
သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီး တစ်မျိုးလည်းဖြစ်ပါသည်။ ဩဇာပင်များကိုအစေ့ပျိုး၍လည်းကောင်း၊ အကိုင်းကို မြေထုပ်ဆွဲနည်း ဖြင့်လည်းကောင်း၊ ကိုင်းကူးနည်းဖြင့်လည်းကောင်း အပင်ပျိုး၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍ စိုက်ခြင်းသာပြုကြသည်။ ပြည်ခရိုင်တွင် ဩဇာပင်ကို စီးပွားရေးလုပ်ငန်းတစ်ရပ် အနေဖြင့် ကြီးကြီးကျယ်ကျယ် စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ပြည်ခရိုင်အတွင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ တောင်ကုန်း တောင်စွယ်များ၏ အရှေ့ဘက်တောင် စောင်းတစ်လျှောက်တွင် ဩဇာခြံများကို အစီအရီတွေ့ကြရသည်။
ကဆုန်၊ နယုန်၌ အပွင့်များပွင့်၍ ဝါဆိုလတွင် သီးကင်းကလေးများ ထွက်သည်။ တော်သလင်းလ၊ သီတင်းကျွတ်လများတွင် ဩဇာသီးများလှိုင်လေသည်။ ဩဇာသီးသည်အမှည့် မြန်သော အသီးမျိုးဖြစ်၍ အပင်တွင် အက်ကွဲလာသည်အထိ မထားရချေ။ အထူးသဖြင့်နယ်များသို့ ပို့ရန် ဩဇာသီးများကို အသီး ရင့်ရင့်အနေ၌ ဆွတ်ခူးကြရသည်။ ဩဇာခြံအတွင်း အမှည့်ရောင် သမ်းလာသည့် အသီးများရှိသမျှကို အိမ်ရှိလူကုန်၊ နေကုန်သည်အထိ နိုင်အောင်ခူးကြရသည်။ သို့မဟုတ်က အက်ကွဲလာလျှင် အပင်မှ ပြုတ်ကျ၍ စားသုံးမရတော့ချေ။ ပြည်ခရိုင်ဩဇာသီးများသည် နာမည်ကြီးလှသည်။ ရာသီအလိုက် ပေါ်သော သစ်သီးဝလံမျိုးဖြစ်သည့်ပြင် ချိုချိုအေးအေး၊ အရသာ လေးသော ပြည်ဩဇာကို အများပြည်သူ တို့က ခုံခုံမင်မင်ဝယ်ယူစားသုံးကြသည်။ ဩဇာသီးတွင် ရွှေဒင်္ဂါးရောင်၊ နွယ်သာကီရောင်၊ မရမ်းရောင် ဟူ၍ အရောင်သုံးမျိုးရှိသည်။ ပြည်ခရိုင်အတွင်း တန့်ကြည့်တောင်၊ ကြက်တင်းတောင်၊ တောင်လုံးညို တို့မှ ဩဇာအထွက်ကောင်းရာ၊ တန့်ကြည့်တောင်ဩဇာ၊ ကြက်တင်းတောင်ဩဇာစသဖြင့် ထွက်ရှိရာအရပ်ကို အစွဲပြု၍ ခေါ်ဝေါ်ကြ သည်လည်းရှိသည်။ ယခုလ ဩဂုတ်လပထမပတ်မှစတင်၍ ပြည်မြို့ မြို့မ စည်ပင်သာယာ ဈေးကြီးနှင့် အခြားဈေးများတွင် ပေါ်ဦးပေါ်ဖျား ဩဇာသီးများကို ဈေးကောင်း ပေး၍ လက်ဆောင် ပေးခြင်း၊ ဝယ်ယူစားသုံးခြင်းကြောင့် ဈေးကောင်းရကြောင်း သိရပါသည်။ ဩဇာသီး အလုံး ချောတစ်လုံးလျှင် ကျပ် (၂၀၀၀)၊ အလုံးလတ် တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၇၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
