ဆင်မြီးဆွဲဒေသထွက် မိုးရာသီစာမုန့်ကြာခွက်
ယခုအချိန်သည် မိုးစပါးများစိုက်ပျိုးပြီးချိန်ဖြစ်သဖြင့် ဆင်မြီးဆွဲဒေသဘက်မှ မိုးရာသီတွင်ထုတ်လုပ်သော မုန့်ကြာခွက်များကို ခေါင်းရွက်သည်၊ အထမ်းသည်များက ပြည်မြို့ရှိ ရပ်ကွက်များသို့လှည့်လည်ကာ ရောင်းချနေကြကြောင်းသိရှိရပါသည်။ ဆင်မြီးဆွဲဒေသထွက် မုန့်ကြာခွက်ကို ဆန်မှုန့်၊ ထန်းညှက်၊ နှမ်းစေ့တို့ဖြင့်ပြုလုပ်ပြီး ပုံသွင်း၍ ဆီဖြင့်ကြော်ရကြောင်းသိရပါသည်။ ဆင်မြီးဆွဲမြို့တွင် မုန့်ကြာခွက်ပြုလုပ်သူ (၅) ဦးခန့်ရှိပြီး အလုပ်ခွင်တစ်ခွင်လျှင် လူဦးရေ (၄) ဦးဖြင့်ပြုလုပ်ရကြောင်းသိရှိရပါသည်။ မုန့်ဖိုတစ်ဖိုလျှင် မုန့်ကြာခွက်အခုရေ (၁၀၀၀၀) ကျော်ထွက်ရှိပြီး ထွက်ရှိလာသောမုန့်ကြာခွက်များကို ဆင်မြီးဆွဲဒေသတွင်း၌ ဝယ်ယူစားသုံးကြပြီး အရွက်သည်များက ပြည်မြို့သို့သွားရောက်၍လည်း လှည့်လည်ရောင်းချကြကြောင်းသိရပါသည်။ ပြည်မြို့အပြင် ရွှေတောင်မြို့နှင့် လက်ပံတန်းမြို့များသို့လည်း တင်ပို့ရောင်းချကြပါသည်။ မုန့်ကြာခွက်ကို မိုးရာသီတွင်ပြုလုပ်ရခြင်းမှာ တောင်သူများ မိုးစပါးစိုက်ပျိုးပြီး အလုပ်အားနေချိန်တွင် မိသားစုတစ်နိုင်တစ်ပိုင် နေ့စဉ် ဝင်ငွေများရရှိအောင်လုပ်ကိုင်ကြခြင်းဖြစ်ပြီး မိုးစပါးရိတ်သိမ်းခါနီးတွင် ထိုလုပ်ငန်းကို လတ်စသက်ကာ မိုးစပါးများကို ရိတ်သိမ်းကြကြောင်းသိရပါသည်။ မြို့များ၊ ရပ်ကွက်များသို့လှည့်လည်ရောင်းချသော မုန့်ကြာခွက်ဈေးနှုန်းများမှာ မုန့် (၃) ခုပါ တစ်ထုပ်လျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ လှည့်လည်ရောင်းချသူများအနေဖြင့်လည်း ဝင်ငွေများရရှိသကဲ့သို့ ထိုလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့်လည်း ယခုမိုးစပါးများစိုက်ပျိုးပြီးချိန်တွင် အပိုဝင်ငွေများရရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)