ကုန်သွယ်မှုသတင်းများ
ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀) ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၂:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် မတ်ပဲများ စတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရရှိနေပါကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။
မကြာသေးမီက ထွက်ရှိလာသည့် သတင်းများအရ တရုတ်နိုင်ငံရှိ စက်ရုံ (၃) ခုက ထိုင်း စံပယ်ဆန်ကို အတုအပပြုလုပ်ခဲ့ကြောင်းနှင့် အခြားသောဆန်များကို အရသာမြှင့်တင်သည့် အနံ့၊ ပစ္စည်းများဖြင့် ပြုပြင်ရောင်းချနေသောကြောင့် ကုန်စည်ထုပ်ပိုးမှုများပေါ်တွင် အသိအမှတ်ပြု တံဆိပ်များအား စစ်ဆေးလျက် ဝယ်ယူသုံးစွဲရန် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က စားသုံးသူများအား အကြံပြု ပြောကြားထားပါသည်။

ထိုင်းအာဏာပိုင်များသည် တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိ စက်ရုံသုံးခုအပေါ် စံပယ်ဆန်အတုများ ရောင်းချခဲ့မှုအတွက် စွဲချက်တင်ရန် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူသူများ ထိုင်းစံပယ်ဆန်စစ်စစ်၏ အရည်အသွေးကို သိရှိနားလည်စေရန်အတွက် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်း အင်ဆာကူ က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းအပင်အိုများ ရှိခြင်းကြောင့် စားအုန်းဆီဈေးကွက် အကျပ်အတည်းဖြစ်နိုင်ကြောင်း မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးသူများအဖွဲ့က ခန့်မှန်းထားပါသည်။
