ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Jul 2023

အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများ မြင့်တက်လာသည့်ကာလအတွင်း အိန္ဒိယအစိုးရအနေဖြင့် မကြာမီကျင်းပမည့် လေလံပထမအသုတ်တွင် စားသုံးသူအုပ်စုနှင့် ကုန်သည်များကို အရန်သိုလှောင်ထားသည်များအနက်မှ ဆန်တန်ချိန် ၅ သိန်းနှင့် ဂျုံတန်ချိန် ၄ သိန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းကျောင်းသည့် ဗဟိုအစိုးရ၏ ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း  Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

04 Jul 2023

ထိုင်းနိုင်ငံအနေဖြင့် ယခင်နှစ်ကပြည်ပသို့ ပီလောပီနံနှင့်ပီလောပီနံထုတ်ကုန် ၁၁ သန်းတင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးခေါင်မှုဒဏ်ကြောင့် အထွက်နှုန်းကျဆင်းကာ ပြည်ပသို့ ပီလောပီနံတန်ချိန် ၉ သန်းခန့်သာ တင်ပို့သွားနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

04 Jul 2023

ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင် ဈေးကွက်သို့ ပထမဆုံးအကြိမ် အဖြစ် ဆန်တန်ချိန် ၂၅၇၅ ခန့် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ Mr. Oknha Chan Sokheang က (၂၆-၆-၂၀၂၃) တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုဈေးကွက် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ကမ္ဘောဒီးယား ဆန်ဈေးကွက်ရှာဖွေရန် အမြဲကြိုးစားနေသည့် ခမာစားနပ်ရိက္ခာအဖွဲ့နှင့် တော်ဝင် အစိုးရ၏ ပထမဆုံးအကြိမ် အကြီးစားတင်ပို့မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Mr. Sokheng က ပြောကြားခဲ့သည်။

04 Jul 2023

ပြည်တွင်း၌ ဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန် ချိန်ညှိသည့် နည်းလမ်းတစ်ရပ်အဖြစ် ပြည်ပမှတင်သွင်းသော ပဲစင်းငုံများ အများအပြား ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာချိန်အထိ နိုင်ငံတော် အရန်ရိက္ခာထားရှိမှုမှ ပဲစင်းငုံများကို ရောင်းချပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

27 Jun 2023

မလေးရှားနိုင်ငံ၏  ဆီအုန်းအကြီးဆုံးထုတ်လုပ်သည့် ဆာဗားပြည်နယ်ရှိ ဆီအုန်းနယ်မြေများသည် အယ်လ်နီညို၏ အစောပိုင်းကာလ အရိပ်ငွေ့များကြောင့် စိုက်ပျိုးရေပြတ်လပ်မှုကို ကြုံတွေ့လာရခြင်း၊ အထွက်နှုန်းများ လျော့ကျလာခြင်း၊ အစေ့အဆံ ဖြစ်ထွန်းမှု ပိုမိုဆိုးရွားစွာ လျော့ကျလာခြင်းတို့အပြင် လွန်ခဲ့သော ၃ နှစ်ကတည်းက လုပ်သားအင်အားမှာလည်း ပြတ်လပ်လာကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

27 Jun 2023

အိန္ဒိယနိုင်ငံ၌ လတ်ဆတ်သီးနှံ တင်သွင်းသည့်လုပ်ငန်းများအနက် အဓိကဦးဆောင်သူ ကုမ္ပဏီတစ်ခုဖြစ်သော  IG International သည် ဩစတေးလျထောပတ်သီးများကို ပထမဆုံးအကြိမ် စမ်းသပ်တင်သွင်းမှုအနေဖြင့် မွန်ဘိုင်းဈေးကွက်သို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။ 

27 Jun 2023

ကမ္ဘောဒီးယားနိုင်ငံသည် ဦးစားပေး စက်မှုလယ်ယာသီးနှံတစ်မျိုးဖြစ်သော သီဟိုဠ်စေ့၏ ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို တိုးမြှင့်နိုင်ရေးအတွက် အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ (၂၀၂၂-၂၀၂၇) ကို ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

27 Jun 2023

အိန္ဒိယနိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ တောင်းဆိုလာမှုအရ ဧပြီလ ၁ ရက်နေ့မှ စတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အင်ဒိုနီးရှား၊ ဆီနီဂေါနှင့် ဂမ်ဘီယာနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ဇွန်လ ၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြောကြားခဲ့ပါသည်။

27 Jun 2023

ယခုနှစ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် သီးနှံရိတ်သိမ်းရရှိနိုင်မှု ကျဆင်းမည့် ဘေးအန္တရာယ်မြင့်မားလာသည့် အခြေအနေတွင် အဓိကစားနပ်ရိက္ခာများ လုံလောက်မှုရှိရန် လိုအပ်ချက်အပေါ် စီမံဆောင်ရွက်မှုအဖြစ် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန် သဘောတူညီခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားခဲ့သည်။

27 Jun 2023

ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆန်တန်ချိန် ၄ သန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းအထိ မြှင့်တက်တင်ပို့လာခဲ့ကြောင်း Bangkok Post  သတင်းဌာနက ဇွန်လ ၂၁ ရက်နေ့၌ ဖော်ပြပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ယှဉ်ပြိုင်စွမ်းအားတိုးမြှင့်အောင် ကြိုးစားဆောင်ရွက်လျက်ရှိရာ ဈေးကွက်ဝယ်လိုအားကို ဖြည့်တင်းနိုင်ရေးအတွက် ဆန်မျိုးစိတ်အသစ်များ အရှိန်မြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အပြင် လာမည့်နှစ်တွင် ဆန်မျိုးစိတ်အသစ်ပေါင်း ၃၀ ကို မိတ်ဆက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

27 Jun 2023

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံအများအပြားက အလျင်စလို ဝယ်ယူစုဆောင်းနေကြသဖြင့် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်မားလာပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းကျော်သို့ ရောက်ရှိလာနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားခဲ့သည်။

27 Jun 2023

ဘရာဇီးနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဝါဂွမ်းတင်ပို့မှုပမာဏသည် လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံကို ကျော်လွန်မည်ဟု ခန့်မှန်းထားပြီး အဓိကကုန်စည်များကို ကုန်သွယ်မှုပြုရာတွင် တရုတ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်ငွေကို အသုံးပြုသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း ဘရာဇီး ဝါသီးနှံစိုက်ပျိုးသူများအသင်း၏ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Marcelo Duarte Monteiro က ဇွန်လ ၁၆ ရက်၊ သောကြာနေ့တွင် Global Times သတင်းစာသို့ ပြောကြားခဲ့ပါသည်။

Pages