ်းမျှ ၇၀၀ နှုန်းခန့် ဥကြောင်း သိရပြီး သက်တမ်းကုန် ဘဲများကိုလည်း အသားအဖြစ် ရောင်းချနိုင်သည့်အတွက် အသားတင် အကျိုး အမြတ်ရရှိကြောင်း သိရှိရသည်။ ဘဲဥတစ်လုံးလျှင် ယနေ့ခြံထွက်ဈေးမှာ ၂၈၀ ကျပ်ခန့်  ရှိသောကြောင့် တစ်ရက်လျှင် ၁၉၆၀၀၀ ကျပ် ခန့်ဝင်ငွေရရှိသဖြင့် ဘဲကောင်ရေ ၁၀၀၀ မွေးမြူလျှင် တစ်ရက် ၁၂၁၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိရာ ဘဲမွေးမြူသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။  

DOCA(ပဲခူး)

    

ရွှေတောင်မြို့တွင် နွေနှမ်းများစိုက်ပျိုးထွက်ရှိ

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၌ နွေနှမ်းများရိတ်သိမ်းပြီးဖြစ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် နွေနှမ်းများရိတ်သိမ်းပြီးစီးသွားသော ဝါးတောအုပ်စု၊ ဝါးတောကျေးရွာသို့သွားရောက်၍ နွေနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်အားသိရှိနိုင်ပါရန် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

  နွေနှမ်းများစိုက်ပျိုးသော တောင်သူ ဦးဌေးဝင်းက နွေနှမ်းစိုက်ဧက (၆) ဧကစိုက်ပျိုးထားရှိပြီးဖြစ်၍ ယခင်နှစ်တွင် နွေနှမ်းများစိုက်ပျိုးထားခြင်းမရှိဘဲ ယခုနှစ်တွင် နှမ်းများဈေးကောင်းလာသဖြင့် နွေစပါးရေပေးရာမှ စိုက်ပျိုး၍မရသောနေရာများတွင် မြေအစိုဓာတ်ကိုယူ၍ နွေနှမ်းများစိုက်ပျိုးကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်၌ နွေနှမ်းကို ကျေးရွာအုပ်စု (၆) အုပ်စုတွင် (၁၃၄) ဧကစိုက်ပျိုးထားရှိပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်းသိရပါသည်။ နွေနှမ်းစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် အနည်းဆုံး (၃) သိန်းကျပ်မှ အများဆုံး (၅) သိန်းကျပ်အထိကုန်ကျကြောင်းသိရပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် အနည်းဆုံး (၁၀) တင်းမှ အများဆုံး (၁၅) တင်းအထိထွက်ရှိကြောင်းသိရပါသည်။ ထိုသို့ကုန်ကျစရိတ်နှင့် အထွက်နှုန်းကွဲပြားရခြင်းမှာ စိုက်သောရေမြေပေါ်မူတည်၍ ကွဲပြားရခြင်းဖြစ်ကြောင်းသိရပါသည်။ ရွှေတောင်မြို့မှထွက်ရှိလာသောနွေနှမ်းများကို ဒေသတွင်းဆီစက်များသို့ရောင်းချသည့်အပြင် ပြည်ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြောင်း သိရပါသည်။ နွေနှမ်းဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် အနည်းဆုံး (၉၀၀၀၀) ကျပ်မှ အများဆုံး (၁၀၀၀၀၀) ကျပ်အထိဈေးရရှိကြောင်းသိရပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် ပျမ်းမျှအားဖြင့် (၆) သိန်းကျပ်မှ (၁၀) သိန်းကျပ်အထိရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၄၈၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ ချင်း တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၉၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

  ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ ပန်းသီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀) ကျပ် ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ သစ်တော်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀) ကျပ်၊ ကြက်မောက်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊နာနတ်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊  ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ၊ ခင်ဦးမြို့နယ်မှ ထွက်ရှိသော  ပိန္နဲသီး တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ ကျပ်ထိ၊ ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်၊ ပုပ္ပါးမြို့မှ ထွက်ရှိသည့် နဂါးမောက်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ် ထိ၊မက်မွန်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဒူးရင်းသီး တစ်လုံးလျင် (၄၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့်   အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

          ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန် များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၇၈၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာ လျှင် ၅၀၀၀ကျပ် ၊ ငရုတ်သီး ခြောက်အမျိုးအစားအလိုက် ၁၆၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ၊ အာလူး တစ်ပိဿာလျှင် ၂၈၀၀ ကျပ် ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၅၀၀ ကျပ် နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၂၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၈၀ ကျပ်၊ အသေးတစ်လုံး ၂၃၀၊ ဘဲဥကြီး တစ်လုံး ၃၅၀ ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်  ၊ အမဲသား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ထိ ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀၀၀ ကျပ် ငါးရံ့ခြောက်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၃၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ခရမ်းချဉ်သီးစျေးအနည်းငယ်ကျဆင်း

          မိတ္ထီလာစျေးကွက်အတွင်း ဇူလိုင်လနှောင်းပိုင်း၌ ခရမ်းချဉ်သီးစျေးအနည်းငယ်ကျဆင်းလာပါ သည်။ ခရမ်းချဉ်သီးကို ဟင်းအနှစ်အပြင် နံနက်စာအတွက် မီးဖုတ်၍ ငရုတ်သီး၊ ကြက်သွန်ဖြူတို့နှင့် ရောနှောထောင်းကာ စားသုံးကြပါသည်။ ထိုသို့ ချက်ပြုတ်စားသုံးရာတွင် ဗမာခရမ်းချဉ်မျိုးမှာ အချဉ်ဓါတ်များခြင်းကြောင့် ပိုမိုကောင်းမွန်သည့်အပြင် ဒေသတွင်း၌ ၎င်းမျိုးကို ရှေးယခင်မှစ၍ ယခုတိုင် အဓိကထား စိုက်ပျိုးကြပါသည်။ သို့သော်လည်း ဒေသမျိုးမှာ တာရှည်အထားမခံခြင်းကြောင့် ဒေသမျိုးအပြင် ရှမ်း၊ အင်းသီးမျိုးများကိုလည်း စိုက်ပျိုးရာ ယခုအခါ ပျိုးထောင်ပြီး အပင်များ စတင်စိုက်ပျိုးဆဲကာလဖြစ်ပါသည်။ ဒေသတွင်း ခရမ်းချဉ်များ ထွက်ရှိခြင်းမရှိသေးသော်လည်း စျေးကွက်သို့ အခြားဒေသများမှ ဝင်ရောက်နေရာ ယခင်တစ်ပတ်က ဗမာခရမ်းချဉ် တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ ယခုတစ်ပတ် (၄၀၀၀) ကျပ်သို့လည်းကောင်း၊ အင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်တစ်ပတ်က တစ်ပိဿာ (၂၀၀၀) ကျပ် ရှိခဲ့ရာမှ (၁၆၀၀) ကျပ်သို့ လည်းကောင်း စျေးအနည်းငယ်ကျဆင်းကြောင်း သိရသည်။

DOCA(မန္တလေး)

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၄၀၀၀) ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၄၂၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီ မြစ်သားအမျိုးအစား လက်လီဈေးမှာအကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၀၀၀/၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးသေးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါကြောင်း၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀/၇၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်များထက် အနည်းငယ်လျော့ကျလျက်ရှိပါကြောင်း၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကြောင်း၊ အာလူးအသေး/အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၈၀၀/၃၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်လျော့ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

  ထို့ပြင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက်အနည်းငယ်လျော့နည်းလျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀/၂၂၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်းတည်ငြိမ်နေပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် (၁၈၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက်အနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၈၀၀/၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀/၁၈၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ (တရုတ်) တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်းတည်ငြိမ်နေကြောင်း၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၀၀) ကျပ်နှုန်းဖြင့်အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများအနည်းငယ်လျော့ကျလာကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

   ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး) တစ်လုံးလျှင် (၂၈၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၂၇၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀/၃၀၀) ကျပ်ရှိကြောင်း၊  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ဖြစ်၍ ယခင်ဇွန်လ၊ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသားဈေးများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ အလတ်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အကြီးတစ်ပိဿာလျှင် (၆၅၀၀)  ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

  စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြစ်၍ မြေပဲဆီဈေးနှုန်းမှာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိကြောင်း၊ စားအုံးဆီတစ်ပိဿာလျှင် (၈၄၀၀) ကျပ်၊ ဆယ်ပိဿာတစ်ပုံးလျှင် (၈၃၀၀၀) ကျပ်ဖြစ်၍  ယခင်အပတ်ထက် တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

နွေစပါးနှင့် ဆန်ဈေးနှုန်းများ မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ နောက်ဆုံးပတ်တွင်  နွေစပါးနှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လာပါသည်။ ဇူလိုင်လ၊ နောက်ဆုံးပတ်တွင် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၇၀၀၀ဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စက်ပိုင်များထံမှ သိရှိရပါသည်။ ဇူလိုင်လ၊ တတိယပတ်၌ ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၅၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင်(၆၄၀၀ဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် တတိယပတ်နှင့် နောက်ဆုံးပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက နောက်ဆုံးပတ်၌ တတိယပတ်ထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၆၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ၌ ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၆၈၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၂၈၅၀ဝိ/-)ကျပ် သာပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၉၂၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၄၁၅၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်နွေစပါးပေါ်ချိန်၏ နွေဆန်ဈေးနှုန်းမှာ ပြည်ပပေါက်ဈေးထက် ပြည်တွင်းဈေးနှုန်းပိုများနေသဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေးသော်လည်း ပြည်တွင်းဈေးကွက်တွင် ယခင်နှစ်နှင့် ယခင်အပတ်များထက် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဆန်စက်ပိုင်နှင့် ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း