![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄_8.jpg?itok=JGWSd9BK)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြသော်လည်း ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပါသည်။ ပြောင်းသီးနှံကို ရေရရှိမှုနှင့် ဈေးကွက်လိုအပ်ချက်အရ တစ်နှစ်ပတ်လုံးလိုလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။
ယခုထွက်ရှိသော ပြောင်းဖူးများကို မတ်လပထမပတ်တွင် စတင်စိုက်ပျိုး၍ မေလပထမပတ်တွင် ခူးဆွတ်ရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇၅၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်အတွင်း ကုန်ကျကြောင်း သိရှိရ၍ ဈေးနှုန်း အခြေအနေမှာ ပြောင်းဖူးအစိမ်းတစ်ဖူးလျှင် ၁၈၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ ၁၀၀၀၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ပြောင်းဖူးဈေးကွက်အခြေအနေမှာ ဒေသတွင်း ရောင်းချရုံသာမက အခြားမြို့နယ်များမှ လာရောက် ဝယ်ယူမှုများလည်းရှိပါသည်။ ဒေသတွင်းအနေဖြင့် နတ်တလင်းမြို့နှင့် ပေါင်းတည်မြို့နယ်ကြား ရန်ကုန်-ပြည်လမ်း လမ်းဘေးဝဲယာတစ်လျှောက်တွင် ပြောင်းဖူးအစိမ်းကို (၁၀)ဖူးစည်း အစည်းလိုက်သော်လည်းကောင်း၊ အသင့်စားရန် မီးဖုတ်၍သော်လည်းကောင်း၊ ခြွေပြီးသားပြောင်းစေ့ကို ကြော်၍သော်လည်းကောင်း၊ လှော်၍သော်လည်းကောင်း ရောင်းချကြပါသည် ။
ထိုသို့ရောင်းချရာတွင် ပြောင်းစိုက်တောင်သူကိုယ်တိုင် ရောင်းချခြင်းမျိုးအပြင် ကျေးရွာရှိ ပြောင်းစိုက်တောင်သူများထံမှတစ်ဆင့် ဝယ်ယူရောင်းချခြင်းများလည်းရှိပါသည်။ တစ်ဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချရာတွင် ပြောင်းဖူးအစိမ်း (၁၀)ဖူးစည်း တစ်စည်းကို ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်နှုန်း၊ အသင့်စား မီးဖုတ်ပြီးသား တစ်ဖူးလျှင် ၂၅၀ ကျပ်နှုန်း၊ ပြောင်းဖူးအစေ့ကျော် တစ်ပြည်လျှင် ၅၅၀ ကျပ်နှုန်း၊ ပြောင်းဖူးစေ့လှော် တစ်ပြည်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ပြောင်းစိုက်တောင်သူများအနေဖြင့် ဈေးနှုန်းဈေးကွက် အကျိုးအမြတ်ရရှိသည် ဖြစ်သဖြင့် ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။
DOCA(ပဲခူး)