ကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်အတွင်း ပြည်တွင်း ဆန်ထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁၉ ဒသမ ၄ သန်းအောက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းရန်နှင့် အရန်ထားရှိမှုကို မြှင့်တင်ရန်အတွက် ကြားကာလအစိုးရသည် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၂၇၇ ခုသို့ စုစု ပေါင်း ဆန်တန်ချိန် ၁၄.၈၁ သိန်းကို တင်သွင်းရန် ခွဲဝေခွင့်ပြုပေးခဲ့ကြောင်း The Daily Star သတင်းဌာနက ဖော်ပြပါသည်။
မလေးရှားနိုင်ငံ အစိုးရသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် စားအုန်းဆီကြမ်းတင်ပို့မှု ပို့ကုန်အခွန်ကို ၈% မှ ၁၀% သို့ တိုးမြှင့်လိုက်ပြီး ရည်ညွှန်းဈေးနှုန်းကိုလည်း မြှင့်တင်ခဲ့ကြောင်း အစိုးရအင်ဂျင်စီတစ်ခုဖြစ်သည့် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့၏ ၁၉-၁၁-၂၀၂၄ နေ့ ထုတ်ပြန် သည့် စာစောင်တွင် ဖော်ပြချက်ကို ကိုးကားလျက် The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

ထိုင်းနိုင်ငံ၌ တောင်သူလယ်သမားများအား ကူညီပံ့ပိုးရန်အတွက် အမျိုးသား ဆန်စပါး မူဝါဒကော်မတီ(NRPC)မှ အတည်ပြုထားသည့် အစီအမံများအား အကောင်အထည်ဖော်ဆောင်မှု နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီအသစ်အတွက် စပါးဈေးနှုန်းများကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု အဆိုပါဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wittayakorn Maneenetr က ပြော ကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၁၃ နှစ်ကြာ ကုန်သွယ်ရေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး မကြာသေးမီကာလ၌ ဂျပန်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ရာ လာမည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ဟက်စ် (Hass) အမျိုးအစား ထောပတ်သီးကုန်ချိန် ကီလိုဂရမ်ပေါင်း ၅ သိန်းခန့်ကို တင်ပို့သွားရန် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။