ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ဘိန်းမုန့်

   မြန်မာ့ရိုးရာအစားအစာများထဲတွင် ဘိန်းမုန့်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘိန်းမုန့်ကို နံနက်ခင်းဈေးများတွင် အများဆုံးတွေ့ရပါသည်။

    ဘိန်းမုန့်ပြုလုပ်ရန်အတွက် ဆန်ကိုရေစိမ်ပြီး မုန့်ကြိတ်ဆုံဖြင့်ကြိတ်ရပါသည်။ ၎င်းကြိတ်ထားသောမုန့်နှစ်ရည်ကို သကြား၊ ဆိုဒါတို့နှင့်ရောကာ သမအောင်မွှေရပါသည်။ ထို့နောက် ဒယ်အိုးထဲတွင်ထည့်ကာ မီးဖိုပေါ်တင်၍ နှမ်းနှင့်အုန်းသီးခြစ်များဖြူးပြီးနောက် အဖုံးအုပ်ထားရပါသည်။ ဒယ်အိုးဖုံးပေါ်မှလည်း မီးဖြင့်အပူပေးရပါသည်။ အထက်မီး၊ အောက်မီးတို့နှင့်ချက်ရပါသည်။

  တောင်ငူမြို့၌ ဘိန်းမုန့်ကို ဈေးများတွင် ဆိုင်ဖွင့်၍ရောင်းချခြင်းများရှိသကဲ့သို့ လက်တွန်းလှည်းဖြင့်တင်၍လည်း လူစည်ကားရာဈေးများတွင် ရောင်းချခြင်းအပြင် ရပ်ကွက်များသို့သွားရောက်၍လည်း လှည့်လည်ရောင်းချခြင်းများရှိပါသည်။ လက်ဖက်ရည်အမြည်းပန်းကန်အရွယ် ဘိန်းမုန့်တစ်ချပ်လျှင် ၃၀၀ကျပ်ဖြင့်ရောင်းချပါသည်။

  ဘိန်းမုန့်ကို နံနက်ခင်းအချိန်တွင် အဆာပြေစာအဖြစ် စားသုံးကြသကဲ့သို့ နေ့လယ်နေ့ခင်းတွင် အပျင်းပြေစေရန် ရေနွေးကြမ်းဖြင့်လည်းစားသုံးကြပါသည်။ ဘိန်းမုန့်သည် လူကြီး/ လူငယ်မရွေးကြိုက်နှစ်သက်သည့် အစားအစာတစ်ခုဖြစ်သဖြင့် ရောင်းရကြောင်း ဘိန်းမုန့်ရောင်းသူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)

 

                            

ထန်းတပင်ဒူးရင်းသီးအကြောင်း တစေ့တစောင်း

   ယခုအချိန်သည် ဒူးရင်းသီးများလှိုင်လှိုင်ပေါ်နေသည့်အချိန်ဖြစ်ပါသည်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်သို့ဝင်ရောက်လာသော ဒူးရင်းသီးများမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ဒေသမှ အများဆုံးဖြစ်ပါသည်။

    သပြေညွန့်ဒူးရင်းသီးများမှာ စားဖူးသူတိုင်း စွဲလမ်းနှစ်သက်ကြပါသည်။ သပြေညွန့် ဒူးရင်းသီးမှာ အစေ့သေးပြီး အသားထူသဖြင့် နာမည်ကြီးပါသည်။ ၎င်းဒူးရင်းသီးများကို ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း ထန်းတပင်မြို့သို့သယ်ယူကြပါသည်။

 ယခုအခါ ဒူးရင်းသီးများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိပါသဖြင့် ဒူးရင်းသီးစိုက်တောင်သူများမှာ ဝင်ငွေကောင်းကြောင်းသိရပါသည်။ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ဒေသမှထွက်သော်လည်း ထန်းတပင်မြို့တွင် အရောင်းအဝယ်ဖြစ်သဖြင့် ထန်းတပင်ဒူးရင်းသီးဟု လူသိများပါသည်။

    ၎င်းဒူးရင်းသီးများကို ထန်းတပင်မြို့မှ တောင်ငူမြို့၊ ဒူးရင်းသီးပွဲရုံများသို့ပို့ဆောင်ပြီး တောင်ငူမြို့မှတစ်ဆင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချရကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း‌ဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စားသုံးသူပြည်သူများသို့အများစားသုံးသော ဆန်များအားစျေးကွက်ပေါက်စျေး အောက်သင့်တင့်မျှတသော စျေးနှုန်းဖြင့် ရောင်းချပေး‌နိုင်ရေးအတွက် (၃.၈.၂၀၂၃) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ မကွေးမြို့နယ်ရှိဆန်/စပါးရောင်းဝယ်ဖောက်ကားသူ ကုန်သည်များနှင့်တွေ့ဆုံပြီး ပြည်သူများသို့ အခြေခံစားကုန်ဖြစ်သည့် ဆန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရေး ဆွေးနွေးခဲ့ပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီ၊ ဆေးဝါးနှင့်‌ ဆေးပစ္စည်းများ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် နေ့စဉ်ရောင်းချ သည့် စျေးနှုန်းများအား ကောက်ယူပြီး ပြည်ထောင်စုကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ နေ့စဉ်တင်ပြပေးလျှက်ရှိပါကြောင်း မကွေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တစ်ပါတ်လျှင်တစ်ကြိမ် အခြေခံစားကုန်များဖြစ်သည့် (ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ အသားများလည်း ရောင်းချပေးလျှက် ရှိနေပါကြောင်း မကွေးမြို့နယ်ဆန်ကုန်သည်များအသင်းမှလည်း ပြည်သူများအား ဆန်များကို စျေးကွက်ပေါက်စျေးအောက် သင့်တင့်မျှတသော စျေးနှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးရန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးနှင့်ညီနောင်အသင်းဖြစ်သည့် မကွေးမြို့နယ် ဆန်ကုန်သည်များအသင်း ဥက္ကဌ ဦးညွှန့်ဝင်းနှင့် အသင်းသူ/အသင်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး နှစ်စဉ် (၈)လ ပိုင်း(၉)လပိုင်းကာလများသည် ဆန်‌ဟောင်းရှားပါးပြီး ဆန်သစ်မပေါ်မီကာလဖြစ်၍ ဆန်စျေးနှုန်း အနည်းငယ်မြင့်တက်နေကြဖြစ်ပါကြောင်း လက်ရှိကုန်စျေးနှုန်းများ မြင့်တက်နေချိန် ပြည်သူများ သက်သာစေရန် မကွေးမြို့နယ် ဆန်ကုန်သည်များအသင်းမှ အခြေခံလူတန်းစားများ အများဆုံး ဝယ်ယူစားသုံးသော ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်အား လူတစ်ဦးလျှင် ဆန်တစ်ပြည် (၂၅၀၀)ကျပ်ဖြင့် ဆန်တစ်အိတ် (၁၂၀၀၀)ကျပ် အရှုံးခံပြီး တစ်ပတ်လျှင် ဆန်(၁၅)အိတ်အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဖြူးမြို့၏ ဝါးဈေးနှုန်းဈေးကွက်အခြေအနေ

  တောင်ငူခရိုင်၊ ဖြူးမြို့၊ သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်းပိုင်၏ ဝါးဆိုင်တွင် ဝါးအမျိုးအစား စုံလင်စွာရောင်းချပေးလျက်ရှိပါသည်။ ထို့ပြင် ဝါးနှင့်ဆက်စပ်ပစ္စည်းများဖြစ်သည့် ဝါးထရံ၊ ဝါး ကုလားထိုင်များနှင့် ဝါးနှီးများကိုလည်းရောင်းချပေးလျက်ရှိပါသည်။

  ဝါးအမျိုးအစားများအနေဖြင့် အရှင်ဝါး၊ ဝါးနက်၊ ဝါးကြီးများကို အဓိကရောင်းချပေးနေကြောင်းနှင့် ဈေးနှုန်းများအနေဖြင့် အရှင်ဝါးတစ်လုံးလျှင် ၃၀၀ကျပ်မှ ၃၅၀ကျပ်အထိ၊ ဝါးနက် အလုံးချောတစ်လုံးလျှင် အကြီး/ အလတ်/ အသေးအပေါ်မူတည်၍ တစ်လုံးလျှင် (၈၀၀ - ၉၀၀ - ၁၀၀၀) ကျပ်၊ ဝါးကြီးအချောတစ်လုံးလျှင်လည်း အကြီး/ အလတ်/ အသေးအပေါ်မူတည်၍ တစ်လုံးလျှင် (၁၇၀၀ - ၁၈၀၀ - ၂၀၀၀) ကျပ်ဈေးတို့ဖြင့်  ရောင်းချပေးလျက်ရှိပါသည်။

   အရှင်ဝါးမှာ ဝါးသေးဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် စင်ထိုး၍ပေးရသောအပင်များအတွက် အသုံးပြုနိုင်ပါသည်။ ဝါးနက်မှာထရံရက်ရာတွင် အသုံးပြု၍ရသကဲ့သို့  နေအိမ်များဆောက်လုပ်ရာတွင် ဆင့်အဖြစ်အသုံးပြု၍လည်းရပါသည်။ ဝါးကြီးမှာ အိမ်များတွင် ကြမ်းခင်းခြင်းနှင့် ခြံစည်းရိုးကာရံသည့်အခါတို့တွင် အသုံးပြုနိုင်ပါသည်။

   သပြေလှကျေးရွာ၊ ဦးချစ်ဖြိုးဝင်း၏ ဝါးဆိုင်တွင် ဒေသပတ်ဝန်းကျင်ရှိ မြို့များဖြစ်သော ကညွတ်ကွင်း၊ ညောင်ပင်သာနှင့် တောကျွဲအင်းမြို့များမှ ဖောက်သည်များကလည်း လာရောက်ဝယ်ယူကြပါသည်။ ပွင့်လင်းရာသီဖြစ်သောနွေရာသီတွင် ဝါးမှာ ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း လေ့လာခဲ့မှုကိုသိရှိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့၌ စက်သုံးဆီစျေးနှုန်းများ အနည်းငယ်မြင့်တက်လာ

        မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

       မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်)တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်းများမှာ ဓါတ်ဆီ (92) (၁)လီတာလျှင် (၂၂၈၀) ကျပ်၊ ဓါတ်ဆီ (95)(၁)လီတာလျှင် (၂၃၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် (၂၃၆၀)ကျပ်နှင့် ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် (၂၄၃၅)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပါသည်။

       ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ(ပထမအပတ်)တွင်ဖြစ်ပေါ်လျှက်ရှိသော စက်သုံးဆီစျေးနှုန်းများမှာ ဓါတ်ဆီ (92) (၁)လီတာလျှင် (၂၃၀၅)ကျပ်၊ ဓါတ်ဆီ (95)(၁)လီတာလျှင် (၂၄၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် (၂၄၅၅)ကျပ်နှင့် ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် (၂၅၃၀)ကျပ်ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ (92) (၁)လီတာလျှင် (၂၅)ကျပ်၊ ဓါတ်ဆီ (95)(၁)လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် (၉၅)ကျပ်နှင့် ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် (၉၅)ကျပ်ဖြင့် စျေးနှုန်း အသီးသီးမြင့်တက်လျှက်ရှိပြီး စက်သုံးဆီလက်ကျန်အနေဖြင့် နေ့စဉ်လည်ပတ်ရောင်းချအောင် ကျန်ရှိနေကြောင်းနှင့် စက်သုံးဆီစျေးနှုန်းအနည်းငယ်မြင့်တက်လာသဖြင့် ဆိုင်များအနေဖြင့် နေ့စဉ်ရောင်းချရသည့် အရေအတွက်ထက် အနည်းငယ်ရောင်းအားကျလာကြောင်း လေ့လာသိရှိရပါသည်။

DOCA (မကွေး)

တောင်ငူမြို့တွင် ကြက်ဥဈေးအနည်းငယ်တက်နေ

   တောင်ငူမြို့၊ ကန်လမ်းရှိ 555 စီပီကြက်အစာနှင့် ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့တွင် ကြက်ဥတစ်လုံးလျှင် အကြီးအသေးအလိုက် အသေးတစ်လုံးလျှင် ၂၄၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၇၀ကျပ်ဈေးနှုန်းတို့ရှိခဲ့ပါသည်။

   ယခင်တွင် ကြက်ဥတစ်လုံးလျှင် ၂၄၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လကုန်နှင့် ဩဂုတ်လအစတွင် ၂၇၅ ကျပ်အထိဈေးနှုန်းမြင့်တက်သွားခဲ့ပြီး ၂၇၀ကျပ်တန်ကြက်ဥတစ်လုံးလျှင် ၃၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်သွားခဲ့ပါသည်။

  ကြက်ဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသောရုံးဝန်ထမ်းများ အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း တောင်ငူမြို့၊ ကန်လမ်းရှိ 555 ကြက်ဥအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

 

မကွေးတိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲ ဈေးနှုန်းဈေးကွက် အခြေအနေ

         မကွေးတိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲသို့ ဈေးနှုန်းဈေးကွက်အခြေအနေသိရှိရန် (၂၇.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စလင်းမြို့၊ ရွှေမန်းကဇာတ်ရုံရှိ ရောင်းဝယ်ရေးစင်တာသို့ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်နှင့်ဝန်ထမ်းများ သွားရောက်လေ့လာခဲ့ပါသည်။

     မကွေးတိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စလင်းမြို့ရှိ ဝယ်ယူရေးစင်တာကို (၁.၇. ၂၀၂၃)နေ့မှ စတင်ဖွင့်လှစ်ဝယ်ယူပြီး (၃၁.၇.၂၀၂၃)ရက်နေ့ထိ ဝယ်ယူသွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူရေးစင်တာသို့ စလင်းမြို့ တောင်ဘက်တောစိမ့်၊ကူတို၊မကျီးပင်ပု၊ ကြူစန်းကျေးရွာရှိ တောင်သူများနှင့် စလင်းမြို့အနောက်ဘက် ပေါင်းတူး၊ မြေနီကုန်း၊ ဆင်ကျုံးကျေးရွာရှိ တောင်သူများစသည့် ကျေးရွာ(၁၅)ရွာမှ တောင်သူများ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

        အဖွဲ့အနေဖြင့် တောင်သူများထံမှ ဝယ်ယူရာတွင် နှမ်းနက်(စမုံ)၊ သိပ္ပံနှမ်းနက်နှင့် နှမ်းဖြူ (ဂျပန်)ဖြစ်ကာ နှမ်းတစ်မျိုးခြင်းအလိုက် Grade A၊ B၊ C ခွဲခြားသတ်မှတ်၍ ဝယ်ယူကြောင်း၊ Grade Aနှင့် Bတွင် နှမ်း(၁)တင်းလျှင် (၂၀၀၀)ကျပ်ခန့်နှင့် GradeC တွင် (၄၀၀၀)ကျပ်ခန့် ဈေးနှုန်းကွာခြားမှုရှိကြောင်းနှင့် နှမ်း(အခြား)သတ်မှတ်ရာတွင် (၁)တင်းလျှင်(၁၀၀၀၀)ကျပ်ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

          နှမ်းအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများ အသီးသီးကွာခြားမှုရှိကြောင်းတွေ့ရှိရပြီး စင်တာအနေဖြင့် (၁)ရက်လျှင် တင်း(၁၀၀)မှ (၁၂၀)ခန့် ဝယ်ယူရပြီး ယနေ့ထိ (၃၂၀၀) တင်းခန့် ဝယ်ယူပြီးဖြစ်ကြောင်း၊ ဝယ်ယူပြီးနှမ်းများကို မန္တလေးရှိ Exporter ထံသို့ တင်ပို့ရကြောင်း၊ စလင်းမြို့မှ မန္တလေးမြို့သို့တင်ပို့ရာတွင် ကားသယ်ယူခ နှမ်း(၁)ပိဿာလျှင် (၅၈)ကျပ်နှုန်းဖြင့် (၆)ဘီးကား(၁)စီးလျှင် နှမ်းအိတ်ရေ(၂၂၀)အိတ်ထိ တင်ပို့နိုင်ပြီး ယနေ့နှမ်း(၁)တင်း ဝယ်ဈေးအနေဖြင့် Aထိပ်စ (၁)တင်းလျှင်(၁၂၂၀၀၀)ကျပ်နှင့် နှမ်းနက်(စမုံ) (၁၁၆၀၀၀)ဖြစ်ကြောင်း အဝယ်တာဝန်ခံဦးမြင့်ဆွေထံမှသိရှိရပါသည်။

DOCA (မကွေး)

ဈေးကောင်းပေးဝယ်နေသော ပရဆေးကုန်ကြမ်း ရှည့်မတက်ဥ

  ရွှေမြန်မာတို့၏ ပရဆေးကုန်ကြမ်းများကို တောင်ကိုရီးယားနိုင်ငံကဝယ်ယူနေကြောင်း သတင်းကောင်းကြားသိရပါသည်။ တောင်ကိုရီးယားနိုင်ငံကဝယ်ယူသည့် ပရဆေးအမယ်သစ်များမှာ ချဉ်ပေါင်ဖာလာ၊ ဆပ်သွားသီး၊ ရှည့်မတက်ဥ၊ ဆင်တုံးမနွယ်၊ ဆီမီးတိုင်၊ ဝံအူမြစ်၊ ကန့်ဂလူ၊ မိုးမျှော်ဥ၊ မကပ်သီး၊ စမုံညို၊ တောထန်းမြစ်နှင့် ကြောင်လျှာစေ့တို့ဖြစ်ပါသည်။ တောင်ငူမြို့ရှိ Myanmar Green Farm Co.,Ltd သည် ပရဆေးကုန်ကြမ်း ရှည့်မတက်ဥများကိုဝယ်ယူနေပါသည်။

 ရှည့်မတက်ဥအစိုတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့်ဝယ်ယူပါသည်။ ရေတာရှည်မြို့နယ်၊ သာဂရအနောက်ဘက်ခြမ်းနှင့် ဆွာအနောက်ဘက်ခြမ်းတို့တွင်ထွက်ရှိသဖြင့် ၎င်းဒေသများမှ ဝယ်ယူရရှိပါသည်။ ကုန်ကြမ်းလိုအပ်ပါက ရှမ်းပြည်နယ် (တောင်ပိုင်း) မှလည်းမှာယူပါသည်။ ရှည့်မတက်ဥကို မြန်မာနိုင်ငံဒေသအတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ မျိုးတုံးသွားခြင်းမျိုးမဖြစ်ပါ။ ရှည့်မတက်ဥပင်သည် အသီး၊ အစေ့၊ အပင်တွင် ဥရှိသည့်အတွက် တူးထားသည့်နေရာများမှ ရှည့်မတက်ဥအကျန်ရှိလျှင် မိုးကျသည်နှင့် အပင်ပြန်ပေါက်လာတတ်ပါသည်။

    ရှည့်မတက်ဥများကို ကုန်ကြမ်း (ဥ) အတိုင်း တင်ပို့ရောင်းချခြင်းမရှိပါ။ ဝယ်ယူရရှိသည့်ရှည့်မတက်ဥများကို ပီပါပိုင်းဖြတ်၍ လုပ်ထားသည့်အိုးထဲသို့ထည့်ကာ ထင်းမီးဖိုဖြင့် ၄၅မိနစ်ခန့်ပြုတ်ရပါသည်။ ပြုတ်ပြီးသောရှည့်မတက်ဥများကို လုပ်သားများဖြင့်အခွံချွတ်ရပါသည်။ အခွံချွတ်ထားသောရှည့်မတက်ဥများကို အခြောက်မြန်စေရန် အစိတ်အပိုင်းလေးများရရှိအောင်ပြုလုပ်ရပါသည်။ မိုးရာသီတွင် နေလှန်းအခြောက်ခံ၍မရသောကြောင့် မီးသွေးမီးဖိုဖြင့် အခြောက်ခံရပါသည်။

    ရှည့်မတက်ဥခြောက်ကို ကုန်ချောအဖြစ်ရရှိပါက တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့်ရောင်းရပါသည်။ အစို ၆ပိဿာလျှင် အခြောက်တစ်ပိဿာရပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ (Busan) သို့ ပိဿာ၆၅၀တင်ပို့ရောင်းချရကြောင်း Myanmar Green Farm Co.,Ltd မှ တာဝန်ရှိသူ၏ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

                                     

မင်းဘူးမြို့မဈေးအတွင်းရှိ ဆန်၊ စားသုံးဆီ၊ စားဖိုဆောင်သီးနှံ ဈေးနှုန်းဈေးကွက်အခြေအနေ

    ၂၀၂၃ခုနှစ်ဇူလိုင်လ(စတုတ္တပတ်)တွင် မင်းဘူးမြို့မဈေးအတွင်းရောင်းချလျှက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ဧရာပဒေသာဆန်(၁)အိတ်လျှင်ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင်ကျပ် (၇၅၀၀၀ -၈၀၀၀၀)ဖြစ်ပြီး ဩဂုတ်လ(ပထမပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၂၀၀၀၀)ဖြစ်၍ ဧရာပဒေသာဆန်မှာယခုအပတ်တွင် ဈေးအနည်းငယ်တက်နေကြောင်း၊ မနောသုခဆန်(၁)အိတ်လျှင်ကျပ် (၇၅၀၀၀-၈၀၀၀၀)ဖြစ်၍ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ရောင်းချနေသော ဆန်ဈေးသည်ထံမှသိရှိရပါသည်။

        ကြက်သွန်နီ (၁)ပိဿာလျှင်ကျပ် (၂၂၀၀)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရောင်းချကြောင်း စားဖို ဆောင်သီးနှံ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်ခြောက်ရှည် (၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ နနွင်းတက် (၁)ပိဿာလျှင်ကျပ် (၅၀၀၀)ဖြစ်ပြီး  ယခင်ပတ်ထက် ဈေးအနည်းငယ်ငြိမ်နေကြောင်း  တွေ့ရှိရပါသည်။

   စားသုံးဆီဈေးနှုန်းမှာ နှမ်းဆီ(၁)ပိဿာလျှင်ကျပ် (၁၃၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင်ကျပ် (၈၅၀၀)ဖြစ်ပြီး နှမ်းဆီနှင့်ပဲဆီ ဈေးငြိမ်နေကြောင်း စားအုန်းဆီ ဈေးအနည်းငယ်တက်နေကြောင်း  ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA (မကွေး)

ဆိပ်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ဈေးနှုန်း ဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအစောပိုင်းတွင် ကြက်သွန်နီ ဈေးနှုန်းကျဆင်းရာမှ ဇူလိုင်(စတုတ္ထပတ်)တွင် ဈေးနှုန်းပြန်လည် မြင့်တက်လာကြောင်းသိရှိရသည်။ဈေးကွက်အနေဖြင့် ဇူလိုင်(ပထမ)ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၉၅၀)မှ အနိမ့်ဈေး ကျပ်(၁၆၅၀)၊ ဇူလိုင်(ဒုတိယ)ပတ်တွင် အမြင့်ဈေး ကျပ်(၁၈၅၀)မှ အနိမ့်ဈေး ကျပ်(၁၆၅၀)၊ ဇူလိုင်(တတိယ)ပတ်တွင် အမြင့်ဈေး ကျပ်(၁၈၅၀)မှ အနိမ့်ဈေး ကျပ်(၁၇၂၅)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇူလိုင်(စတုတ္ထပတ်)တွင် အမြင့်ဈေး ကျပ်(၂၀၂၅)မှ အနိမ့်ဈေး ကျပ်(၁၉၀၀)ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

      ဇူလိုင်(စတုတ္ထပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်သို့ တစ်ရက်ကုန်ချိန်(၁၅၀၀၀)ခန့်သာဝင်ရောက်ပြီး ဒေသတွင်းကြက်သွန်နီကုန်ချိန်ပိဿာ လက်ကျန်နည်းပါးသွားပြီဖြစ်၍ ကုန်ဝင်နည်းသွားကြောင်း သိရှိရပါသည်။

      ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများကို နေ့စဉ်ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် (ကုန်စည်ဒိုင်)၊ ပြည်မြို့၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့များမှ တဆင့် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

      ဇူလိုင်လအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)ဈေးကွက်သို့ ကားအစီးရေ (၁၂)ဘီးကား (၈၀)စီး ကုန်ချိန်ပိဿာ (၈)သိန်းခန့်၊ မြဝတီမြို့ တွဲကား (၃၃)စီး၊ ပိဿာ (၆)သိန်း၊ မူဆယ်မြို့(၁၂)ဘီးကား (၄)စီး၊ ပိဿာ (၄)သောင်းခန့်၊ မော်လမြိုင်မြို့ (၁၂)ဘီးကား (၃)စီး၊ ပိဿာ (၃)သောင်းခန့်၊ ပြည်မြို့ (၆)ဘီးကား(၂၂)စီး၊ ပိဿာ(၁)သိန်းခွဲ၊ ပုသိမ်မြို့ (၆)ဘီးကား (၂၄)စီး၊ ပိဿာ (၂)သိန်း စုစုပေါင်း ကြက်သွန်နီပိဿာ (၁၈)သိန်းခန့်၊ တန်ချိန် (၂၉၃၉)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA (မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း