သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် ဦးဆောင်၍ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၃၀) ဦးအား စားသုံးသူကာကွယ်ရေးဉပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၈.၂၀၂၂) ရက်နေ့ (၂း၀၀) နာရီအချိန်၌ မုံရွာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိညာပေး ဟောပြောပွဲ ဆောင်ရွက်ရာ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်း (၉)ဦး ၊ သင်တန်းသား (၆) ဦး စုစုပေါင်း (၁၆)ဦး တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ သွားတိုက်ဆေးအမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော သွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် (၁:၀၀) နာရီအချိန်တွင် အ.ထ.က (၆) မော်လမြိုင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။