ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

၂၀၂၃-ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ် (၉၆၀၀၀)ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၉၃၀၀)ကျပ် ရှိကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။